January 23, 2010

ကလေးတစ်ယောက်ရဲ့ အခွင့်အရေး


Saturday, January 23, 2010

မြေကြီးပေါ်မှာ ထောင်ထားတဲ့ အပ်တစ်ချောင်းနဲ့ မိုးပေါ်က ကျလာတဲ့ အပ်တစ်ချောင်း ထိဖို့မလွယ် သလို ကလေး တစ်ယောက် ရဖို့ကလည်း မလွယ်ဘူးလို့ ဆိုကြတယ်။ ကလေးတစ်ယောက် ရဖို့ဆိုတာကလည်း အရက်မူးပြီး မှားလို့ပဲဖြစ်ဖြစ် တားဆေး အကာအကွယ် မသုံးမိလို့ပဲ ဖြစ်ဖြစ် ရလွယ်ပြန်တယ်လည်း ဆိုကြတယ်။ ဘယ်လိုပဲ ဆိုဆို Anna ဆိုတဲ့ ကလေးမလေးကိုတော့ Engineered လုပ်ပြီး မွေးထားတာပါ။ ၃ ယောက်မှာ အငယ်ဆုံး ဖြစ်တဲ့ Anna ကို ဖန်ပြွန်သန္ဓေနည်းနဲ့ မွေးယူထားတာပါ။

ကလေးမရနိုင်တော့လို့ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိနဲ့ ကလေးမလေးကို မွေးခဲ့တာပါ။ သူ့အစ်မ သွေးကင်ဆာ ရောဂါသည်လေး Kate အတွက် သွေးထုတ်ယူဖို့ သူ့ဟာ လူ့လောကထဲကို ရောက်လာတာပါ။ ဒါကြောင့်လည်း Genetically Match ဖြစ်အောင် ဖန်ပြွန်နည်းနဲ့ မွေးယူထားတာပါ။ အစကတော့ သွေးပဲ ထုတ်ယူတယ်။ နောက်တော့ ကျောရိုးထဲနေ ရိုးတွင်းခြင်ဆီ ထုတ်ယူတယ်။ ဒီလို ထုတ်ယူပြီးရင် Anna အတွက် သုံးလေးရက်လောက် အိပ်ရာထဲ လဲနေတာမျိုး။ အဲဒီအတွက်တော့ ကလေးမလေးကို လည်ဆွဲလေးတွေ ဘာလေးတွေ ပေးကြပါတယ်။

သူ့ အသက် ၁၁ နှစ်အရွယ်၊ သူ့အစ်မ Kate ရဲ့ ကျောက်ကပ်တွေဟာ ပျက်စီးစ ပြုလာတဲ့ အတွက် Anna ရဲ့ ကျောက်ကပ်တစ်ခုကို ထုတ်ယူဖို့ စီစဉ်ကြတယ်။ အဲဒီလောက်အထိတော့ ကလေးမလေးလည်း မခံစားနိုင်တော့လဲ နာမည်ကြီး ရှေ့နေတစ်ယောက် အကူအညီနဲ့ သူ့မိဘတွေကို တရားပြန်စွဲပါရော။

ကလေးတွေ အမေက အရင်တုန်းက ရှေ့နေပါ။ သူ့သမီးလေးမှာ ကင်ဆာရှိကတည်းက အလုပ်ထွက်ပြီး အချိန်ပြည့် သမီးကိုပဲ ပြုစုလာတာပါ။ သူ့ရင်ထဲမှာ သူ့ခေါင်းထဲမှာတော့ သမီးကြီးလေး Kate ကျန်းမားရေးက ပထမ ပါပဲ။ ပြီးတော့ Anna က သူ့အစ်မ အတွက် လုပ်ပေးတာပဲလို့ ရိုးရိုးပဲတွေးပါတယ်။ သမီးလေး Anna က တရားပြန်စွဲတယ်ဆိုတာ သိလိုက်ရတော့ တုန်လှုပ်သွားပေမယ့် စာတွေ ပြန်ဖတ်ပြီး သမီးအကြီးလေး Kate အတွက် တရားရုံးမှာ ရင်ဆိုင်ဖို့ ပြင်ဆင်ပါတော့တယ်။

တရားခွင်မှာ သမီးလေး Anna က သူ ခံစားခဲ့ရတာတွေ၊ သူပေးဆပ်ခဲ့ရတာတွေကို ဘယ်လို ဖော်ထုတ်မလဲ။ ကလေးအဖေကရော ဘယ်သမီးဘက်ကလိုက်မလဲ။ ကလေးအမေကရော သေအံ့မူးမူး ဖြစ်နေတဲ့ Kate အတွက် ဘယ်လို တရားရင်ဆိုင်မလဲ။ နောက်ဆုံး ဘယ်လို ကံကြမ္မာနဲ့ ဒီမိသားစု ရင်ဆိုင်ရမလဲဆိုတာကိုတော့ အခွေသာ ငှားကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကားက မနှစ် ကတည်းက ရုံတင်တာဆိုတော့ အခုမှ အခွေထွက်လို့ ကြည့်ဖြစ်တာပါ။ Trailer ကြည့်ပြီးကတည်းက ကတုံးတွေ တွေ့လိုက်လို့ ကင်ဆာနဲ့ ပတ်သက်တဲ့ ကားပဲ ကြည့်ကောင်းမှာပဲ တွေးပြီး ငှားကြည့်ဖြစ်တာ မှန်သွားတယ်။ တော်ရုံလည်း ရုပ်ရှင်မကြည့်တဲ့ သူမကတော့ ကြည့်ပြီးတော့ ငိုနေလို့ မနည်း ဖြောင်းဖြရသေးတယ်။ သရုပ်ဆောင်တွေ ဒါရိုက်တာတွေကတော့ ပုံမှန်ပါပဲ။ မိဘကို တရားစွဲတဲ့ ကလေး၊ ကင်ဆာရောဂါသည် ကလေး၊ ဒီလို မောင်နှမတွေကြား က အကြီးကောင်လေး၊ ဒီကလေးတွေအတွက် ဘ၀ကို ပုံအောထားတဲ့ ကလေးအမေ၊ ဒီလိုမိသားစုရဲ့ အိမ်ထောင်ဦးစီ စတဲ့ အဓိက သရုပ်ဆောင်တွေ အပြင် တရားသူကြီး၊ ရှေ့နေတွေ ဆရာဝန်တွေက သူ့ အခန်းနဲ့သူ အပိုအလိုမရှိ သရုပ်ဆောင်သွားပါတယ်။ ဇာတ်ကောင်တွေရဲ့ နာမည်ကို စာတန်းထိုး မိတ်ဆက်ပေးတာကတော့ အင်မတန်ချာလွန်းပါတယ်။ (ဘိုနာမည်တွေ မှတ်ရခက်တဲ့ ကျွန်တော့် အတွက်များလားပဲ။) ဒါကလွဲရင်တော့ အစအဆုံး ဇာတ်လမ်းထဲမှာ မျောဝင်ပြီး ကြည့်နိုင်တဲ့ Drama ဇာတ်ကားကောင်းတစ်ခုပါ။

ဇာတ်လမ်းမှာ ကလေးမလေးက သူ့မိဘတွေကို Medical Emancipation အတွက် တရားစွဲပါတယ်။ Emancipation ဟာ 'လွတ်မြောက်ခြင်း' လို့ အဓိပ္ပါယ်ရပြီး Medical Emancipation ကိုတော့ တရားရေးရာမှာ ဘယ်လိုပြောမယ် မသိပါဘူး။ 'ကိုယ်ပိုင်ဆန္ဒနှင့် အညီ ဆေးကုသခွင့်' ရရှိရေးလို့ပဲ ပြောမလားပဲ။ အချုပ်ဆိုရရင်တော့ ကလေးတွေက အသက်မပြည့်သေးရင် မိဘရဲ့ အုပ်ထိန်းမှုအောက်မှာ ရှိသေးတဲ့ အတွက် ကလေးတွေကို ဆေးကု ဆေးရုံတင်တဲ့ အခါ အုပ်ထိန်းသူရဲ့ ခွင့်ပြုချက် ပါရတယ်။ တနည်းအားဖြင့် ကလေး ဆေးကုသဖို့ကို မိဘက ခြယ်လှယ်နိုင်ပါတယ်။ အဲဒီအတွက် လက်ရှိ မိဘအုပ်ထိန်းသူရဲ့ လက်အောက်ကနေ လွတ်ပြီး တခြား တစ်ယောက်ပဲဖြစ်ဖြစ် ကလေး ကိုယ်တိုင်အတွက်ပဲ ဖြစ်ဖြစ် လိုအပ်သလို စီမံခွင့်ပါ။ ပုံမှန်အားဖြင့်တော့ ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ကျသွားရင် သူတို့ဆန္ဒနဲ့ သူတို့ ဆေးကုသပိုင်ခွင့် အတွက် အသုံးချကြတယ် ဖတ်ရပါတယ်။ မိဘအုပ်ထိန်းသူ အောက်က ကလေးတစ်ယောက်ကို သူ့ဆန္ဒမပါဘဲ သူ့ကျောက်ကပ်ကို ထုတ်ယူမည်ဆိုတဲ့ အတွက် ဒီလုပ်ထုံးလုပ်နည်းကို ဇာတ်လမ်းထဲမှာ အသုံးပြုသွားပါတယ်။

ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေကို တစ်ယောက်ကနေ တစ်ယောက် ထုတ်ပြောင်း ခွဲစိတ်လို့ ရနေတဲ့ ခေတ်ကြီးမှာတော့ ကျောက်ကပ် တစ်ခုထုတ်တာကို သတ်သတ်မှတ်မှတ် အခြေအနေ တစ်ရပ်မှာ ကြည့်လိုက်ရင်တော့ စိတ်ဝင်စားဖွယ် ဇာတ်လမ်း ဖြစ်လာတာပဲ။ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေလိုအပ်တဲ့ အချိန် အသင့် ရှိနေအောင် ကိုယ်ဘာကိုယ် Clone လုပ်ပြီး မွေးထားတဲ့ The Island ဇာတ်ကားထပ်တော့ ဒီကားကို အများကြီး ပိုကြိုက်မိပါတယ်။ အကျဉ်းသားတွေဆီကနေ ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ထုတ်နေတယ်လို့ တရုတ်ပြည်ကြီးမှာ လူမျိုးစု တစ်စုက ဖော်ထုတ်လိုက်တာ အိန္ဒိယမှာ ဖိလစ်ပိုင်မှာ မိသားစုအတွက် ၀မ်းရေးအတွက် ကျောက်ကပ်တစ်လုံး ဒေါ်လာ ၅ထောင် ၁သောင်းနဲ့ ရောင်းစားနေတယ် ကြားနေရပါတယ်။ ဥပဒေရှိတဲ့ အခွင့်အရေးရှိတဲ့ နေရာမှာတော့ ကလေးတစ်ယောက်ကို (မိဘဖြစ်နေဦးတော့) ဘယ်သူရန်ကနေ ဖြစ်ဖြစ် အကာအကွယ်ရှိပါလားလို့ ဒီကားမှာ ကြည့်လိုက်ရတယ်။

သြစတြေးလျလို နိုင်ငံမှာတော့ ကိုယ့်ကလေးကို ကိုယ်ရိုက်မိရင်တော့ အရပ်ကဖြစ်ဖြစ် ကျောင်းကဖြစ်ဖြစ် အုပ်ထိန်းသူ လုပ်ပြီး မိဘကို တရားစွဲနိုင်တယ် ကြာားမိပါတယ်။ မိဘနဲ့ တရားတတောင် ပြိုင်ဆိုင်တယ် ဆိုတာကတော့ မြန်မာဗုဒ္ဓဘာသာ တစ်ယောက်အနေနဲ့ မကြုံဘူးတော့ ဇာတ်လမ်းကို အစမှာ တစ်ဘက်ကနေ ကြည့်မိပါတယ်။ နောက်တော့မှ ကလေးမလေး Anna ကို သနားစိတ် ၀င်လာတာပါ။ ပြီးတော့ ကိုယ်တိုင်လည်း မိဘအနေနဲ့ အချိန်ပိုင်း တစ်ခုမှာ ကိုယ့်သားသမီးတွေ အကုန်လုံးကို တပြေးညီ ချစ်နိုင်ပါ့မလားဆိုတဲ့ မေးခွန်းလည်း ဖြစ်စေပါတယ်။

သားသမီးဆိုတာ ရတနာပါပဲ။ ဒါပေမယ့် နာတာရှည် မကျန်းမာတဲ့ ကလေးရဲ့ မိဘအနေနဲ့ တွေးမိရင်တော့ မိဘအတွက်လည်း ၀ဋ်ကြွေးတစ်ခု ကပ်တစ်ခု ကျိန်စာတစ်ခုအလားပါပဲ။ အရင်တုန်းက ဘုရားမှာ ဆုတောင်းဖြစ်ရင် အလုပ်ကောင်းပါစေ ထီပေါက်ပါစေ ဆုတောင်းတယ်။ အခုတော့ သားသမီးကံ ကောင်းပါစေပဲ ဆုတောင်းတော့တယ်။ သားသမီးတွေဟာ မိဘတွေအတွက် ၀ဋ်ကြွေးတစ်ခု အနှောက်အယှက် တစ်ခု မဖြစ်စေဖို့ မိဘအနေနဲ့ရော သားသမီးအနေနဲ့ပါ ဆုတောင်းတယ်။ အရင်တုန်းက ဆေးထိုးရင်း ကလေးက (ဘာကြောင့်မှန်းမသိ) ပိုလီယိုဖြစ်သွားတယ် ကြားမိတော့ အခု ကလေးတွေ ဆေးထိုးရင် (မဖြစ်နိုင်တော့ မှန်းသိပေမယ့်) မဖြစ်ပါစေပဲ အထပ်ထပ် ဆုတောင်းနေတော့တယ်။ ကလေးဆိုတာကလည်း ဘယ်ကဘယ်လို လာမှန်း မသိနိုင်တဲ့ ကင်ဆာမပြောနဲ့ ဆော့ရင်း ချောလဲရင်းနဲ့တောင် ဘ၀တစ်ခုလုံး အတွက် အတိမ်းအစောင်းဖြစ်သွားနိုင်တာတွေ တွေ့ဖူး ကြားဖူးနေတော့ ဒါဟာ ဘယ်လိုမှ မခံစားနိုင်တဲ့ ကြောက်မက်ဖွယ် ကံအကြောင်းတစ်ခုပါပဲ။ ဒီကားကြည့်ပြီး သူမငိုတယ်ဆိုတာလည်း ဘာကြောင့်ဆိုတာ ကျွန်တော်လည်း ခံစားနိုင်ပါတယ်။ ။
http://wesheme.blogspot.com/2010/01/my-sister-keeper.html

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP