ခင်မောင်စိုးမင်း ၂ စက်တင်ဘာ ၂ဝဝ၉
DVB
ပုသိမ်မြို့မှာ နေထိုင်တဲ့ မိဘတွေဆီ ထွက်ပြေးလားတဲ့ ကလေးစစ်သားကို ကြံဖွံ့က သတင်းပေး၍ ဖမ်းဆီးဖို့ လုပ်နေတယ်လို့ သိရပါတယ်။ ပဲခူးတိုင်း ရွှေကျင်မြို့ အခြေစိုက် ခမရ ၅၉၈ တပ်ရင်းမှ မကြာသေးခင်က ထွက်ပြေးလာတဲ့ အသက် ၁၅ နှစ်သား ကလေးစစ်သား မောင်ထက်အောင်ကို ပုသိမ်မြို့က သတင်းပေးကြံဖွံ့တွေက ဖမ်းဆီးဖို့ ပြုလုပ် နေတယ်လို့ သိရပါတယ်။ မောင်ထက်အောင်က တပ်ကနေ ထွက်ပြေးလာပြီး မိဘအိမ်ကို ဝင်တွေ့ရုံသာ တွေ့နိုင်ခဲ့ပြီး ကြံဖွံ့တွေကြောင့် ယခုအခါ ပုသိမ်မြို့ဝန်းကျင်မှာ ထပ်မံ ရှောင်တိမ်းနေရပါတယ်၊၊
ရာကနား အမည်ရှိတဲ့ ရဲသတင်းပေး ပြည်တန်ဆာခေါင်း ဦးဆောင်တဲ့ ကြံဖွံ့တွေဟာ ပုသိမ်မြို့ ကျောက်စရစ်ကုန်း ရပ်ကွက်က မောင်ထက်အောင်ရဲ့ မိဘတွေဖြစ်တဲ့ ဦးအောင်ခင်၊ ဒေါ်စန်းကြည်တို့ရဲ့ အိမ်ကို နေညမပြတ် စောင့်ကြည့်နေပါတယ်၊၊ မောင်ထက်အောင်ဟာ မိဘတွေဆီ ထွက်ပြေးလာပေမယ့် အိမ်မှာနေလို့မရဘဲ မြို့ အနီးမှာ ဖြစ်သလို ရှောင်တိမ်းနေရတာနဲ့ ပတ်သက်ပြီး မိခင်ဖြစ်သူ ဒေါ်စန်းကြည်က ပြောပါတယ်၊၊
“ကျမမှာလည်း မျက်ရည်နဲ့ မျက်ခွက်ပါ။ ကျမသားလေးနဲ့ အိမ်မှာ အတူတူနေချင်တာ မနေရဘူး ဖြစ်နေတယ်။ ကလေးက အမေတို့နဲ့ သား အတူတူ နေချင်တယ်တဲ့။ သား ဘယ်လိုလုပ်ရမလဲတဲ့။ ညဘက်ဆိုရင် ကလေးက အိမ်မှာ ပြန်အိပ်ချင်တာကို ကျမက မလုပ်ပါနဲ့ သားလေးရယ် ပြန်မလာပါနဲ့ လာရင် အဖမ်းခံရလိမ့်မယ်လို့ တောင်းပန်ပြီး ပြောထားရတယ်။ ကလေးက တကယ်ကို ပြန်လာချင်တာ။ ဟိုနေ့က ပြန်လာတာကို ချက်ချင်းပဲ သတင်းက ဘယ်လိုရလဲ မသိဘူး။ သူ့မှာ နေလို့ မရဘူး။ ခြေချတာနဲ့ ဖမ်းဖို့ရာ ကြည့်နေကြတယ်။ ဖြစ်နိုင်ရင် ကျမသားလေးနဲ့ မိသားစု စုစုစည်းစည်း နေချင်တယ်။”
ကလေးစစ်သား မောင်ထက်အောင်ဟာ စစ်တပ်က ထွက်ပြေးလားတာ ဒါနဲ့ဆို သုံးကြိမ်မြောက် ဖြစ်ပြီး အရင်နှစ်ကြိမ်တုန်းက ပုသိမ်မြို့ က သတင်းပေး ပြည့်တန်ဆာခေါင်း ရာကနားက ဖမ်းဆီးပြီး ပုသိမ် အခြေစိုက်တပ်ကို လွှဲအပ် ဆုငွေယူခဲ့တယ်လို့ သိရပါတယ်၊၊ မောင်ထက်အောင်ကို မနှစ် ၂ဝဝ၈ အစပိုင်းက တပ်ကြပ်ကြီးတယောက်က ချော့တခါ၊ ခြောက်တလှည့်နဲ့ အတင်းအဓမ္မ စစ်တပ်ထဲ ဆွဲသွင်းခဲ့တာ ဖြစ်ပါတယ်၊၊
ကလေးစစ်သား အသုံးပြုမှုနဲ့ ပတ်သက်ပြီး နအဖစစ်အစိုးရကို နိုင်ငံတကာက မပြတ်ဝေဖန် ထောက်ပြနေပါတယ်၊၊ ကုလသမဂ္ဂအဖွဲ့က နအဖ စစ်တပ်မှာ ကလေးစစ်သားပေါင်း ၇ သောင်းကျော် ရှိတယ်လို့ ကြေညာ ထားတာကြောင့် စစ်အစိုးရက ကလေးစစ်သား တားဆီးကာကွယ်ရေး ကော်မတီ ဖွဲ့စည်းထားပေမယ့် ဟန်ပြအနေအထားပဲ ဖြစ်နေတယ်လို့ လူ့အခွင့်အရေး အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။
September 04, 2009
ထွက်ပြေးသည့် ကလေးစစ်သားကို ပြည်ခိုင်ဖြိုးက ဖမ်းဆီး၍ ဆုငွေယူရန် ကြိုးစား
Labels:
ကလေးအခွင့်အရေးသတင်း