June 17, 2009

ပျောက်ဆုံးသားငယ် တပ်ထဲရောက်နေဟု မိဘများ ပြောဆို ကိုဝိုင်း ကြာသပတေးနေ့၊ ဇွန်လ 04 2009 17:24 - မြန်မာစံတော်ချိန်



ချင်းမိုင် (မဇ္ဈိမ)။ ။ ၅ လကျော် ပျောက်ဆုံးသော ၁၇ နှစ်သားအရွယ် သားငယ်၏ လက်ရေးနှင့် ရေးသားထားသည့် စာတစောင်အား မိဘများက ရရှိမှသာ သားဖြစ်သူသည် မွန်ပြည်နယ် သထုံမြို့ရှိ စစ်တပ်ထဲတွင် ရောက်ရှိနေကြောင်း ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ရွှေအင်ဒုံကျေးရွာအုပ်စုရှိ လက်ပံသုံးခွရွာသစ်မှ မိဘများ အပြောအရ သိရသည်။

ယခုအခါ သူတို့က သားရှိနိုင်သည့် သထုံမြို့ ခြေလျင်တပ်ရင်း - ခလရ ၁၁၈ သို့ သွားရောက်စုံစမ်းရန် စီစဉ်နေကြပြီဖြစ်သည်။

‘မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသူ ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီးထိန်းသိမ်းရေး လုပ်ငန်းကော်မတီ’ ဖွဲ့စည်းထားပြီး ဥပဒေထုတ်ပြန်၍လည်း မြန်မာစစ်အစိုးရက တားဆီးပိတ်ပင်ထားသည်။ သို့သော် လက်တွေ့တွင်မူ မြန်မာတပ်မတော်ထဲတွင် ကလေးစစ်သား အမြောက်အမြား ရှိနေကြောင်း နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့များက ထုတ်ပြန်ဖော်ပြကြသည်။

မဇ္ဈိမသတင်းထောက် ကိုဝိုင်းက ပျောက်ဆုံးနေသည့် ကလေး၏ မိဘနှစ်ပါးထံသို့ ဆက်သွယ်ကာ ကလေးငယ်ပျောက်ဆုံးပုံ၊ ပေးစာတစောင် ရောက်ရှိလာပုံနှင့် မည်ကဲ့သို့ ဆက်လက် ဆောင်ရွက်မည်များကို သိရှိနိုင်ရန်အတွက် မေးမြန်းထားသည်များကို တင်ပြလိုက်ပါသည်။
(ဖခင်ဖြစ်သူနှင့် ဆက်သွယ်မေးမြန်းချက်)
ကလေးပျောက်သွားပုံလေး မှတ်မိသလောက် ပြောပြပေးပါလားဗျာ။
ဒိုက်ဦး သံတံတား သူ့အဒေါ်တွေအိမ်ကိုလေ ဆွမ်းလောင်းဖို့ ဝက်သား ၆ ပိဿာကို စက်ဘီးနဲ့ သွားပို့ခိုင်းတာ။ သားသတ်က ဖမ်းပြီးတော့ စည်ပင်ရုံးကို ပို့လိုက်တာ။ ဝက်သားကိုက ရပ်ကွက်လူကြီးက ရောင်းစားလိုက်တယ်လေ။ စက်ဘီးက ဒိုက်ဦးမြို့ စည်ပင်ရုံးမှာပဲ ရှိတယ်။ ကလေးက အစအန မရတာ။ ကျနော်တို့ကို ဘာသတင်းမှလည်း မပို့ဘူး။ ပြီးခဲ့တဲ့နှစ် ၂၆ ရက်နေ့ ၁၂ လပိုင်းကနေ ဖမ်းသွားတာ။ ၂၈ ရက်နေ့ကျမှ ဟိုမေးဒီမေးနဲ့ အဲဒီ သတင်းရတယ်။
ကလေးက အသက်ဘယ်လောက်ရှိလဲ။ ကလေးကိုရော စည်ပင်ရုံးမှာ မတွေ့ဘူးလားခင်ဗျာ။
သူက ၁၇ နှစ်ပေါ့၊ ပျောက်သွားတုန်းက။ စည်ပင်ရုံးမှာ ကလေးက မရှိဘူး။ ဘယ်ရောက်မှန်း မသိဘူး။ ဒီလ ၂ ရက်ပိုင်း ကျတော့မှ ကျနော်တို့ဆီ စာတစောင်တော့ ရထားပေါ်က ပစ်ချသွားတယ်။ ၁၁ နာရီလောက်က။ ကျနော့်ဆီကို ရောက်တာက ညနေ ၅ နာရီလောက်မှ။ အဲဒီရထားက မွန်ပြည်နယ် သထုံဘက်ကို သွားတဲ့ရတား၊ နေပြည်တော်ဘက်က။

အဲဒီစာကရော အိမ်ကို ဘယ်လိုလုပ် ရောက်လာလဲဗျာ။

စာအိတ်နဲ့ ပိတ်ပြီးတော့ ရောက်လာတယ်။ ကျနော့်သားနာမည်က မောင်ကျော်ပို ပေါ့။ သူ့ရဲ့ နာမည်အရင်း ကျော်မျိုးပိုင် ဆိုပြီး စာပို့ထားတယ်။ တပ်နံပါတ်က ခလရ ၁၁၈ သထုံ၊ ကိုယ်ပိုင်နံပါတ်က တ-၄ဝ၆ ၂၉ဝ။ အဲဒီမှာ ရောက်မယ့် သဘောပေါ့။ ဒိုက်ဦး ဒရယ်မြီးရပ်ကွက်ကနေ ဈေးထဲသွားတဲ့ လမ်းကုန်းပေါ့လေ။ ကုန်းပိတ်ထားတာ။ ရထားပေါ်ကနေ စာပစ်ချသွားတာ။ အဲဒီနားက ဆိုက်ကားသမားနဲ့ ကယ်ရီသမားတွေက တွေ့တယ်။ ကျနော်တို့ လက်ပံသုံးခွ ရွာက ကယ်ရီသမားက ယူလာခဲ့ပေးတော့ ညနေ ၅ နာရီထိုးမှ ကျနော့်ဆီကို စာရောက်လာတယ်။

အဲဒီ သထုံမြို့က တပ်မှာ ရောက်တယ်ဆိုတာ အဲဒီစာအရ သိရတာပေါ့နော်။ စာထဲမှာ ဘာတွေ ရေးထားလဲ ခင်ဗျာ။

ဟုတ်ပါတယ်။ အဲဒီ စာအရ သိရတာပါ။ သား အဲဒီတပ်ကို ရောက်နေတဲ့အကြောင်းပေါ့လေ။ မိဘတွေ စိတ်မပူဖို့ဟာကို သူက ရေးထားတယ်။ နယ်မြေကြမ်းတယ်ပေါ့လေ။ သူသွားတဲ့နေရာက။ ကျနော်တို့ကို မလိုက်လာပါနဲ့ဘဲ အဲဒီလိုရေးတယ်။ ဒါပေမယ့် ကျနော်တို့က ကိုယ့်ကလေး ဘယ်လိုဖြစ်လဲ၊ ကျန်းမာရေးရော ကောင်းရဲ့လား၊ ဘယ်လို နေရထိုင်ရလဲဆိုတာ ကျနော်တို့လည်း သိချင်လို့။ သွားတွေ့ချင်တယ်။

စာထဲက လက်ရေးကရော သူ့လက်ရေး သေချာလားဗျာ။

ဟုတ်ကဲ့။ သူ့လက်ရေး သေချာတယ်။ သူကိုယ်တိုင် ပစ်ချတာလား၊ တခြားလူက ပစ်ချပေးတာလားတော့ ကျနော်တို့လည်း သေချာ မသိဘူး။

အခုရော ဒီကိစ္စနဲ့ပတ်သက်ပြီး ဘယ်လို စီစဉ်ထားလဲဗျာ။

ကျနော်တို့က ကလေးကို သွားတွေ့ချင်တယ်လေ။ သွားတွေ့ဖို့ အစီအစဉ်တော့ ဆွဲနေပါပြီ။

ရဲစခန်းမှာ အမှုဖွင့်ထားတာတွေ ဘာတွေ ရောရှိလားခင်ဗျာ။

ပထမတုန်းကတော့ အရင်နှစ်ပေါ့၊ ၂၇ ရက်နေ့မှာတော့ မတွေ့သည့်အဆုံး ကျနော်တို့လည်း ဘယ်လိုဖြစ်မှန်းမသိဘူး။ အဲဒါနဲ့ လူပျောက်တော့ ဒိုက်ဦး ရဲစခန်းမှာ တိုင်ချက်တော့ လုပ်ထားသေးတာပေါ့။ ၂၈ ရက်နေ့ကျမှ ဘေးက ပြောစကားအရနဲ့ ကျနော်တို့က သိရတာကိုး။

(မိခင်ဖြစ်သူနှင့် ဆက်သွယ်မေးမြန်းချက်)

စည်ပင်ကနေ ကလေးကို ဖမ်းပြီး ဘာလုပ်သေးတယ် ကြားသေးလဲဗျာ။

စည်ပင်ကို မိဘတယောက်အနေနဲ့ ကျမသွားတဲ့အခါမှာလေ။ အလုပ်အမှုဆောင် ဒေါ်ခင်အေးဝင်းက ကျမကို ပြောပြပါတယ်။ အမသားကိုတဲ့ ကျမက မေးမြန်းတဲ့အခါမှာတဲ့ သားရဲ့အဖေက ဘယ်သူလဲဆိုတော့ ဦးတင်မျိုးနိုင် သားတို့ အသား သတ်တာက တောမှာလုပ်တာမှန်တယ်။ မြို့တက်လာရင် ဖမ်းတယ်ပေါ့နော်။ အဖမ်းခံရရင်၊ ဒဏ်ငွေမဆောင်နိုင်ရင် ထောင်ဒဏ် တနှစ် ကျမယ်လို့ ကလေးကို ခြိမ်းခြောက်တဲ့သဘောမျိုး ဖြစ်သွားတာပေါ့၊ သူတို့ဘက်က။ အဲဒါနဲ့ မိဘကို သွားခေါ်ခိုင်းတဲ့အခါမှာ သားသတ်ဒိုင်က ချက်ကြီးဆိုတဲ့ အကောင်ကို ဆိုင်ကယ်နဲ့ ဒရယ်မြီးရပ်ကွက်ကုန်းကို ပို့ခိုင်းတယ်တဲ့။ ပို့ခိုင်းတဲ့ အချိန်မှာ ကလေးက အစကို ရှာမရဘူး။ သူတို့ဘက်ကနေ ကျမတို့ကို သတင်းမပေးလို့။ ကျမတို့လည်း တခါမှ မရောက်ဖူးဘူးပေါ့နော်။

ဒီဝက်သားလေး ၆ ပိဿာနဲ့ကို ခြိမ်းခြောက်တဲ့ သဘောမျိုး ဖြစ်တာပေါ့နော်။ ကျမတို့လည်း ဘယ်လိုတွေ ဖြစ်မှန်းကို မသိဘူး။ စဉ်းစားရခက်နေတယ်။ ဒီကလေး အတိုင်းအတာကိုလည်း။ ကလေးက ပျောက်တဲ့အချိန်မှာ ၁၇ နှစ်ပါ။

ကလေးဘယ်ရောက်သွားတယ် ဆိုတာကိုရော စည်ပင်ရုံးက ဘာပြောလိုက်သေးလဲဗျာ။

သူတို့ မသိဘူးဘဲ ပြောတယ်။ မိဘကို အမြန်ရောက်စေချင်ဇောနဲ့တဲ့ ကလေးကို ခေါ်ခိုင်းလိုက်တာတဲ့။ သူ့အဖေကို ခေါ်ခိုင်းလိုက်တယ်ပေါ့နော်။ ကြားမှာ ပျောက်သွားတယ်။ ကျမတို့ဆီလည်း မရောက်ဘူး ကလေးက။ စာရမှပဲ စစ်တပ်ထဲ ရောက်နေတယ်ဆိုတာ သိရတာပါ။

လက်ပံသုံးခွရွာနဲ့ ဒိုက်ဦးနဲ့က ဘယ်လောက်ဝေးလဲဗျာ။

၃ မိုင်လောက်တော့ ဖြစ်မယ်။ စက်ဘီးနဲ့ပဲ သွားကြတာပဲ။








------------------
ကလေးများကို စစ်တပ်ထဲ သွတ်သွင်းနေ (ဦးအေးမြင့်နှင့် အင်တာဗျူး)
ကိုဝိုင်း တနင်္လာနေ့၊ ဇွန်လ 15 2009 17:52 - မြန်မာစံတော်ချိန်

ချင်းမိုင် (မဇ္ဈိမ)။ ။ ကလေးများအား စစ်သားအဖြစ် စုဆောင်းမှုများ မြန်မာစစ်တပ်က ဆက်လက်ကျင့်သုံးနေဆဲဖြစ်ကြောင်း လူသိရှင်ကြား ပြောဆိုနေသူ ပဲခူးမြို့မှ “လမ်းပြကြယ်” အဖွဲ့ခေါင်းဆောင် ရှေ့နေကြီး ဦးအေးမြင့်ကို မဇ္ဈိမ က ဆက်သွယ်မေးမြန်းထားသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ ကလေးများဆိုင်ရာ အခွင့်အရေးစာချုပ် CRC - Convention on the Rights of the Child ကို လက်မှတ်ထိုးထားသော်လည်း၊ CRC ၏ အပိုဒ် ၃၈ တွင် အသက် ၁၅ နှစ်အောက် ကလေးများကို စစ်သားအဖြစ် သွပ်သွင်းခြင်း မပြုရန် တားမြစ်ထားကာ၊ မြန်မာနိုင်ငံ၏ စစ်မှုထမ်းဥပဒေအရလည်း အသက် ၁၈ နှစ်အောက် ကလေးများကို စစ်သားအဖြစ် မစုဆောင်းရန်လည်း ပြဋ္ဌာန်းထားသေးသည်။

သို့သော်လည်း မည်သို့မည်ပုံ စုဆောင်းကြောင်း ဦးအေးမြင့်၏ ပြောပြချက်ကို ဖော်ပြလိုက်ပါသည်။
--------------------------------------

တလောက ဖြစ်ပွားခဲ့တဲ့ ဒိုက်ဦးနယ်ဘက်က ကလေးစစ်သားကိစ္စ နောက်ဆုံးအခြေအနေ ဘယ်လိုများ ရှိပါသလဲ ခင်ဗျာ။

“နောက်ဆုံးအခြေအနေကတော့ ILO ရုံးက ILO နှစ်ပတ်လည် အစည်းအဝေး ရှိနေတဲ့အတွက် စာပဲပို့ထားတယ်။ လူကြီးတွေနဲ့ မတွေ့ရသေးဘူး။ ဒီ ၆ လပိုင်း ၄ ရက်နေ့က ILO ရုံးကို အီးမေးနဲ့ပို့ထားတာ။ ILO အစည်းအဝေးပြီးလို့ စတိမာရှယ် Steve Marshall ပြန်လာမှ ဒီမှာ ဝန်ကြီးတွေနဲ့ တွေ့ရမှာလေ”

အဲဒီကလေးစစ်သား ကျော်မျိုးပိုင်ရဲ့ အဖေအမေက တပ်ထဲအထိ လိုက်တွေ့ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး ဘာများ သိထားတာ ရှိပါသလဲ ခင်ဗျာ။

“သူ့အဖေအမေ လိုက်သွားတယ်။ ကောင်လေးက ပိုက်ဆံ ၁ဝဝဝ-၂ဝဝဝ ရှိရင်တောင်မှ ဟိုမှာ သူမနေချင်ဘူး။ ထွက်ပြေးချင်တယ်။ ကင်းတွေ အထပ်ထပ်နဲ့။ သထုံမြို့ အမြှောက်တပ်ရဲ့ ဝန်းကြီးထဲမှာ သူတို့နေရတယ်။ ကလေးတွေကိုလည်း လကုန်ပေမယ့် လစာ ပေးမထုတ်ဘူး။ ငွေကိုင်ခွင့် မရဘူး။ သက်သာချောင်ချိရေးဆိုင်မှာ စားရတယ်”

သူ့အဖေအမေကရော တပ်မှူးတွေနဲ့ တွေ့ခဲ့ရတယ်လို့ ပြောသေးလား။

“တပ်မှူးနဲ့ မတွေ့ခဲ့ရပါဘူး။ ပြန်တောင်းလို့လည်း မရဘူး။ တပ်ကတော့ သူတို့သားကို ကောင်းကောင်းမွန်မွန် ထားတယ်ပေါ့၊ ပြန်ထုတ်လို့ မရတော့ဘူးဘဲ ပြောလွှတ်တယ်။ နောက်ပြီးတော့ ကလေးနဲ့တောင်မှ ညအိပ်တဲ့အခါ တိုးတိုးတိတ်တိတ် အိပ်ရတယ်”

လမ်းပြကြယ် အနေနဲ့ အရင်တုန်းက ဒီလို ကလေးစစ်သားအမှုမျိုး ILO နဲ့ ဆက်သွယ်ပြီး လိုက်ပေးဖူးတာ ရှိပါသလား ခင်ဗျာ။

“ရှိပါတယ်။ တနှစ်ကို အနည်းဆုံး ၂-၃ ယောက် အောင်မြင်ပါတယ်။ မိဘတွေဆီ ပြန်အပ်နိုင်တာဆို ၁၂ ယောက်လောက် ရှိသွားပြီ။ ဒီ ၄-၅ လအတွင်းမှာကို ကလေးတွေ ပျောက်နေတာ အယောက် ၅ဝ လောက် ရှိသေးတယ်။ ယောက်ျားလေးတွေ၊ မိဘတွေ အကြောင်းကြားပေမယ့်၊ ဘယ်ရောက်မှန်း မသိသေးဘူး။ တပ်ထဲရောက်တယ်လို့ ယူဆရတယ်။ တိုင်းနဲ့ ပြည်နယ် အသီးသီးလောက်က ဖြစ်နေတယ်။ အခု လောလောဆယ်ပဲ မောင်အောင်မိုးစံ ကိစ္စဆို မနက်ဖြန် ပို့မှာလေ။ တပ်မ ၇၇ က ဆွဲထားတာ။ ကလေးက မြင်းခြံက”

ပြန်ပြီးအပ်နှံနိုင်ခဲ့တဲ့ ကလေး ၁၂ ယောက်လောက်မှာ ဘယ်လို ပုံစံမျိုးတွေနဲ့ မိဘတွေဆီ ပြန်ရောက်ကြလဲ ခင်ဗျာ။

“အဘ လုပ်သွားတာကတော့ ရရင် သူတို့ (အာဏာပိုင်) တွေဆီကနေ ပြန်ယူလာရတာလေ။ ကယ်လာရတဲ့ ကလေးက များတာကိုး။ ရောက်ပြီးမကြာဘူး ၁ လ၊ ၂ လပဲ။ မနှစ်က ကျောက်တံကား မြို့နယ် ဖဒိုကမြို့က ကလေးဆိုရင် တပ်ထဲရောက်ပြီး သင်တန်းကလည်း ဆင်းပြီးရော အခန်းအနားနဲ့ ပြန်အပ်လိုက်တာ။ လူကြီးစုံရာနဲ့ အမျိုးသမီးရေးရာတို့ ဘာတို့ အဲဒါတွေရှေ့မှာ အပ်ပေးလိုက်တာ။ မိဘသွားပြန်ခေါ်လာခဲ့ရတာပေါ့။ ကျန်တဲ့ ကလေးတွေကျတော့ အဘတို့က တိုင်လို့ တပ်က ဒီအတိုင်း ထုတ်ပစ်လိုက်လို့ သူ့ဟာသူ ရောက်လာကြတာများတယ်”

အဲဒီကလေး ၁၂ ယောက်လောက်ထဲမှာ အသက်အငယ်ဆုံးက ဘယ်လောက်၊ အကြီးဆုံးက ဘယ်လောက် ရှိပါသလဲဗျာ။

“အသက်အငယ်ဆုံးက ၁၄ နှစ်ကျော်ကျော်လောက်ပေါ့။ အကြီးဆုံးက ၁၇ နှစ်၊ ဒီလောက်ပဲ ရှိပါတယ်”

အဲဒီကလေးတွေ၊ ပြီးတော့ သူတို့ရဲ့ မိဘတွေက ဘယ်လိုမျိုး စီးပွားရေးလုပ်တွေ လုပ်ကိုင်ကြတာလဲ ခင်ဗျာ။

“လယ်သမားနဲ့ ဆင်းရဲသား သားသမီးတွေ များတယ်။ အားလုံးက ချာလည်ချာလည်နဲ့ မလိုက်နိုင်ကြတဲ့၊ မိဘဆီကနေ တချို့ကလည်း စိတ်ဆိုးလို့ မိဘဆူလို့ ထွက်သွားတာတွေ။ အိမ်ကနေ ဈေးဝယ်ခိုင်းရင်းနဲ့ ဘူတာတို့၊ ကားဂိတ်တို့၊ ရုပ်ရှင်ရုံတို့မှာ ပါသွားကြတာ။ သူတို့ကို လှည့်ဖျားပြီးတော့၊ နောက် အတင်းအကျပ်ပေါ့။ ဖမ်းမယ်၊ အချုပ်ထဲထည့်မယ် ဘာညာပေါ့ ခြိမ်းခြောက်ပြီး ခေါ်သွားတာတွေ များတယ်ပေါ့”
မြန်မာနိုင်ငံက အရွယ်မရောက်သေးသူကို ကလေးစစ်သားအဖြစ် တာဝန်မပေးဘူးဆိုပြီး ကုလသမဂ္ဂ သဘောတူညီချက်ကို လက်မှတ်ထိုးထားတာ ရှိတယ် မှတ်လား။
“ILO ရုံးနဲ့လည်း ထိုးထားတာရှိတယ်။ ၃ နှစ်လောက် ရှိသွားပြီ။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့မှာရော ကလေးစစ်သားအဖြစ် မခိုင်းပါဘူးဆိုတာ ကတိအကြိမ်ကြိမ် ထိုးထားတာပဲလေ။ ဒါပေမယ့် ဖောက်ဖျက်နေတာပဲ”
ဘာကြောင့် ကလေးစစ်သားတွေကို ခိုင်းနေတယ်လို့ ထင်ပါသလဲ ခင်ဗျာ။
“အကြောင်းရင်းကတော့ ဒီလို။ မြန်မာပြည်မှာ ဗိုလ်လုပ်မယ့်လူပဲ များတယ်။ တပ်ရင်းတရင်းကလည်း တပ်ရင်းသာ အမည်ခံတယ် ၂ဝဝ ပြည့်တာ မဟုတ်ဘူး။ အိုနာကျိုးကန်းနဲ့။ စစ်တပ်ထဲမှာ နှစ်ပြည့်လို့ ပင်စင်သမားသာရတယ်။ ကျန်တဲ့လူကိုက ထွက်ခွင့် မပေးဘူး ကျပ်တည်းထားတယ်။ အဲဒီကြားထဲမှာ သူတို့က ထွက်ချင်လို့ရှိရင် ရိုးရိုးရဲဘော်ဆိုရင် စစ်သားအသစ် ၂ ယောက် ရှာပေးရမယ်။ တပ်ကြပ်ကြီးဆိုရင် ၃ ယောက် ရှာပေးရတယ်။ တခါတလေလည်း ၄ ယောက် ရှာပေးရတယ်။ ရှိနေတဲ့ ငယ်သားတွေကလည်း စိတ်ပျက်နေပြီးတော့ အဘတို့နဲ့ အမြဲတွေ့တာတွေရှိတယ်လေ။ ဒါပေမယ့် ထွက်ပြေးရင် ထောင်ကျတယ်။ သူတို့ ထွက်ချင်တဲ့အတွက် သူများကို အသစ်ထပ်စုရတာ။ မရက်စက်ချင်ဘဲနဲ့လည်း ရက်စက်ရတာရှိတယ်”
စစ်တပ်က ထွက်ချင်တဲ့ အရာရှိတွေကျတော့ရော ဘယ်လိုလုပ်လဲ ခင်ဗျာ။
“တခါတလေကျတော့ ဗိုလ်တွေကလည်း ထွက်ချင်တယ်။ ဗိုလ်တွေကျတော့ သိန်းနဲ့ချီပြီး တပည့်တွေကို ငွေပေးတော့ သူတို့က မရရအောင် စုပေးတယ်။ ဒါ့အပြင် ဗိုလ်တွေက ပြေလည်သွား၊ ထောသွားကြတော့ ထွက်ချင်တာ။ နောက် တပ်ကလည်း ကျပ်တဲ့အချိန်ဖြစ်နေတော့ အဲဒါကြောင့် သူတို့က ပိုက်ဆံ သိန်းနဲ့ချီ ပေးပြီးတော့ တပည့်တွေကိုခိုင်း၊ တပည့်တွေကလည်း ငွေမက်တော့၊ ငတ်ပြတ်နေတော့ အဲဒီတော့ စစ်သားကို လိုက်ပြီးတော့ စုဆောင်းပေးပေါ့။ တချို့ကိုတော့ ခွင့်လေးတွေနဲ့ ပေးပြန်၊ တပ်ထဲက ခွင့်တောင်မှ မပေးတဲ့ ဘဝဖြစ်နေတော့၊ ရွာပေးပြန်ပြီး ခွင့်ပေး၊ ခွင့်ယူတဲ့အတွက် ရဲဘော် ဘယ်နှယောက် ရအောင်ယူခဲ့ဆိုပြီး အတင်းအကျပ် ခိုင်းနေတဲ့ အခြေအနေ ဖြစ်နေတာကိုး”
ကလေးတွေကို အရွယ်မရောက်ခင် စစ်သားထဲ သွင်းတယ်ဆိုတာဟာ လူ့အခွင့်အရေး ချိုးဖောက်တာလို့ ပြောလို့ရမလား ခင်ဗျာ။
“လူ့အခွင့်အရေးအရ ဆိုရင်တော့ ပက်ပက်စက်စက် ချိုးဖောက်တာပဲလေ။ သားသမီးချင်း ကိုယ်ချင်းမစာတာ။ ကျောင်းနေရမယ့် အရွယ်တွေ။ သူတို့ဘဝ ကောင်းစားရေးအတွက် ကလေးတွေကို သေရွာပို့လိုက်တဲ့ သဘောပါပဲ”
မြန်မာနိုင်ငံရဲ့ အနေအထားက တခြား ဘယ်လိုမျိုး လူ့အခွင့်အရေးချိုးဖောက်တာမျိုးတွေ ရှိနေသေးလဲ ခင်ဗျာ။
“လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ကတော့ ချိုးဖောက်တာက ဗမာပြည်မှာက တပြုံကြီးပဲ။ ပြောဆိုလို့ မတတ်လောက်အောင် ဖြစ်နေတယ်။ နေရာတိုင်းမှာ လူ့အခွင့်အရေး ချိုးဖောက်တယ်။ ရာထူးရှိတယ်၊ အာဏာရှိမယ်၊ ငွေရှိမယ်ဆိုရင် ကြိုက်တာ လုပ်လို့ရတဲ့ ခေတ်ဖြစ်သွားပြီလေ”
မြန်မာနိုင်ငံသားတွေ အနေနဲ့ကရော သူတို့မှာ အခွင့်အရေးတွေ ရှိတယ်ဆိုတာကို ဘယ်လောက် ကျယ်ကျယ်ပြန့်ပြန့် နားလည်ထားတယ်လို့ ထင်ပါသလဲ။
“မြန်မာနိုင်ငံသားတွေ နားလည်ထားတာက ဒီမှာက နိုင်ငံခြား သတင်းဌာနတွေကိုလည်း နားထောင်တာ ရှိသလို၊ အတိုက်အခံ နိုင်ငံရေးသမားတွေကရော၊ နောက် ဒီနအဖ အစိုးရက သင်ပေးလိုက်လို့ အလိုလိုကို နားလည်နေတာ မတရားဘူးဆိုတဲ့၊ ဗုဒ္ဓဘာသာ တရားတော်နဲ့ တွက်ရင် မတရားတဲ့အပိုင်းက ၉၉ ဒဿမ ၉ လောက် ဖြစ်နေတဲ့အတွက် လူ့အခွင့်အရေး ဆုံးရှုံးနေတယ် ဆိုတာ နအဖ သင်ပေးလို့ပဲ တတ်သွားတာပဲ။ အခွင့်အရေးရှိတယ်ဆိုတာ လူတိုင်းက သိတယ်။ ဒါပေမယ့် အကြောက်တရားက ပိနေတယ်။ အလကားနေရင်း သူတို့ (အာဏာပိုင်) တွေက အမိန့်အာဏာရှိသလို ထောင်ချတယ်။ သူတို့ကို နည်းနည်းလေးမှ မျက်စောင်းထိုး မကြည့်ရဲလောက်အောင် ဥပဒေနဲ့ တင်းကျပ်ပြီးတော့ နည်းအမျိုးမျိုးနဲ့ ဆောင်ရွက်ထားတယ်။ ဒီကြားထဲမှာ ဘုန်းကြီးတွေ ကျောင်းသားတွေတောင် ပစ်သတ်ထားတယ်ဆိုတော့ မခံနိုင်ဘူး။ မခံနိုင်တာကို ရင်ထဲမှာ ကြိတ်နေကြတဲ့ သဘောပဲ၊ အခွင့်အရေးမရသေးလို့၊ အခွင့်အရေးကို စောင့်နေတဲ့ သဘောပဲ”
မြန်မာနိုင်ငံရဲ့ လက်ရှိ တရားရေးမဏ္ဍိုင် အခြေအနေကိုရော ဘယ်လို သုံးသပ်ပါသလဲ ခင်ဗျာ။
“မြန်မာနိုင်ငံရဲ့ တရားရေးမဏ္ဍိုင်ကတော့ သုံးမရအောင် အခြေအနေမျိုး။ ရာဇပလ္လင်ပေါ် ခွေးတက်တဲ့ အဆင့်မျိုးဖြစ်နေတယ်။ နားမလည်တဲ့ တရားသူကြီးတွေ ဖြစ်နေတယ်”
တရားသူကြီးတွေကရော လွတ်လွတ်လပ်လပ် ဆုံးဖြတ်ချက် ချနိုင်တဲ့ အနေအထားရော ရှိလား ခင်ဗျာ။
“နိုင်ငံရေးနဲ့ ပတ်သက်တဲ့အမှု၊ နောက်တခါ မြို့နယ်အာဏာပိုင် အဖွဲ့အစည်းတွေနဲ့ ပတ်သက်တဲ့အမှု၊ စစ်တပ်နဲ့ပတ်သက်တဲ့ အမှုဆိုရင်တော့ သူတို့ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်မရှိဘူး။ နောက်ကွယ်က ညွှန်ကြားတာကို ခံရတယ်။ သာမန်အမှုကျတော့ တရားသူကြီးတွေက စာရိတ္တမဏ္ဍိုင် ပျက်ပြားနေတဲ့အတွက် ငွေပေးတဲ့လူ နိုင်တဲ့သဘော ဖြစ်နေတယ်။ အမှန်တရားဆိုတာ မြန်မာပြည်တရားရုံးမှာ ရှာဖွေလို့က အမှုတရာ တမှု ပေါ်ပေါက်ခဲတယ်လေ”
အဲဒီလို တရားရေးမဏ္ဍိုင် ပျက်နေတဲ့ နိုင်ငံတခုမှာ ဘယ်လိုမျိုး အခြေအနေတွေ ဖြစ်လာနိုင်သလဲ ခင်ဗျာ။
“လူတွေ စာရိတ္တပျက်သွားပြီးတော့ မြန်မာပြည်မှာ မိန်းကလေးတွေက လမ်းပေါ်ရောက်ကုန်ပြီလေ။ စီးပွားရေးတွေ မပြေလည်၊ မကောင်းတဲ့ မိန်းကလေးတွေဖြစ်။ ပျက်စီးပြီးတော့ သုံးမရတဲ့ဘဝတွေ၊ ကလေးတွေက မိဘအသိုင်းအဝိုင်းတွေသာ ရှိတယ်။ ဘာမှ စီးပွားရှာဖွေစားသောက်ခွင့် မရှိ။ မိဘတွေကလည်း မပြေလည်။ ခါတိုင်းတုန်းက ဖအေလုပ်စာကို မိသားစု ၆ ဦး၊ ၇ ဦး ဝိုင်းစားလို့ ရတယ်။ အခုဟာက ၁ဝ ယောက်ရှိရင် ၁ဝ ယောက်လုံး လုပ်ရတယ်။ ပညာရေးတွေ နောက်ကျကုန်ပြီ။ စာရိတ္တတွေ ပျက်ပြားကုန်တယ်။ ငွေကြေးမပြည့်စုံတဲ့ အခါကျတော့ သူခိုးကြမ်းပိုးတွေ ဖြစ်ကုန်ပြီ။ ဒါတွေဟာ တရားစီရင်ရေးမဏ္ဍိုင် ပျက်စီးလို့လည်း ဖြစ်တယ်။ အုပ်ချုပ်ထားတဲ့လူရဲ့ ညံ့ဖျင်းမှုတဲ့ စီမံခန့်ခွဲမှုကြောင့်လည်း ဖြစ်တယ်။ အုပ်ချုပ်ရေး ပျက်နေပြီ၊ တရားစီရင်ရေးလည်း ပျက်နေပြီဆိုတော့ ကျန်တာ ဘယ်နေရာ သုံးစရာ ရှိတော့လို့လဲ”
လူတွေ အားကိုးလောက်တဲ့ တရားစီရင်ရေးမဏ္ဍိုင်၊ တရားရေးစနစ်ဆိုတာ ဘယ်လိုပုံစံမျိုး ဖြစ်သင့်တယ်လို့ ယူဆလဲ ခင်ဗျာ။
“ကောင်းမွန်တဲ့ တရားစီရင်ရေးမဏ္ဍိုင်ဆိုတာက၊ တရားသူကြီးဆိုတာက နိုင်ငံတော်အလံအောက်မှာ နိုင်ငံတော်ကိုယ်စားလေ။ လွတ်လွတ်လပ်လပ် စီရင်ပိုင်ခွင့်ကို တရားသူကြီးကို ပေးထားတာ။ သူက (တရားသူကြီးက) ရိုးသားရမယ်၊ ဖြူစင်ရမယ်၊ အတွေးအခေါ် ပြည့်စုံတဲ့ လူတယောက် ဖြစ်ရမယ်။ သူက အတွေးအခေါ်လည်း မရှိဘူး၊ စာရိတ္တကလည်း မကောင်းတဲ့လူမျိုး၊ ကိုယ်ချင်းမစာတတ်တဲ့ တရားသူကြီးမျိုးကတော့ တရားခွင်ပေါ်မှာ လုံးဝထိုင်ဖို့ မသင့်တော်တဲ့ တရားသူကြီးမျိုး ဖြစ်နေတယ်”

No comments:

Post a Comment

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP