စစ်အစိုးရ ဖွဲ့စည်းပုံ တရားနည်းလမ်းမကျ
2009-09-01 RFA
မြန်မာစစ်အစိုးရက ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတွေရဲ့ မူလ အခြေခံ အခွင့်အရေး မရှိတာရယ် ၊ မြန်မာနိုင်ငံတွင်း ကျင့်သုံးနေတဲ့ တရားစီရင်ရေးစနစ်နဲ့ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ထင်သလို ဖမ်းဆီးစစ်ဆေးမှုတွေဟာ တရားနည်းလမ်း မကျမှုတွေအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက မြန်မာ စစ်အစိုးရပေါ် တစုံတရာ အရေးယူ ဆောင်ရွက်ပေးဖို့ ဟောင်ကောင်အခြေစိုက် ALRC လို့ ခေါ်တဲ့ အာရှ ဥပဒေအရင်းအမြစ်ဌာနက စက်တင်ဘာ ၁ ရက် ဒီကနေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန် တောင်းဆိုလိုက်ပါတယ်။
အဖွဲ့ဟာ သူတို့ရဲ့ ဒီကြေညာချက်ကို အထောက်အထား အကိုးအကား အသေးစိတ်နဲ့အတူ အခုလာမဲ့ စက်တင်ဘာ ၁၂ ရက်ကနေ အောက်တိုဘာ ၂ ရက်နေ့ထိ ဆွစ်ဇာလန်နိုင်ငံ ဂျာနီဗာမြို့မှာ ကျင်းပသွားမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ၁၂ ကြိမ်မြောက် အစည်းအဝေးကို တင်ပြ တောင်းဆိုသွားမယ်လို့ သိရပါတယ်။ အခုလိုကြေညာချက် ထုတ်ရတာနဲ့ပတ်သက်ပြီး ALRCအဖွဲ့ရဲ့ ပြောခွင့်ရရှေ့နေ ဦးမင်းလွင်ဦးက RFA ကို အခုလို ရှင်းပြပါတယ်။
ALRC
ဦးမင်းလွင်ဦး။ ။ “မြန်မာနိုင်ငံ အတွင်းမှာ အရင် အာဏာပိုင် အစိုးရတွေကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေတယ်၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ဥပဒေမှာ နိုင်ငံသားတွေရဲ့ အခြေခံ မူလအခွင့်အရေးတွေ အတိအကျ မခံစားရတာရယ်၊ ပြဋ္ဌာန်းထားခြင်း မရှိတာရယ်၊ နောက်ပြီးတော့တခါ တရားစီရင်ရေး ဆိုင်ရာတွေမှာ ခိုင်မာတဲ့ အာမခံချက်တွေ မရှိတာတွေရယ်ကြောင့် ဒါတွေက မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင်အစိုးရ တရပ်ရပ်ကနေပြီးတော့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်လက်ရှိနေဦးမယ် ဆိုတာကို ကျွန်တော်တို့ လူ့အခွင့်အရေး ကောင်စီ လာမဲ့ အစည်းအဝေးအတွင်းမှာ ဒါတွေကို တင်ပြဆွေးနွေးထားဖို့အတွက် ရည်ရွယ်ပြီးတော့ ထုတ်ပြန်တာ ဖြစ်ပါတယ်ခင်ဗျ။ ”
ဂျာနီဗာမြို့မှာ ကျင်းပသွားမဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို တင်ပြသွားမဲ့ အသေးစိတ် အချက်အလက်တွေနဲ့ ပတ်သက်ပြီး ဦးမင်းလွင်ဦးက ခုလို ထပ်ပြောပါတယ်။
ဦးမင်းလွင်ဦး။ ။ “နိုင်ငံတကာကနေ စောင့်ကြည့်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု အသေးစိတ် ပါမှာ ဖြစ်တယ်၊ နောက်ပြီးတော့ တခါ ဒီ ကုလသမဂ္ဂ အကြီးအကဲ အတွင်းရေးမှူး ဘန်ကီမွန်းဆီကို စာရေးတဲ့အတွက် နှစ်ရှည်ထောင်ဒဏ် ပေးခြင်းခံရတဲ့ ဒေါက်တာ တင်မင်းထွတ်တို့၊ ဦးညီပုတို့ရဲ့ အမှု အသေးစိတ် သုံးသပ်ထားတဲ့ အချက်အလက်တွေ ပါမယ်၊ ဥပဒေတွေကို ဘယ်လို ချိုးဖောက်ပြီးတော့ ဆုံးဖြတ်ထားတယ်၊ နောက်ပြီးတော့တခါ တရားခွင်မှာ သက်သေတွေ တင်ပြခွင့်မရှိအောင် ဘယ်လိုမျိုး ဖန်တီးခဲ့တယ် ဆိုတာတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့ အသေးစိတ် ရေးသားထားတာ ဖြစ်တယ်။ နိုင်ငံတကာက စောင့်ကြည့်နေတဲ့ အမှုမှာ အခု ကျွန်တော်တို့ ဒီဥပဒေ၊ ပြည်တွင်း ဥပဒေ၊ ပြဋ္ဌာန်းထားတဲ့ ဥပဒေကိုပဲ ချိုးဖောက်တဲ့ ကိစ္စရပ်တွေကို အာဏာပိုင်တွေက ကျူးလွန်တယ်ဆိုတာကို ကျွန်တော်တို့ ထောက်ပြထားတဲ့အတွက် တစုံတခုတော့ အကျိုးသက်ရောက်မှု ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ ထင်မြင်ယူဆပါတယ်ခင်ဗျ။”
အရင်တုန်းကလဲ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကို အလားတူတောင်းဆိုမှုတွေ လုပ်ခဲ့ပြီး ထိရောက်မှုတွေလည်း ရှိခဲ့ကြောင်း ALRCအဖွဲ့ရဲ့ ပြောခွင့်ရရှေ့နေ ဦးမင်းလွင်ဦးက RFAကို ပြောဆိုပါတယ်။
September 02, 2009
BURMA/MYANMAR: Institutionalized denial of fundamental rights and the 2008 Constitution of Myanmar
Labels:
စာအုပ်များရယူရန်,
သတင်း