June 21, 2009

ကုလလူ့အခွင့်အရေးကိုယ်စားလှယ် ၅ ဦး တိုက်တွန်းချက်စစ်အစိုးရပယ်ချ

ဒေါ်အောင်ဆန်းစုကြည်၏အမှုတွင် လွတ်လပ်ပြီး တရားမျှတမှုရှိရန် ယခုလ (၁၆) ရက် နေ့စွဲဖြင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် (၅) ဦး၏ ကြေညာချက်ထုတ်ပြန်တောင်းဆိုမှုကို မြန်မာနိုင်ငံ လူ့အခွင့် အရေးအဖွဲ့က ပယ်ချလိုက်သည်။

ထိုသို့ ပယ်ချကြောင်း ကြေညာချက်ကို ယနေ့ထုတ် စစ်အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။

အဆိုပါ ကြေညာချက်တွင် မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အမှုအပေါ် အပြည်ပြည်ဆိုင်ရာ စံနှုန်းများ၊ ပြည်တွင်းဥပဒေများနှင့်အညီ စစ်ဆေးဆောင်ရွက်နေသည်ဟု ဦးစွာဖော်ပြထားသည်။

ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် (၅) ဦးကိုလည်း ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ အထူးအစီရင်ခံစာ တင်သွင်းသူ (၅) ဦးဆိုသူများကဟု ကြေညာချက်တွင် သုံးစွဲခေါ်ဝေါ်ထားပြီး ၎င်းတို့အနေဖြင့် မှားယွင်းသည့် တိုက်တွန်းချက်ကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆက်လက်ဖော်ပြသည်။

ထို့နောက် မြန်မာစစ်အစိုးရက အမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ပေးခြင်း၊ အမေရိကန်ကောင်စစ်ဝန်နှင့် ဒေသခံ ၀န်ထမ်း (၁) ဦးတို့ကို တရားရုံးဖွင့်လှစ်သည့် ရက်တိုင်း တက်ရောက်ခွင့်ပြုခြင်း၊ အဓိကစစ်မေးမှုများ ပြုလုပ်မည့် ရက်များတွင် လေ့လာသူများ၊ သံတမန်နှင့် သတင်းထောက်များအား တက်ရောက်ခွင့်ပြုထားသဖြင့် ပွင့်လင်းမှု ရှိသည့် တရားစီရင်ရေးဖြစ်သည်ဟုလည်း ဆိုထားသည်။

ဤကဲ့သို့ တရားဥပဒေနှင့်အညီ ဆောင်ရွက်နေခြင်းကို လူ့အခွင့်အရေးအကြောင်းပြ၍ နိုင်ငံရေးအရ အသုံးချလာမှုကို လက်မခံပယ်ချကြောင်း မြန်မာစစ်အစိုးရထုတ် သတင်းစာများတွင် ဖော်ပြပါရှိသည်။

ထိုသို့ စစ်အစိုးရထုတ် နေ့စဉ်သတင်းစာများပါ မြန်မာနိုင်ငံ လူ့အခွင့်အရေးအဖွဲ့နှင့်ပတ်သက်၍ ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်က ယင်းအဖွဲ့သည် လူသိရှင်ကြားမရှိဟု ထောက်ပြပြောဆိုသည်။

၎င်းက “ပထမဆုံးပြောချင်တာက မြန်မာလူ့အခွင့်အရေးအဖွဲ့ဆိုတာ ဘယ်လိုအဖွဲ့လဲ၊ ဘယ်တုန်းက ဘယ်သူတွေနဲ့ ဖွဲ့စည်းထားသလဲ။ လူထုက သိမှာမဟုတ်ဘူး။ တရားဥပဒေတွေနဲ့အညီ ဆောင်ရွက်နေပါတယ်ဆိုတဲ့ ကိစ္စကတော့ ဥပဒေအကြောင်း လုံးဝနားမလည်တဲ့ လူတယောက်အတွေးနဲ့ တွေးကြည့်ရင်တောင် သိပါတယ်” ဟု ပြောသည်။

“နေအိမ်အကျယ်ချုပ်ချထားတဲ့ အိမ်ထဲ လူဝင်တဲ့ကိစ္စမှာ လုံခြုံရေးယူထားတဲ့လူတွေက ဘာတာဝန်မှမခံဘဲ နေအိမ်ထဲ နေတဲ့သူကို တရားစွဲနေတာ ဥပဒေနဲ့ညီပါ့မလား။ နောက်ပြီး တရားရုံးမှာ လေ့လာသူတွေ၊ သံတမန်တွေ၊ သတင်းထောက်တွေကို လေ့လာခွင့်ပြုတယ်ဆိုပြီး ရေးထားတယ်။ တကယ်တမ်းက သံတမန်နဲ့ သတင်းထောက် တွေကို သူတို့က အပြသဘောမျိုးနဲ့သာ (၂) ရက်ဝင်ခွင့်ပေးခဲ့တာပဲ။ လေ့လာသူဆိုတာ ဘယ်သူတွေလဲ။ တခြားဘယ်သူတွေကို လေ့လာခွင့်ပြုလို့လဲ။ အန်ကယ်လ်တို့လည်း လေ့လာချင်တာပဲ။ ၀င်ခွင့်မရဘူးလေ။ အပြင် အင်းစိန်ဈေးရှေ့က ထိုင်စောင့်ခဲ့ရတာပဲ” ဟု ဦးအေးသာအောင်က ပြောသည်။

မြန်မာစစ်အစိုးရအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်အား ရှေ့နေများနှင့် ချေပခွင့်ပြုထားသည်ဆိုသော်လည်း ဒေါ်အောင်ဆန်းစုကြည် တရားရုံးတွင် ထွက်ဆိုချက်မပေးမီအထိ သူမ၏ ရှေ့နေများနှင့် တွေ့ဆုံခွင့်မပြုခဲ့သည်မှာ တရားဥပဒေနှင့်မညီဟုလည်း ဦးအေးသာအောင်က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ကို အမှုစစ်ဆေးရာတွင် လွတ်လပ်ပွင့်လင်း၍ အများပြည်သူ တက်ရောက် နားထောင်နိုင် သော တရားခွင်ဖြစ်ရန် အန်အယ်လ်ဒီဘက်မှ တောင်းဆိုခဲ့သည်။

No comments:

Post a Comment

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP