နိုင်ငံရေးအမှုလိုက် ရှေ့နေကြီးတဦး
ကြာသပတေးနေ့၊ စက်တင်ဘာလ 03 ရက် 2009 ခုနှစ် 13 နာရီ 41 မိနစ်
ပြစ်မှုကျူးလွန်တယ်ဆိုရုံမျှနဲ့ အပြစ်ရှိတယ်လို့ ဆုံးဖြတ်လို့မရဘူး။ အဲဒီလို ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ (guilty mind) နဲ့ ကျူးလွန်တာ ဖြစ်ရမယ်။ ဒါကို man srea လို့ခေါ်တဲ့ လက်တင် ဥပဒေ ဆိုးရိုးစကား (legal maxims, in Latin) နဲ့ ကိုးကားပြီး အနည်းငယ် ရှင်းပြ ပေး ပါရစေ။
အဲဒီ ပြစ်မှုကျူးလွန်လိုတဲ့ စိတ်ဆန္ဒ ရှိ၊ မရှိ ဆိုတာကတော့ ပြစ်မှုမကျူးလွန်ခင်၊ ပြုဆဲ၊ ပြုပြီး၊ နောက် သူ့ရဲ့ အပြုအမူ၊ အလုပ်အကိုင် အခြေအနေအရပ်ရပ်ကို ထည့်သွင်းစဉ်းစား ဆုံးဖြတ်ပေးရပါတယ်။ အဲဒီလို စဉ်းစားဆုံးဖြတ်ပေးတာကိုတော့ အတ္တနောမတိ လို့ခေါ်တဲ့ တရားသူကြီးရဲ့ ဆင်ခြင်တုံတရား (common sense) ကနေ စဉ်းစား ဆုံးဖြတ်ပေးရမှာပါ။ အရင်က ပြဋ္ဌာန်းထားတဲ့ အခြေခံဥပဒေ အသက်ဝင်လျက် ရှိ၊ မရှိ ဆိုတာကို စဉ်းစားဆုံးဖြတ်ရာမှာလည်း အတိတ်က အပြုအမှု၊ ပစ္စုပ္ပန်အပြုအမူနဲ့ နောင်ဖြစ်လာနိုင်မယ့် အပြုအမူတွေကို ထည့်သွင်း စဉ်းစားဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စွပ်စွဲအရေးယူခဲ့တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရယ်မှ ကာကွယ်စောင့်ရှောက်သည့် ဥပဒေ ပုဒ်မ (၂၂) ဆိုတာက ၁၉၇၄ ခုနှစ် အခြေခံဥပဒေပါ နိုင်ငံသားတဦးဦးရဲ့ မူလအခွင့်အရေးတွေကို ကန့်သတ်တဲ့ဥပဒေ ဖြစ်နေပါတယ်။ အဲဒီဥပဒေရဲ့ ပုဒ်မ ၉ (စ) မှာ အရေးယူခြင်း ခံရသူသည် ကန့်သတ်ခြင်းခံရသည့် မူလအခွင့်အရေးများမှအပ အခြေခံဥပဒေပါ အခြား မူလ အခွင့်အရေးများကိုမူ ခံစားခွင့်ရှိစေရမည်လို့ အတိအလင်း ပြဋ္ဌာန်းထားပြီးသားပါ။
ဒါကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်မရှိတော့ရင် အဲဒီအခြေခံဥပဒေကို မှီတည်ပြီး ထုတ်ပြန်ထားတဲ့ ၁၉၇၅ ခုနှစ် နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်ရေး ဥပဒေဆိုတာလည်း အလိုလိုပယ်ဖျက်ပြီးသား ဖြစ်နေတဲ့အတွက် ခုတ်လှဲပြီး မရှိတော့တာကြာပြီဖြစ်တဲ့ သစ်ပင်ကြီးဆီက အကိုင်းကို ထင်းမီးစိုက်ဖို့နောက် ၂၁ နှစ်ကြာမှ သတိရတာနဲ့ တူနေပါတယ်။
သစ်ပင်လဲရင် အကိုင်းအခက်တွေလည်း မြေခရတာဟာ သဘာဝဓမ္မ ဥပဒေသပါ။ အကိုင်းအခက်တွေမှာ အသက်ရှိသေးတယ်လို့ ပြောချင်ရင်တော့ ပြန်စိုက်ရပါမယ်။ ဒါကြောင့် သစ်ပင်ကြီးနဲ့တူတဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကြီး မရှိတော့တဲ့အခါမှ အဲဒီ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေရဲ့ အကိုင်းအခက်ဖြစ်တဲ့ နိုင်ငံတော်အား နှောင့်ယှက်ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ်စောင့်ရှောက်တဲ့ ဥပဒေလည်း မရှိတော့တာမို့ မရှိတော့တဲ့ ဥပဒေနဲ့ တရားစွဲထားဖြစ်တာကြောင့် လွှတ်ကို လွှတ်ပေးရမယ့် အမှုဖြစ်ပါတယ်။
အောက်ရုံးခရိုင် တရားသူကြီးတွေရဲ့ မှားယွင်းဆုံးဖြတ်မှု၊ အမိန့်မလွန်ဆန်နိုင်မှုတွေကို အဆင့်မြင့် တရားရုံးတွေက ပြင်ဆင်ပေးလိုက်မယ် ဆိုရင် တိုင်းပြည်အတွက်လည်း သိက္ခာရှိမယ်။ တရားစီရင်ရေးအတွက်လည်း ကောင်းမွန်တဲ့ အလားအလာကောင်းတွေ ရှိလာစေမှာ ဖြစ်ပါတယ်။
အရင်အာဏာသိမ်း အစိုးရတုန်းက အပြုအမူ၊ အခုလက်ရှိ အာဏာသိမ်းအစိုးရရဲ့ အပြုအမှုတွေနဲ့ နောင်ပြုလုပ်မယ်လို့ ကြေညာထားတဲ့ ကြေညာချက်တွေအရ အရင်ပြဋ္ဌာန်းထားခဲ့ဖူးတဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေဟာ ဒီကနေ့ထက်တိုင် အသက်ဝင်လျက်မရှိဘူး ဆိုတာကို လက်ခံရမှာ ဖြစ်ပါတယ်။
၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးကတည်းက မြန်မာနိုင်ငံမှာ အခြေခံဥပဒေ ၂ ခုနဲ့ ကြုံခဲ့ပြီးပေမယ့် နောက်ထပ်တခုနဲ့ ထပ်ကြုံရဦးမယ့် အနေ အထားမှာ အရင်အခြေခံဥပဒေက အခုထိ အသက်ဝင်နေပါသေးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ဒီကနေ့ မြန်မာ့နိုင်ငံအရေးအတွက် အရေးပါဆုံး သူတဦးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဒုက္ခရောက်နေရတဲ့ အခြေအနေမှာ အရင်က အခြေခံဥပဒေတွေ ဒီကနေ့ထက်တိုင် အသက်ရှိမရှိ ဆိုတဲ့ ဥပဒေ ပြဿနာကို အခုအချိန် ကာလအတွင်းမှာ အရေးတကြီး ဆွေးနွေးဖို့ လိုအပ်နေပါတယ်။
၁၉၄၇ ခုနှစ် အခြေခံဥပဒေဟာ လွတ်လပ်ရေးမရခင် တနှစ်အလိုမှာ လွတ်လပ်ရေး ရယူဖို့အတွက် ရေးဆွဲခဲ့ရတာ ဖြစ်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဗြိတိသျှဝန်ကြီးချုပ် အားရ်အက်တလီ (Prime minister Earl Attlee 1945-1951) တို့ ၁၉၄၇ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့မှာ အင်္ဂလန်က ပါလီမန် အဆောက်အအုံအတွင်းမှာ လက်မှတ်ရေးထိုးခဲ့ကြပါတယ်။ အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာ နိုင်ငံမှာ လွတ်လပ်ရေးယူမယ်ဆိုရင် ဗြိတိသျှတွေ ယုံကြည်ရမယ့် အခြေခံအုတ်မြစ်ကောင်းတွေရှိမှ လွတ်လပ်ရေးရမယ်ဆိုတာ ရှင်းနေပါတယ်။
ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဟာ ဖေဖော်ဝါရီလဆန်းမှာ အင်္ဂလန်က ပြန်လာပြီးတာနဲ့ တပြိုင်နက် အဲဒီအချိန်က ဥပဒေပညာရှင်တွေဖြစ်တဲ့ ဝတ်လုံတော်ရ ဦးချန်ထွန်း၊ ဦးဘဝင်း စတဲ့ ပုဂ္ဂိုလ်တွေ ပါဝင်တဲ့ ကော်မတီအဖွဲ့ဟာ အိန္ဒိယကို လေ့လာရေးအဖွဲ့ စေလွှတ်ပြီးနောက်ပိုင်း ၁၉၄၇ ခုနှစ် သြဂုတ်လအတွင်းမှာ အခြေခံဥပဒေ မူကြမ်းကို လွှတ်တော်ကို တင်ပြနိုင်ခဲ့ပါတယ်။ ဒါကြောင့် ၁၉၄၇ ခုနှစ် စက်တင်ဘာလ ၂၄ ရက်နေ့ မှာ အတည်ပြုနိုင်ခဲ့တဲ့အတွက် ၆ လအတွင်းမှာ ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေလည်း ဖြစ်ခဲ့ပါတယ်။
အဲဒီအခြေခံဥပဒေဟာ အချိန်တိုအတွင်းမှာ ဥပဒေပညာရှင်များများစားစား မပါဝင် ဘဲရေး ဆွဲခဲ့တယ်ဆိုပေမယ့် လက်ခံရလောက်အောင် စေ့စပ်သေချာခဲ့လို့ ဗြိတိသျှပါလီမန်က ငြင်းမရခဲ့တဲ့ အခြေခံဥပဒေတခု ဖြစ်ခဲ့ပါတယ်။ အဲဒီအချိန်က ဗြိတိသျှဝန်ကြီးချုပ် အက်တလီဟာ အောက်စဖို့ဒ် ကျောင်းဆင်းဖြစ်ပြီး၊ အလုပ်သမားပါတီ (Labour Party) ခေါင်းဆောင်၊ ဝတ်လုံတော်ရရှေ့နေကြီး (Barrister) တဦး ဖြစ်တာကြောင့် သူလက်ခံခဲ့တာကို လျှော့တွက်လို့ မရပါဘူး။
ဒါပေမဲ့ ကာလဒေသ အခြေအနေအရပ်ရပ်တွေ အမြဲပြောင်းလဲနေတာကြောင့် တချို့နေရာတွေမှာ အားနည်းချက်တွေ အထိုက်အလျောက် ရှိနေခဲ့ပါတယ်။ အဲဒီအားနည်းချက်တွေကို နောက်ဆက်တွဲ ပြင်ဆင်ချက်တွေအနေနဲ့ ၁၉၄၉ ခုနှစ်ကနေ ၁၉၆၁ ခုနှစ်အထိ ၁၁ ကြိမ်တိုင်တိုင် ပြင်ဆင်ခဲ့ရပါတယ်။
အဲဒီလို ပြင်ဆင်ရင်းနဲ့ ၁၉၆၂ ခုနှစ်မှာ စစ်တပ်က အာဏာသိမ်းသွားပြီးနောက်ပိုင်း အဲဒီ အခြေခံဥပဒေကို လုံးဝ မသုံးတော့ဘဲ ၁၉၇၄ ခုနှစ်မှာ နောက်ထပ် အခြေခံဥပဒေတခုကို ထပ်မံ အတည်ပြုခဲ့ပြန်ပါတယ်။ အဲဒီကြားကာလမှာ ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အကောင်အထည် ဖော်မှာ ဖြစ်တဲ့အတွက် အရင်ရှိခဲ့တဲ့ အခြေခံဥပဒေကို ဆက်လက် မသုံးခဲ့တော့ပါဘူး။ ဒါကြောင့် ၁၉၆၂ ခုနှစ်ကနေ ၁၉၇၄ ခုနှစ်ထိ အရင် ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို ပြင်ဆင်ဖြည့်စွက်တာမျိုး လုံးဝ မလုပ်ခဲ့တာက သက်သေ ပြနေခဲ့ပါတယ်။
နောက်ထပ် အသစ်ပြဋ္ဌာန်းလိုက်တဲ့ ၁၉၇၄ ခုနှစ် အခြေခံဥပဒေကို မပြဋ္ဌာန်းခင်ကာလ တလျှောက်လုံးမှာ စစ်တပ်အာဏာသိမ်းခဲ့ပြီး ၁၉၆၂ -
၁၉၇၄ ခုနှစ်အထိ ဆိုရှယ်လစ် စီးပွားရေးစနစ်ကို ထူထောင်မယ်လို့ ကြွေးကြော်နေခဲ့ပါတယ်။ အဲဒီလို ၁၂ နှစ်ကျော်ကြာ အချိန်ယူရေးဆွဲခဲ့တဲ့ အခြေခံဥပဒေတောင်မှ ၁၉၇၄-၁၉၈၈ အထိ ကာလအတွင်းမှာ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ (မဆလ) ဟာ အခြေခံဥပဒေကို သူ့လက်ထက်မှာ ၄ ကြိမ် ပြင်ဆင်ခဲ့ရပါသေးတယ်။ သက်သေပြနေတာကတော့ အသုံးပြုနေတဲ့ အခြေခံဥပဒေဆိုရင် ခေတ်ကာလအလျောက် ပြုပြင်စရာတွေ၊ မွမ်းမံစရာတွေဟာ ပေါ်ပေါက်လာတတ်တာ သဘာဝဆိုတာပါပဲ။
၂၁ နှစ်ကြာ ပြုပြင်ခြင်း၊ ပြင်ဆင်ခြင်း၊ မွမ်းမံခြင်း လုံးဝ မရှိခဲ့ဘဲ စကားထဲတောင် ထည့်မပြောခဲ့တာကြောင့် မဆလ အစိုးရက ၁၉၄၇ ခုနှစ် အခြေခံဥပဒေကို မျက်ကွယ်ပြု ဖျက်သိမ်းပစ်ခဲ့ပြီးဖြစ်သလို လက်ရှိအာဏာသိမ်း အစိုးရကလည်း အရင်အခြေခံဥပဒေကို အလိုလို ဖျက်သိမ်း ပြီးသားဖြစ်တယ်လို့ အထက်ရုံးပညာရှိ တရားသူကြီးတွေက ကောက်ယူသုံးသပ်ခြင်းဟာ အတ္တနောမတိကိုသုံးပြီး ဆင်ခြင်တုံတရားနဲ့ ကောက်ယူသုံးသပ်ကြရမှာ ဖြစ်ပါတယ်။
အရင်အာဏာသိမ်းအစိုးရက ကြားကာလတလျောက်လုံး ဆိုရှယ်လစ်စီးပွားရေးစနစ် ထူထောင်မယ်ဆိုပြီး ကြွေးကြော်ခဲ့သလို ၁၉၈၈ အာဏာသိမ်းစစ်အစိုးရရဲ့ စီးပွားရေးဦးတည်ချက် ၄ ရပ်ကလည်း ဆိုရှယ်လစ် စီးပွားရေးစနစ်ရဲ့ ဆန့်ကျင်ဘက်ဖြစ်တဲ့ ဈေးကွက် စီးပွားရေးစနစ် ပီပြင်စွာ ဖြစ်ပေါ်လာရေးဆိုတာကို အခုချိန်ထိ အော်နေဆဲဖြစ်ပါတယ်။
စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၈၈-၂ဝဝ၉ ခုနှစ်အထိ နှစ် ၂ဝ ကျော် ကာလအတွင်းမှာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအကြောင်း လုံးဝ မပြောခဲ့တဲ့အပြင် ၂/၈၈ နဲ့ ၃/၈၈ ဆိုပြီး နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေး ဥပဒေလို့ ကြေညာကာ ဥပဒေပြဋ္ဌာန်းလိုက်တာဟာ ၁၉၇၄ ခုနှစ် အခြေခံဥပဒေအပိုဒ် ၁၉၄ (က) အရ ပြုလုပ်ခွင့်မရှိသည်ကို ပြုလုပ်သော တရားမဝင်အဖွဲ့အစည်းဖြစ်နေသည်ဆိုတဲ့ အဓိပ္ပာယ် ထွက်ပါတယ်။ (၂/၈၈ ဆိုတာ ဆိုရှယ်လစ် တရားစီရင်ရေးအာဏာကို ဖျက်သိမ်းတဲ့ ဥပဒေဖြစ်ပြီး၊ ၃/၈၈ ဆိုတာကတော့ ဆိုရှယ်လစ် ဥပဒေပြုရေး အာဏာကို ဖျက်သိမ်းတဲ့ ဥပဒေဖြစ်ပါတယ်။)
၁၉၇၄ ခုနှစ် အခြေခံဥပဒေအပိုဒ် ၁၉၄ (က) အရ လွှတ်တော်ကသာ အချုပ်အခြာအာဏာပိုင် ဖြစ်တယ်၊ နောက်ပြီး ဥပဒေပြုအာဏာဟာ လည်း လွှတ်တော်မှာပဲ ရှိရမယ် ဆိုတာတွေကို ပြင်ဆင်ချင်တယ်ဆိုရင် လွှတ်တော်ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းရဲ့ သဘောတူညီချက်အပြင် မဲပေးခွင့်ရှိသူ ပြည်သူလူထု ထက်ဝက်ကျော် ထောက်ခံမှသာ ပြင်ဆင်ပြဋ္ဌာန်းခွင့်ရှိတယ် ဆိုတာကို ဖောက်ဖျက်ချိုးဖောက်ခဲ့တယ် ဆိုတာ ထင်ရှားနေပါတယ်။
အသက်ဝင်နေတဲ့ အခြေခံဥပဒေက တားမြစ်ထားတာတွေကို ဂရုမစိုက်လုပ်ချင်ရာလုပ်တာဟာ နိုင်ငံသားအားလုံးရဲ့ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ကောင်းမြတ်မှုတွေကို ခြိမ်းခြောက်နေခြင်း ဖြစ်တာကြောင့် စစ်အစိုးရဟာ အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးရဲ့ သဘောတူညီချက်တွေ၊ ရည်ရွယ်ချက်တွေကို ချိုးဖောက်နေတဲ့ အဖွဲ့အစည်းတခုဖြစ်ကြောင်း ခိုင်လုံတဲ့ အပြီးသတ် သက်သေခံချက် ဖြစ်နေပါတယ်။
ဒါကြောင့် ၁၉၇၄ ခုနှစ် အခြေခံဥပဒေအရ နိုင်ငံသားအခွင့်အရေးကို ကန့်သတ်တဲ့ ဥပဒေနဲ့ တရားစွဲထားသူတွေကို လွှတ်ပေးမလား။ ၁၉၇၄ ခုနှစ် အခြေခံဥပဒေ အသက်ဝင်နေတာကြောင့် အဲဒီအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေကို ချိုးဖောက်လို့ လူသားဖြစ်မှုဆန့်ကျင်တဲ့ ပြစ်မှုနဲ့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးက အရေးယူတာကို ခံမလား စောင့်ကြည့်ကြပါစို့။
September 03, 2009
လေ့လာစရာ မှတ်သားစရာ - ဒေါ်အောင်ဆန်းစုကြည်အမှုနှင့် ရွေးချယ်စရာလမ်း
Labels:
အထူးအစီအစဉ်