September 12, 2009

ဦးဝင်းတင်ကို အာဏာပိုင်များက ခေါ်ဆောင်သွား


ဦးဝင်းတင် (ဓာတ်ပုံ - Tom Parry)
Saturday, 12 September 2009 16:06 ကိုစိုး

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်(NLD) ခေါင်းဆောင် တဦးဖြစ်သည့် သတင်းစာ ဆရာကြီး ဦးဝင်းတင်ကို ယနေ့နံနက်ပိုင်းတွင် အာဏာပိုင်များက ရန်ကုန်မြို့ ကျောက်ကုန်းနေအိမ်မှ လာရောက်ခေါ်ဆောင်သွား ကြောင်း NLD က ပြောသည်။

“မနက် ၉ နာရီလောက်က ကျောက်ကုန်းအိမ်ကနေ ခေါ်သွားတယ်ဆိုတာတော့ ကျနော်တို့လည်း သတင်း ကြားတယ်၊ တခြားအကျိုး အကြောင်းတော့ မသိရသေးဘူး၊ ခေါ်ယူမေးမြန်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်”ဟု NLD ပြောခွင့်ရ ဦးဉာဏ်ဝင်း က ဧရာဝတီသို့ ပြောသည်။

ယခု ဦးဝင်းတင်အား ခေါ်ဆောင်သွားမှုသည် ပြီးခဲ့သည့် စက်တင်ဘာ ၉ ရက်နေ့က အမေရိကန်နိုင်ငံထုတ် ဝါရှင်တန်ပို့စ် သတင်းစာတွင် ဦးဝင်းတင် ရေးသားသော “ရွေးကောက်ပွဲ အလို မရှိသည့် မြန်မာလူထု” An ‘Election’ Burma’s People Don’t Need ဆောင်းပါးနှင့် သက်ဆိုင်နိုင်ကြောင်း လေ့လာသူများက ယူဆနေ ကြသည်။

ယင်းဆောင်းပါးတွင် ၂၀၁၀ ရွေးကောက် ပွဲဝင်ရန် တိုက်တွန်းခဲ့သည့် အမေရိကန် အထက်လွတ်တော် အမတ် မစ္စတာ ဂျင်မ်ဝက်ဘ် ၏ သဘောထားကို ပယ်ချခဲ့ပြီး စေ့စပ် ဆွေးနွေးရန် အသင့်ရှိကြောင်းနှင့် စစ်မှန်သော ဒီမိုကရေစီအတွက် ဆက်လက် တိုက်ပွဲဝင်သွားရန် ရှိကြောင်း ရေးသားချက်များ ပါရှိသည်။

အသက် ၈၀ ဝန်းကျင်ရှိ ဦးဝင်းတင်သည် လတ်တလောတွင် နှလုံး သွေးကြော ကျယ်နေသည့် ဝေဒနာဖြစ် ပေါ်နေပြီး ဆေးကုသမှုခံယူရန် ဆရာဝန်များနှင့် တိုင်ပင်ညှိနှိုင်း နေဆဲဖြစ်သည်ဟုလည်း သိရသည်။

“နှလုံးစက်သွင်းထားတဲ့အခါမှာ သူသိပ်မမောတော့ဘူး၊ ဒါပေမယ့်လို့ နှလုံးသွေးကြော ကျယ်နေတယ်ပြောတယ်၊ အဲဒါအတွက် ဘယ်လို ကုသရမလဲ ဆိုတာ ဆရာဝန်တွေနဲ့ တိုင်ပင်နေတဲ့ အခြေအနေတော့ ရှိတယ်” ဟု ဦးဉာဏ်ဝင်းက ပြောပြသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ဦးဝင်းတင်သည် နှလုံးခုန်နှုန်းမမှန် ဖြစ်ပြီး မောပန်းသည့် ဝေဒနာကို ခံစား နေရသဖြင့် နှလုံးရောဂါ အထူးကုနှင့် ပြသ၍ ခွဲစိတ်ကုသမှုခံယူကာ နှလုံးတွင် စက်တပ်ထားရသည်။ ဦးဝင်းတင်သည် ၁၉ နှစ်ကျော် နိုင်ငံရေး အကျဉ်းသားဘဝဖြင့် ဖြတ်သန်းခဲ့ရပြီး အကျဉ်းကျနေချိန် တလျှောက်လုံး အစာအာဟာရ ပြည့်ဝစွာ မစားရသည့်အပြင် ကျန်းမာရေးအတွက် ဆေးဝါး ကုသမှု မခံယူခဲ့ရပေ။

၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် အင်းစိန်ထောင်မှ ပြန်လွတ်လာပြီးနောက်ပိုင်း မကြာခဏ ကျန်းမာရေး ညံ့လျက် ရှိကြောင်း၊ နိုဝင်ဘာလတွင် ပန်းနာ ရင်ကြပ်ရောဂါ ခံစားခဲ့ရပြီး ဒီဇင်ဘာလတွင် သွေးပေါင်ကျမှု ကြောင့် ရက်အနည်းငယ်ကြာ ဆေးရုံ တက်ခဲ့ရကြောင်းလည်း သိရသည်။

ဟံသာဝတီ သတင်းစာ ဆရာကြီး ဦးဝင်းတင်သည် ၁၉၈၈ခုနှစ်က ဒီမိုကရေစီအရေး လှုပ်ရှားမှုဖြင့် ၁၉၈၉ ခုနှစ် တွင် စစ်အစိုးရက နိုင်ငံရေး ပုဒ်မဖြင့် ထောင်ဒဏ် အနှစ် ၂၀ချမှတ်ခဲ့ရာ ၁၉ နှစ်ကျော် နေခဲ့ရပြီး ၂၀၀၈ ခုနှစ် စက်တင်ဘာလတွင် ပြန်လည် လွတ်မြောက်လာခြင်း ဖြစ်သည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP