လိင်တူ ဆက်ဆံ မှုများက စိတ်ဓာတ် ရေးရာ နှင့် ကျန်းမာရေးကို ထိခိုက်စေနိုင်ရုံမက မှုခင်း ဖြစ်စဉ် များကိုပါ အားပေးရာ ရောက်လာ၍ လူငယ်များ လိင်အလွဲ အသုံးချ ဆွဲဆောင်မှု မခံရစေရန် စိတ်ပညာ၊ ဥပဒေပညာနှင့် ကျန်းမာရေးဆိုင်ရာ ပညာရှင် တို့က လူငယ်များကို သတိပေးပြောကြားခဲ့ပြီး လူငယ်များ နှင့်နီးစပ်ရာ အသိုင်းအ၀ိုင်းမှ လူကြီးမိဘ ဆရာသမားများ အနေဖြင့်လည်း လူငယ်များကို လမ်းညွှန် ထိန်းသိမ်းမှုများ ပြုလုပ်နိုင်ရန် လိုအပ်မှုရှိလာကြောင်း အသိပေးခဲ့ကြသည်။
''ပျိုဖော်ဝင်ပြီးတဲ့အချိန်မှာ လူငယ်တွေအနေနဲ့ လိင်မှုကိစ္စအတွေ့အကြုံကို စမ်းသပ်ရယူချင်စိတ် ဖြစ်ပေါ်တတ်ပါတယ်။ အဲဒီ အချိန်မှာ ပုံမှန်မဟုတ်တဲ့ အပြုအမူတွေမလုပ်ဖို့၊ မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်အောင်ကာကွယ်တတ်ဖို့၊ ဘေးအန္တရာယ် ဖြစ်ပေါ်မှု ကင်းဝေးအောင် ရှောင်ရှားနိုင်ဖို့ မိဘဆရာသမားတွေက နားလည်အောင် ရှင်းပြထားသင့်တယ်။ သိနားလည်တဲ့လူငယ် ဖြစ်သွားပြီဆိုရင် တစ်ယောက်ယောက်က လာဆွယ်ရင်တောင် အသိဉာဏ်နဲ့ သင့် မသင့် ဆုံးဖြတ်သွားနိုင်မှာပါ'' ဟု အငြိမ်းစား စိတ်ပညာပါမောက္ခ ဒေါ်ခင်အေးဝင်းက ပြောပြခဲ့သည်။
မြန်မာလူမှုဘ၀ အနေအထားအရ လိင်မှုရေးရာ ကိစ္စရပ်များအကြောင်းကို မိဘနှင့်သားသမီး၊ ဆရာနှင့်တပည့်ကဲ့သို့ လူမှုအသိုင်း အ၀ိုင်းများတွင် အသိပေးပြောဆို လမ်းညွှန်မှုများ နည်းပါးခဲ့သော်လည်း ၂၀ ရာစုနှောင်းပိုင်းမှစ၍ ကမ္ဘာအရပ်ရပ်မှ ယဉ်ကျေးမှုများတစ်နေရာမှ တစ်နေရာသို့ ကူးလူးဖလှယ်ခဲ့ခြင်းနှင့် လိင်မှုရေးရာများမှတစ်ဆင့် ပေါ်ပေါက်လာနိုင်သော ရောဂါများ ပေါ်ထွက်ခြင်းကြောင့် မျိုးဆက်တစ်ဆက်မှ တစ်ဆက်သို့ လက်ဆင့်ကမ်း လမ်းညွှန်ထိန်းသိမ်းမှုများ ပိုမိုလိုအပ်လာခဲ့ပြီဖြစ်ကြောင်း ပညာရှင်များ၏ ပြောကြားချက်အရ သိရသည်။
ဒေါက်တာခင်ငြိမ်းချမ်း (Medical Coordinator/Team Leader - National Medical Coordination Team) AZG-ဟော်လန်ကလည်း ''လူငယ်တွေကို အသိပညာပေးထားသင့်ပါတယ်။ တချို့နိုင်ငံမှာငယ်ငယ် လေးကတည်းက
မိန်းကလေးကိုရော ယောက်ျားလေးကိုပါ ဘယ်နေရာတွေကိုတော့ သူများတွေမထိစေနဲ့၊ မကိုင်စေနဲ့၊ ဘယ်နေရာကို ဘယ်လိုထိရင် ဘယ်လိုအော်ရမယ်ကအစ သင်ပေးထားတယ်။ ကိုယ့်ရဲ့အမေအရင်းက လွဲလို့ ဘယ်သူမှထိလို့မရဘူး၊ ဒါတွေက ကလေးတွေရဲ့ ကိုယ်ပိုင်နေရာလို့ ခေါ်တယ်၊ ဒါကို ထိန်းသိမ်းရမယ် ဆိုပြီးသင်ပေးတာမျိုးရှိတယ်''ဟု ပြောကြားခဲ့သည်။
အဆိုပါ ကျားသဘာဝနှင့် မသဘာဝ နှစ်မျိုးလုံး ရယူခံစားသူများကို လူသွားလူလာ ထူထပ်သည့် နေရာများ၊ လူသူဝင်ရောက်မှု နည်းပါးသော အများသုံးအိမ်သာများ၊ လက်ဖက်ရည်ဆိုင်နှင့် စားသောက်ဆိုင် အချို့တွင် မြင်တွေ့ရလေ့ရှိကြောင်း သိရသည်။
ယင်းကဲ့သို့ အခြေအနေမျိုးသည် ကိုယ်ခန္ဓာတွင်ဖြစ်ပေါ်လာသော ဇီဝကမ္မပြောင်းလဲမှုကြောင့်လည်းကောင်း၊ ပတ်ဝန်းကျင် အနေအထား၏ ရိုက်ခတ်မှုကြောင့်လည်းကောင်း၊ တဏှာရမ္မက်စိတ် လွန်ကဲမှုများဖြစ်ခြင်းကြောင့် ကျားသဘာဝနှင့် မသဘာဝ နှစ်မျိုးလုံး ရယူလိုမှုကြောင့်လည်းကောင်း ဖြစ်ပေါ်လာနိုင်ကြောင်း ပညာရှင်များ၏ ပြောကြားချက်များအရ သိရသည်။
''ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံ၊ ၀တ်ပုံစားပုံ၊ နေပုံထိုင်ပုံက ယောက်ျားပုံစံဖြစ်ပေမယ့် လိင်မှုကိစ္စကို ကျားသဘာဝရော၊ မသဘာဝ ပုံစံနဲ့ပါ ရယူခံစားချင်ကြတယ်။ ဒါက အခွင့်အလမ်းသာမယ်ထင်လို့ လုပ်တာလား၊ ဖက်ရှင်လိုဖြစ်ပြီး လုပ်ချင် ကြတာလား စဉ်းစားကြည့်ဖို့လိုမယ်။ စိတ်ပညာအရ စဉ်းစားကြည့်ရင် သူတို့ဆီမှာ ယောက်ျားချင်းလိုချင်တဲ့ တပ်မက်စိတ် ပိုများနိုင်တယ်။ အပေါင်းအသင်းကို တရားလွန် ခင်မင်စိတ်ကြောင့်လည်း ဖြစ်နိုင်တယ်။ စိတ်မလုံခြုံတဲ့ကလေးတွေဆိုရင်
ပိုဖြစ်သွားနိုင်တယ်။ လူတွေရဲ့ အထင်ကြီးမှု၊ ယုံကြည်မှု၊ ချစ်ခင်မှု၊ ဂရုစိုက်မှု၊ အသိအမှတ်ပြုမှုတို့ကို ရတာ နည်းတဲ့ကလေးတွေမှာ
စိတ်လုံခြုံမှုမရှိနိုင်ဘူး။ အဲဒီလို ကလေး တွေက ပိုပြီးလမ်းလွဲနိုင်တဲ့အတွက် သတိထားဖို့လိုတယ်''ဟု ဒေါ်ခင်အေးဝင်းက
သုံးသပ်ခဲ့သည်။
ပုံမှန်လမ်းကြောင်းမဟုတ်သည့် လိင်ဆက်ဆံမှုများသည် ကာလသား ရောဂါပိုးနှင့် HIV ပိုးကဲ့သို့ လိင်မှ တစ်ဆင့် ကူးစက်နိုင် သည့် ရောဂါ ပိုးများ ပိုမိုဝင်ရောက်နိုင်သည့်အခွင့် အလမ်းများ တည်ရှိနေကြောင်း ဆေးပညာရှင်များက ပြောကြားခဲ့သည်။
''သဘာဝက လိင်ဆက်ဆံဖို့ ပေးထားတာမဟုတ်တဲ့ လမ်းကြောင်းကနေ အကာအကွယ်မဲ့ ဆက်ဆံမှုပြုမယ် ဆိုရင် ရောဂါပိုးတွေ ၀င်ရောက်နိုင်ဖို့ အခွင့်အလမ်းပိုများပါတယ်။ သူ့လမ်းကြောင်းမှာ သဘာဝအရ ဖြစ်ပေါ်လာမယ့် ချောဆီမရှိတဲ့အတွက် အပေါက်အပြဲ သွေးထွက်သံယိုဖြစ်နိုင်တယ်။ ကိုယ့်မှာပဲဖြစ်ဖြစ် ဆက်ဆံဖော်မှာပဲဖြစ်ဖြစ် HIV ပိုးအပါအ၀င် လိင်ဆက်ဆံမှုကတစ်ဆင့် ပြန့်ပွားနိုင်တဲ့ ရောဂါပိုးတွေ ရှိနေမယ်ဆိုရင် ကူးစက်ခံရနိုင်ပါတယ်'' ဟု ဒေါက်တာခင်ငြိမ်းချမ်းက ရှင်းပြခဲ့သည်။
''မိန်းကလေးငယ်တွေသာမက ယောက်ျားလေးတွေကိုပါ မိဘတွေက ဂရုစိုက်သင့်တယ်။ အများစုက မိန်းကလေးငယ်တွေကိုပဲ ယောက်ျားလေး မိတ်ဆွေတွေ၊ ဆွေမျိုးတွေနဲ့ အတူတူ ညမအိပ်ခိုင်းတာရှိပေမယ့် ယောက်ျားလေးငယ်တွေကိုတော့ ယောက်ျားချင်းပဲ သင့်တော်တယ်ဆိုပြီး ခွင့်ပြုလေ့ရှိတယ်။ အမှန်က ယောက်ျားလေးတွေကလည်း ဆွေမျိုးယောက်ျားကြီးတွေရဲ့ လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချတာ ခံရနိုင်တယ်။ အဲဒီလိုငယ်ငယ်လေးနဲ့ လိင်အလွဲ အသုံးချတာခံလိုက်ရရင် အဲဒီအသုံးချခံရမှု အပေါ် သာယာစိတ်ဝင်သွားနိုင်ပြီး ယောက်ျားလေး သဘာဝစိတ် ပျောက်သွားတတ်ပါတယ်။ ကြီးလာရင် မိန်းကလေး သဘာဝစိတ်ဖြစ် ပေါ်သွားတတ်ပါတယ်။ ဒါကြောင့် မိန်းကလေးတွေကိုသာမက ယောက်ျားလေး တွေကိုပါ လူကြီးမိဘတွေက
ဂရုတစိုက် ထိန်းသိမ်းသင့်ပါတယ်''ဟု အထူးကုဆရာဝန်တစ်ဦးက ဆိုပါသည်။
လိင်တူဆက်ဆံရာမှတစ်ဆင့် မှုခင်းဖြစ်စဉ်များကို အားပေးရာ ရောက်ခဲ့ပြီး သက်ဆိုင်ရာမှ အရေးယူခဲ့ရသည့် လိင်တူဆက်ဆံမှုနှင့် ဆက်နွှယ်သည့် မှုခင်းဖြစ်စဉ်များလည်းရှိခဲ့ကြောင်းလည်း သိရသည်။ ယင်းဖြစ်စဉ်များထဲတွင် အရွယ်ရောက်ပြီး အမျိုးသားအချို့မှ အမျိုးသမီးစိတ်ဝင်ကာ လိင်ပိုင်းဆိုင်ရာ၌ အခြားသော အမျိုးသားများအား ဆွဲဆောင်ခဲ့ရာမှ ပစ္စည်းလု လူသတ်ခဲ့သည့် မှုခင်းဖြစ်စဉ်များ ဖြစ်ပွားခဲ့ကြောင်း၊ AIDS ဝေဒနာခံစားနေရသူ မိန်းမလျာတစ်ဦးအား AIDS ဝေဒနာပျောက်ဆေးဟုဆိုကာ ဆေးခတ်တိုက်ကျွေးခဲ့ပြီး ပစ္စည်းများလုယူ ခဲ့သည့် ဖြစ်စဉ်လည်းရှိခဲ့ကြောင်းနှင့် အရွယ်ရောက်ပြီး အမျိုးသားအချို့က အရွယ် မရောက်သေးသူ အမျိုးသားအချို့အား လိင်ပိုင်းဆိုင်ရာအလွဲအသုံး ချဆွဲဆောင်ခဲ့သည့် ဖြစ်စဉ်များလည်း ရှိခဲ့ကြောင်း သိရသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ သက်ဆိုင်ရာကလည်း အရေးယူနိုင်ခဲ့ကြောင်း သိရသည်။
လိင်ပိုင်းဆိုင်ရာ အလွဲအသုံးချမှုကဲ့သို့ ဓမ္မတာနှင့်ဆန့်ကျင်သော လိင်ဆက်ဆံမှုများသည် ပြစ်မှုဆိုင်ရာ ဥပဒေအရ အရေးယူ ခံရနိုင်ကြောင်း သိရသည်။ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၇၇ တွင် ယောက်ျားနှင့်ဖြစ်စေ၊ မိန်းမနှင့်ဖြစ်စေ၊ တိရစ္ဆာန်နှင့်ဖြစ်စေ မည်သူမဆို မိမိအလိုအလျောက် ဓမ္မတာနှင့် ဆန့်ကျင်သော ကာမစပ်ယှက်မှုကိုပြုလျင် ထိုသူကို တစ်သက်တစ်ကျွန်းဒဏ်ဖြစ်၊ ဆယ်နှစ်အထိ ထောင်ဒဏ်အမျိုးမျိုးဖြစ်စေ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ် နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း
မဟာသုတေသန စာတမ်းဆိုင်ရာဘွဲ့ ရထားသူ ဥပဒေအတိုင်ပင်ခံတစ်ဦး ကရှင်းပြခဲ့သည်။
ပြစ်မှုပုဒ်မ ၃၇၇ အရ ပြစ်မှု ထင်ရှားသူကို ၀ရမ်းမပါဘဲ ဖမ်းဆီးခွင့်ရှိပြီး အာမခံမပေးနိုင်သည့်အပြင် ကျေအေးခွင့်လည်း မရှိသောကြောင့် ဓမ္မတာနှင့်ဆန့်ကျင်သော လိင်အလွဲအသုံးချနေသူများ သတိထားသင့်ကြောင်း ဥပဒေပညာရှင်အချို့က အသိပေးပြောကြားခဲ့ကြသည်။
http://www.hanthawaddy.org/2010/01/blog-post_6695.html
January 23, 2010
လိင်တူဆက်ဆံမှုများက စိတ်ဓာတ်ရေးရာ နှင့် ကျန်းမာရေး ကို ထိခိုက်စေနိုင်ရုံမက မှုခင်း ဖြစ်စဉ် များကိုပါ အားပေးရာ ရောက်
Labels:
လေ့လာပါ။ မှတ်သားပါ