Friday, 12 March 2010 ခက်ထန်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးခွဲများ ပြန်လည်ဖွင့်ခွင့် ရပြီးနောက် လတ်တလောတွင် အချက် ၂ ချက်ကို အဓိကထား လုပ်ဆောင်ကြရန် ဒေါ်အောင်ဆန်း စုကြည်က ညွှန်ကြားကြောင်း သိရသည်။
ရွှေဂုံတိုင်ကြေညာစာတမ်းကို ဟောပြောဆွေးနွေးကြရန်နှင့်၂၀၀၈ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေကို အဘယ့်ကြောင့် လက်မခံ သင့်ကြောင်း ဆွေးနွေးကြရန်ဟူသော အချက်များဖြစ်သည်။
ယမန်နေ့က ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဉာဏ်ဝင်းတို့ ၂ နာရီကြာတွေ့ဆုံရာတွင် ထိုသို့ ပြောဆိုခြင်းဖြစ်သည်။
“ရွှေဂုံတိုင်ကြေညာစာတမ်းကို ဟောပြောဆွေးနွေးမှုတွေ လုပ်ရမယ်ဆိုတာက လူထုရော၊ NLD အဖွဲ့ဝင်တွေပါ များများ သိမြင် နားလည်စေဖို့ ရည်ရွယ်ချက်နဲ့လုပ်ဖို့ အကြံပြုတာပါ”ဟု ဦးဉာဏ်ဝင်းက ပြောသည်။
ဥပဒေကို လူတိုင်းနားလည်စေရန်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဘာကြောင့် လက်မခံသင့်ကြောင်းဆွေးနွေးစေလိုခြင်း ဖြစ်သည်ဟု သိရသည်။
ပြဌာန်းလိုက်သည့် ရွေးကောက်ပွဲ ဥပဒေများက လူ့အခွင့်အရေး ချိုးဖောက်နေမှု၊ ပြဌာန်းချက်များက ဥပဒေနှင့် တိုင်းပြည်၏ ဂုဏ်သိက္ခာထိခိုက်နေမှုကို NLD အပါအဝင်၊ အခြားအင်အားစုများနှင့် တိုင်းရင်းသားများကပါ အရေးထားဆောင်ရွက်ကြရန် ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။
အရေးယူဆောင်ရွက်ရမည်ဟု ဆိုရာတွင် ပြည်သူလူထုကိုယ်တိုင်က ကိုယ်ရသင့်သည့် အခွင့်အရေးကို နားလည်ပြီး တောင်းဆိုတာမျိုး ဖြစ်သင့်သည်ဟုလည်း ပြောကြားသည်။
ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က စတင်၍ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်းအပြီး ချိတ်ပိတ်ထားသော တနိုင်ငံလုံးရှိ NLD ရုံးများကို အာဏာပိုင်များက ပြန်လည်ဖွင့်ခွင့်ပေးခဲ့ခြင်းဖြစ်သည်။
စစ်အစိုးရက မတ်လ ၉ ရက်နေ့မှစတင်၍ အစိုးရပိုင် နေ့စဉ်ထုတ် သတင်းစာများတွင် ရွေးကောက်ပွဲကော်မရှင်ဥပဒေ၊ နိုင်ငံရေး ပါတီများ မှတ်ပုံတင်ခြင်း ဥပဒေ၊ ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲဥပဒေနှင့် အမျိုးသားလွှတ်တော် ရွေးကောက်ပွဲ ဥပဒေများ ကို ယနေ့အထိ ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
March 13, 2010
၂၀၀၈ ဖွဲ့စည်းပုံကို ဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည် ညွှန်ကြား
Labels:
သတင်း