April 21, 2010

မလေးရှား ထိန်းသိမ်းရေးစခန်းမှာ မြန်မာကလေး ၆ ဦး အဖမ်းခံနေရ




RFA / 2010-04-19
မလေးရှားနိုင်ငံမှာာ လူမှောင်ခိုသမားတွေရဲ့ သူတောင်းစားအဖြစ် ခိုင်းစားခံနေရပြီးနောက်၊ အဖမ်းခံခဲ့ရတဲ့ မြန်မာကလေးငယ် ၆ ဦးဟာ မလေးရှားနိုင်ငံ မြောက်ပိုင်း ကယ်လန်တန်ပြည်နယ်၊ တာနာမေရာ အရပ်၊ တရားမဝင်နိုင်ငံခြားသားများ ထိမ်းသိန်းရေး စခန်းမှာ ဒုက္ခအခက်အခဲတွေနဲ့  ရင်ဆိုင်နေရတယ်လို့ ၊ စခန်းတွင်း ထိန်းသိမ်းခံနေရသူ မြန်မာနိုင်ငံသားတချို့ က ထိုင်းနိုင်ငံ ဗန်ကောက် မြို့က မြန်မာနိုင်ငံသားများအသင်းကို ဆက်သွယ် အကူအညီ တောင်းခံလာခဲ့ပါတယ်။

RFA က စုံစမ်းခဲ့ရာမှာ အဲဒီ ကလေးငယ်တွေထဲက မန္တလေးတိုင်း မတ္တရာမြို့ နယ်က နယ်က ဦးဇော်လင်းနဲ့  ဒေါ်အေးမြစိန်တို့ ရဲ့သား အသက် ၁၂ နှစ် အရွယ် မောင်ကျော်သူလင်းက မလေးရှားကို သူရောက်ရှိလာပုံနဲ့  ဖမ်းဆီးခံရပုံတွေကို RFA ကို ပြောပြပါတယ်။

“သားနာမယ် ကျော်သူလင်း၊ သားတို့ ကို ရန်ကုန် လက်ဖက်ရည်ဆိုင် ခေါ်မယ်ဆိုပြီး ခေါ်လာလိုက်တယ်။ သားတို့  တဖွဲ့ က သားတို့  ညီမလေး နှစ်ယောက်။ ဟိုဖက်မှာ မိန်းကလေးထောင်ထဲမှာ။ သားတို့ ဒီကမ့်ထဲမှာတော့ ကိုးလလောက် ရှိသွားပြီ။ သားတို့ ကို အဲဒီ ကုလားလူမျိုးတွေခေါ်လာတာ ၊ မူစလင်လူမျိုးတွေ သူတို့ လည်း သားတို့ နဲ့ အတူတူပဲ မန္တလေးကပဲ သားတို့ ကို ပိုက်ဆံတောင်းခိုင်းတယ်။ တနေ့ ကို တောင်းရင်၊ ၈၀၊ ၉၀၊ ၁၀၀ အနည်းဆုံး
အဲဒါ။ သူတို့ မျက်နှာကတော့ မပြုံးဘူး သားတို့ ကို ပိုက်ဆံမရရင် ရိုက်တယ်၊ ထုတယ်။ ဒီတခါတော့ မီးပွိင့် မှာ ပိုက်ဆံရှာရင်းနဲ့  မိသွားတာ။ ကမ့်ထဲမှာ ထမင်းစားရတာ နည်းတယ်။ သားကို မြန်မြန်လေး ကယ်ပေးပါ။”

မောင်ကျော်သူလင်းဟာ မလေးရှားနိုင်ငံကို ရောက်အပြီး ၃ လအကြာမှာ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။ သူနဲ့ အတူ ဖမ်းဆီးခံသူတွေထဲမှာ ပါဝင်တဲ့ သူ့ ညီမက မအေးမြထွေးဆိုသူဖြစ်ပြီး အသက် (၁၀) နှစ် အရွယ်သာ ရှိသေးတယ်လို့  သိရပါတယ်၊ ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ်က အဘ ဦးသာလှိုင်နဲ့  အမိ ဒေါ်မျိုးမျိုးစိန်တို့ ရဲ့ သား အကျဉ်းသား နောက်တဦးဖြစ်တဲ့ မောင်အောင်ကိုဝင်းကလည်း သူတို့ ကို ကူညီပေးကြဖို့  အခုလိုပြောပါတယ်၊

“သားတို့ ကို သတင်းစာ ရောင်းရမယ်ဆိုပြီး ခေါ်လာတာ။ မြန်မာပြည်မှာ သတင်းစာ ရောင်းမယ်ဆိုပြီး ခေါ်လာတာ။ တနှစ် ခြောက်လရှိပြီ။ သားတို့ ကို ပိုက်ဆံတောင်းခိုင်းတယ်။ သားက ပိုက်ဆံရှာခိုင်းလို့  မရရင် ရိုက်တယ်။ တနေ့  တရာရှာခိုင်းတယ်။ ကမ့်ထဲမှာ ကိုးလလောက် ရှိပြီ။ ငါးခြောက်တွေ ကြက်ဥပြုတ်ဒါပဲ ဝဝလင်လင် မစားရဘူး။ သားတို့  ကို လာထုတ်ပါ။ သားတို့ ကို ဒီက ကူညီပါ။”

သူ့ ကို မလေးရှာနိုံင်ငံ ရောက်အောင် ခေါ် လာသူတွေကတော့ ဦးအတ္တစ်နဲ့  ဒေါ်အေးရီ ဇနီးမောင်နှံဖြစ်ကြပြီး သူတို့  ဘယ်မှာ နေထိုင်တယ်ဆိုတာတော့ သူမသိဘူးလို့  မောင်အောင်ကိုဝင်းက ပြောပါတယ်။ အဲဒီ ပွဲစား ဇနီးမောင်နှံက သူ့ ရဲ့  မိခင်ကို ကျပ်ငွေ နှစ်သောင်းပေးပြီး သူ့ ကို ခေါ်လာခဲ့တယ်လို့ ဆိုပါတယ်၊

အဲဒီမှာ အဖမ်းခံထားရတဲ့ တခြားကလေးတွေကတော့ ၊ ရန်ကုန်တိုင်း ဒလ မြို့ နယ်က မောင်မင်းယုစန်း အသက် ၁၄ နှစ် မောင်အောင်ကိုဝင်း ၊ မောင်ကျော်သူလွင် ရန်ကုန်တိုင်း လှိုင်သာယာ မြို့ နယ်က မောင်နေလင်းဦးတို့ က အသက် ၁၂နှစ် အရွယ်တွေ ဖြစ်ကြပါတယ်၊

အဲဒီကလေးငယ်တွေဟာ စခန်းတွင်း ဖမ်းဆီးခံနေရတာ တနှစ်နီးပါး ရှိနေပြီး သူတို့ ကို ကူညီ ကယ်ဆယ်မဲ့သူ မရှိကြောင်းနဲ့  မလေးရှား UNHCR ကလည်း လာရောက် ဆက်သွယ်ခြင်း မရှိသေးကြောင်း သိရပါတယ်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP