January 07, 2010

သတင်းထောက် မလှလှဝင်းကို ပြစ်ဒဏ်ချမှတ်မှု ၂၀၁၀ ရွေးကောက်ပွဲ သတင်းရယူခွင့်ကို ခြိမ်းခြောက်

သတင်းထောက် မလှလှဝင်းကို ထောင်ဒဏ် (၂၇) နှစ် ချမှတ်လိုက်ခြင်းသည် ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း သတင်းရယူခွင့်ကို ခြိမ်းခြောက်လိုက်ခြင်းဖြစ်သည်ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က သုံးသပ်ပြောကြား လိုက်သည်။စစ်အစိုးရက နော်ဝေးနိုင်ငံအခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) သတင်းထောက် မလှလှဝင်းကို တရားမ၀င် ဆိုင်ကယ်စီးနင်းမှုဖြင့် ထောင်ဒဏ် (၇) နှစ် ချမှတ်ထားခြင်းကို အီလက်ထရောနစ် ဥပဒေဖြင့် ၂၀၀၉ ခုနှစ် ဒီဇင်ဘာလ (၃၁) ရက်နေ့တွင် ပခုက္ကူ ခရိုင်တရားရုံးက ထောင်ဒဏ် နှစ် (၂၀) ထပ်တိုး ချမှတ်လိုက်ခြင်းဖြစ်သည်။

မလှလှဝင်းသည် အသက် (၂၅) နှစ်အရွယ်ရှိပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလအတွင်းတွင် ပခုက္ကူမြို့ရှိ ဘုန်းကြီးကျောင်းတိုက် တခုမှ သတင်းယူပြီးအပြန် လမ်း၌ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ပြီး ယင်းသို့ ဖမ်းဆီးခံရစဉ်က ၎င်းအား တရားမ၀င်ဆိုင်ကယ်စီးနင်းမှုဖြင့် ပခုက္ကူမြို့နယ်တရားရုံးက ထောင်ဒဏ် (၇) နှစ် ချမှတ်ခဲ့သည်။

“သတင်းထောက် တယောက်ကို ဒီနှစ်ထဲမှာပဲ၊ ဒီလို အချိန်အခါမျိုးမှာပဲ၊ သူတို့ရွေးကောက်ပွဲ လုပ်မယ်လို့ ပြောနေတဲ့ အချိန်အခါမှာပဲ ဒီလောက်ပြင်းပြင်းထန်ထန် နှိပ်ကွပ်ပြလိုက်တာဟာ လာမယ့်တနှစ်လုံး ဒီရွေးကောက်ပွဲ ကာလတလျှောက်လုံးမှာ ဒီလွတ်လပ်စွာ သတင်းရယူခွင့်တို့၊ လွတ်လပ်စွာ သတင်းရေးသားခွင့်တို့၊ သတင်းဖော်ပြခွင့်တို့ လုံးဝကို ပိတ်ဆို့သွားပြီ၊ ပိတ်နှောင်သွားပြီ ဆိုတာကို ပြတာပဲ” ဟု ၀ါရင့်သတင်းစာဆရာကြီး ဦးဝင်းတင်က ပြောကြားသည်။

သတင်းထောက် မလှလှဝင်းကို ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းမှာ လူသားချင်း စာနာထောက်ထားမှု ကင်းမဲ့မှု၊ သတင်းလွတ်လပ်ခွင့် ဆိတ်သုဉ်းမှု၊ ယခုနှစ်တွင် ကျင်းပမည့် ရွေးကောက်ပွဲအပေါ် စစ်အစိုးရ သဘောထားထင်ဟပ်မှုတို့ကို ဖော်ပြနေခြင်းဖြစ်သည်ဟုလည်း သတင်းမီဒီယာ အသိုင်းအ၀ိုင်းက သုံးသပ်ကြသည်။

“လူတယောက်အနေနဲ့ ကြည့်တဲ့အခါ ဒီ အသက်အရွယ်အပိုင်းအခြားနဲ့ လုပ်တဲ့အမှုက ဒီ နှစ် (၂၀) တို့ ဘာတို့ဆိုတာ လူသတ်မှု ပြစ်ဒဏ်ပေါ့ဗျာ။ ဒါကတော့ လူတယောက်အနေနဲ့ တရားလွန်တယ်” ဟု သတင်းစာဆရာကြီး ဦးဝင်းတင်က ဆိုသည်။

ပြည်တွင်းသတင်းစာလောက အသိုင်းအ၀ိုင်းကမူ ယခုကဲ့သို့ သတင်းထောက်တယောက်အပေါ် ပြစ်ဒဏ်ကြီးကြီး ချမှတ်လိုက်ခြင်းသည် လာမည့် ရွေးကောက်ပွဲကာလအတွင်း လွတ်လပ်စွာ သတင်းရယူ ဖော်ပြရေးသား ပြောဆိုပါက အနည်းဆုံး ထောင်ဒဏ် နှစ်(၂၀) ဟု ပြသလိုက်ခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။
ခေတ်ပြိုင်

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP