ရန်ကုန်မြို့၊ ဗဟန်း မြို့နယ်ရှိ ရွှေဂုံတိုင် အထူးကု ဆေးခန်း ( SSC ) တွင် သေဆုံး ခဲ့သည့် အသက် ၁၅ နှစ်အရွယ် မခိုင်ရွှန်းလဲ့ရည် သေဆုံး ခဲ့မှု နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ် ချက်များကို ဒီဇင်ဘာလ ၂ရက် နေ့ ရက်စွဲဖြင့် ထုတ်ပြန် ခဲ့ပါသည်။
မြန်မာနိုင်ငံ ဆေးကောင်စီက မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ သုံးသပ်ဆုံးဖြတ်ရာတွင် ခွဲစိတ်ကုသခဲ့သော ဆရာဝန်ကြီးသည် လုပ်မှား၊ ကိုင်မှား၊ ဆုံးဖြတ်ချက်မှားခြင်း (Clinical Mistakes)၊ လူနာလုံခြုံမှု အတွက် မခွဲစိတ်ခင်နှင့် ခွဲစိတ်ပြီး လုံလောက်သော ဆောင်ရွက်မှု အားနည်းခြင်း (Pre-operative and Postoperative Assessment)၊ တာဝန်ယူမှု နှင့် တာဝန်ခံမှု အားနည်းခြင်း (Responsibility and Accountability) တို့ကို တွေ့ရှိရကြောင်း၊ သို့ပါ၍ မြန်မာနိုင်ငံ ဆေးကောင်စီမှ အဆိုပါ ခွဲစိတ်ကုဆရာဝန်ကြီးအား ဆေးကုသ ခွင့်လိုင်စင် ၅ နှစ်ရပ်စဲရန် (De-licensing) ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
၎င်းဖြစ်စဉ်တွင် ပူးတွဲတာဝန် ရှိခဲ့သော မေ့ဆေးဆရာဝန်၊ ပထမ လက်ထောက် ခွဲစိတ်ဆရာဝန်နှင့် သမားတော်ကြီးတို့အား ပြင်းထန်စွာ သတိပေးရန်လည်း မြန်မာနိုင်ငံ ဆေးကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း သိရ သည်။
ထို့ပြင် ဖြစ်စဉ်ဖြစ်ပွားခဲ့သည့် အထူးကုဆေးခန်းကြီးတွင်လည်း လူနာအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ထိရောက်မှုနှင့် လုံခြုံမှုရှိသောစနစ်နှင့် လုပ်ကိုင်ချက် အားနည်းနေသည်ကို တွေ့ရှိရကြောင်း၊ သို့ပါ၍ အဆိုပါ အထူးကုဆေးခန်းအား နောက်နောင်အလားတူကိစ္စများ မဖြစ်ပေါ်စေရန် ပြင်းထန်စွာ သတိပေးရန်နှင့် လူနာရှင်အား တောင်းပန်စေရန်၊ လုံခြုံစိတ်ချရ၍ အရည်အသွေးပြည့်မီသော ကျန်းမာရေး စောင့်ရှောက်မှုစနစ် (Safe and competent health care system) ကို စီစဉ်ဆောင်ရွက် ထားရေး အတွက် သတိပေးရန် မြန်မာနိုင်ငံဆေး ကောင်စီက ဆုံးဖြတ်ခဲ့ကြောင်း သိရသည်။
December 03, 2009
မခိုင်ရွှန်းလဲ့ရည် သေဆုံးမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဆေးကောင်စီ၏ ဆုံးဖြတ်ချက်များကို ထုတ်ပြန်
Labels:
ကြားကြားသမျှ