October 02, 2009

မြန်မာ့အရေး ကုလကော်မရှင်ဖွဲ့ဖို့ ကနေဒါလွှတ်တော်အမတ်တွေတောင်းဆို

VOA/ 01 October 2009

ကနေဒါနိုင်ငံ အော်တ၀ါမြို့က ကနေဒါ လွှတ်တော်အမတ်တွေနဲ့ မြန်မာ့အရေး လှုပ်ရှားသူတွေရဲ့ ဆွေးနွေးပွဲကနေ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေး အခြေအနေတွေအတွက် ကုလသမဂ္ဂက စုံစမ်းရေးကောက်မရှင်အဖွဲ့ကို ဖွဲ့ပြီး စုံစမ်းပေးဖို့ အမတ် ၇၀ ကျော်က လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေကို ကနေဒါနိုင်ငံမှာ ဒီသတင်းပတ်ထဲမှာ ဆက်တိုက်ကျင်းပနေပြီး ဗုဒ္ဓဟူးနေ့မှာတော့ သတင်းစာရှင်းလင်းပွဲတရပ်ကို ကျင်းပပြီး အခုလို တောင်းဆိုခဲ့တာပါ။ အကြောင်းစုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

ကနေဒါ အမတ် ၇၀ကျော်က မြန်မာနိုင်ငံမှာ စစ်အစိုးရဟာ လူသားချင်းမစာနာတဲ့ ရာဇ၀တ်မှုတွေကို ကျူးလွန်နေတာမို့ ဒါကိုအရေးယူ စုံစမ်းပေးဖို့ ကုလသမဂ္ဂကို တောင်းဆိုခဲ့တာလို့ မစ္စတာ ဘက်နဲလ် က အခုလို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စုံစမ်းစစ်ရေးရေးကော်မရှင်တရပ် ဖွဲ့စည်းပြီးစုံစမ်းပေးဖို့ ကနေဒါ ပါလီမန်ရဲ့ အထက်လွှတ်တော် အမတ် ၇၅ဦးတို့က ဒီနေ့ လက်မှတ်ရေးထိုးတောင်းဆိုလိုက်ပါတယ်။ အမေရိကန်နဲ့ ဗြိတိန်လွှတ်တော်တွေမှာ အလားတူတောင်းဆိုကြတာတွေထက် ကနေဒါ လွှတ်တော်မှာ တောင်းဆိုတဲ့ အမတ်အရေအတွက်က ပိုပြီး များပါတယ်။ "

လက်ရှိ မြန်မာနိုင်ငံမှာ ရက်စက်တဲ့ စစ်အာဏာရှင် အုပ်စိုးနေပြီး အပြစ်မဲ့ ပြည်သူတွေ နှစ်ပေါင်းများစွာ အနှိပ်စက်ခံနေရတာတွေအတွက် ကနေဒါ အစိုးရအနေနဲ့ ပူပန်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ တိုင်းရင်းသားတွေရဲ့ ကျေးရွာပေါင်း ၃၀၀၀ကို ဖျက်ဆီးပြစ်ခဲ့ပြီး ကလေးစစ်သားစုဆောင်းနေတဲ့၊ ပေါ်တာစွဲနေတဲ့ ပြည်တွင်းနဲ့ ပြည်ပကို အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ အနည်းဆုံး ၁သန်းခွဲလောက် ဖြစ်အောင်လုပ်နေတဲ့ စစ်အစိုးရက ကျင်းပဖို့ လုပ်နေတဲ့ ရွေးကောက်ပွဲကိုလည်း မယုံကြည်ဘူးလို့ ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ကျင်းပဖို့ လုပ်နေတဲ့ရွေးကောက်ပွဲဟာလည်း အတုအယောင်ပဲ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီရွေးကောက်ပွဲ ကို ဖြစ်ပေါ်စေတဲ့ အခြေခံဥပဒေဟာ စစ်အစိုးရ သက်ဆိုးရည်စေဖို့ ရေးဆွဲထားတာ သိသာနေပြီးတော့ အဲဒီ အခြေခံဥပဒေအရ ကျင်းပပေးမယ့် ရွေးကောက်ပွဲဟာလည်း လွတ်လပ်ပြီး တရားမျှတမှု ရှိမှာ မဟုတ်လို့ပါ။ ဒါ့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဒေါ်အောင်ဆန်းစုကြည်တွင် မကဘဲ တိုင်းရင်းသား ခေါင်းဆောင်တချို့လည်း ရွေးကောက်ပွဲမှာ ပါဝင်နိုင်မှာ မဟုတ်လို့ပါ။"

ကနေဒါ အစိုးရဟာ မြန်မာနိုင်ငံသားတွေအတွက် အကူအညီတွေကို အမြဲတမ်းပေးနေတယ်လို့ ဆိုပါတယ်။ ထိုင်းမြန်မာနယ်စပ် ဒေသမှာ ရောက်နေတဲ့ မြန်မာဒုက္ခသည်တွေကို အဖွဲ့အစည်းတွေကတဆင့် ထောက်ပံ့မှုတွေ ပေးတဲ့ အပြင် မြန်မာစစ်အစိုးရကို စီးပွားရေး ပိတ်ဆို့အရေးယူတဲ့ နိုင်ငံအားလုံးထဲမှာ ကနေဒါနိုင်ငံဟာ အပြင်ထန်ဆုံး ပိတ်ဆို့မှုတွေ ပြုလုပ်နေပြီး မြန်မာ့အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်းနိုင်ငံတွေက မြန်မာနိုင်ငံ ဒီမိုကရေစီရေး ပြောင်းလဲမှုတွေအတွက် အဓိက ပံ့ပိုးနိုင်တယ်လို့ ယုံကြည်တာကြောင့် ဒီနိုင်ငံတွေ ၀ိုင်းပြီး ဆောင်ရွက်လာအောင်ပါ လုပ်ဆောင်နေတယ်လို့ မစ္စတာ လယ်ရီဘက်နဲလ် က ပြောပါတယ်။

ကနေဒါ လွှတ်တော်အမတ် ၃၀၀ကျော် တက်ရောက်ခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဆွေးနွေးပွဲမှာ NCGUB ပြည်ထောင်စု မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာစိန်ဝင်းကို ဂုဏ်ပြုခဲ့တယ်လို့ ကနေဒါနိုင်ငံမှာ မြန်မာ့အရေးလှုပ်ရှားနေတဲ့ CFOB မြန်မာ့မိတ်ဆွေများတာဝန်ခံ ဦးတင်မောင်ထူးက ပြောပါတယ်။

"ဒီပါလီမန် တရပ်လုံးကနေပြီး အခုရောက်နေတဲ့ မြန်မာပြည် ညွှန့်ပေါင်းအစိုးရ ၀န်ကြီးချုပ်ဒေါက်တာ စိန်ဝင်းကို ဂုဏ်ပြုပွဲကိုလည်း ပြုလုပ်ပါတယ်။ အဓိကကတော့ မြန်မာပြည်မှာ ၁၉၉၀ ရွေးကောက်ပွဲ အရွေးချယ်ခံထားရတဲ့ ဒေါက်တာစိန်ဝင်း၊ ပြည်ပဘက်က မြန်မာပြည်ဒီမိုကရေစီရေးနဲ့ ၁၉၉၀ရွေးကောက်ပွဲရလဒ်ကို စွဲကိုင်ပြီးတော့ နိုင်ငံတကာမှာ ပုံစံအမျိုးမျိုးနဲ့ ဖိအားပေးလုပ်ဆောင်နေတဲ့ အစိုးရအဖွဲ့ရဲ့ ခေါင်းဆောင် တဦးလည်း ဖြစ်တာကြောင့် အခုလို ကနေဒါကို ရောက်နေခိုက်မှာ ပါလီမန် တရပ်လုံးက ဒေါက်တာစိန်ဝင်းဆိုတဲ့ နာမည်ကို ကြားတာနဲ့ ထပြီးတော့ လက်ခုပ်သြဘာတွေပေးပြီး ဂုဏ်ပြုကြတာ။"

ဝန်ကြီးချုပ်ဒေါက်တာစိန်ဝင်းအပြင် ထိုင်းနိုင်ငံနယ်စပ် မယ်တော်ဆေးခန်းက ဒေါက်တာစင်သီရာမောင်နဲ့ ရှမ်းတိုင်းရင်းသူ နန်းချန်ထောင်း အပြင် မြန်မာ့အရေးလှုပ်ရှားနေသူတွေဟာ ကနေဒါအစိုးရနဲ့ ပြည်သူတွေ မြန်မာ့အရေးကို ပိုသိလာစေဖို့ အောက်တိုဘာ ၁ရက်နဲ့ ၂ရက်နေ့တို့မှာလည်း ဆွေးနွေးဖို့ ရှိတယ်လို့ ဦးတင်မောင်ထူးက ပြောပါတယ်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP