ဒီဗွီဘီ၊ (၁၃၊ ဇူလိုင်၊ ၂၀၁၀)။
မြန်မာနိုင်ငံသားတွေကို သူတို့ရဲ့ အခွင့်အရေးတွေကို အသိပညာပေးတဲ့ လက်ကမ်းစာစောင် ဖြန့်ချီတဲ့ လှုပ်ရှားမှုကို အိုင်အယ်လ်အိုက ဆောင်ရွက်နေတာ တစ်လနီးပါး ရှိလာပါပြီ။
နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေ၊ အထူးသဖြင့် ကလေးစစ်သား စုဆောင်းခံရမှုနဲ့ အဓမ္မ လုပ်အားပေး ခိုင်းစေခံရမှု တွေနဲ့ ပတ်သက်လို့ ကျူးလွန်ခံရသူတွေဘက်က ဥပဒေကြောင်းအရ ဘယ်လို အခွင့်အရေးတွေ ရှိတယ်ဆိုတာတွေကို အသိ ပညာပေးတဲ့ ဒီစာစောင်ကို ဖြန့်ချိနေတဲ့ အခြေအနေကို စတိဗ်မာရှယ်က အခုလို ပြောပြပါတယ်။
"လက်ရှိပြဌာန်းထားတဲ့ ဥပဒေတွေအရ ဘယ်လို အခွင့်အရေးတွေ ရှိတယ်ဆိုတာ မြန်မာပြည်သူတွေ ရိုးရိုးရှင်းရှင်း သိနားလည်ဖို့ ရည်ရွယ်ပြီး ဒီလက်ကမ်းစာစောင်တွေကို ဖြန့်ချိတာပါ။ အိုင်အယ်လ်အိုနဲ့ မြန်မာစစ်အစိုးရတို့ သဘောတူညီချက် ရပြီးမှ ဒီစာစောင်ကို ဖြန့်တာပါ။ အလုပ်သမားဝန်ကြီးဌာနနဲ့ အိုင်အယ်လ်အိုတို့ရဲ့ ဒေသဌာနခွဲတွေကနေ တရားဝင် ဖြန့်ဝေ နေပါတယ်" လို့ အိုင်အယ်လ်အို ရန်ကုန်ရုံးခွဲ အကြီးအကဲ စတိဗ်မာရှယ်က ပြောကြားသွားတာပါ။
ဒီစာစောင်ကို နိုင်ငံတကာ အန်ဂျီအို အဖွဲ့အစည်းတွေ၊ ပြည်တွင်း အန်ဂျီအိုတွေ၊ လူမှုရေး အဖွဲ့အစည်းတွေက တဆင့် လည်း ဖြန့်ချိနေပါတယ်လို့လည်း ပြောပါတယ်။ ဇွန်လလယ်ကနေ စတင်ဖြန့်ချိလာတာ ဖြစ်ပြီး စောင်ရေ ခုနှစ်သောင်းလောက် ဖြန့်ပြီးပြီလို့ ဆိုပါတယ်။ ဒီစာစောင်တွေကို ပြည်သူတွေ အသိတရားရှိရေး ရည်ရွယ်ချက်နဲ့ ဖြန့်ချိနေတာဖြစ်လို့ ကြောက်ရွံ့နေစရာ မလိုပါဘူးလို့လည်း မစ္စတာ မာရှယ်က ပြောကြားပါတယ်။
"ဒီစာစောင်တွေဟာ အသိပညာပေးတဲ့ အထောက်အကူ ပစ္စည်းတွေပါ။ ဒုက္ခပြဿနာဖြစ်ဖို့ စီမံထားတာ မဟုတ်ပါဘူး။ မြန်မာ့လူ့အဖွဲ့အစည်းကို ဥပဒေအရ ရပိုင်ခွင့်နဲ့ တာဝန်တွေကို အသိပညာရရှိရေး အထောက်အကူပြုဖို့ ရည်ရွယ်ထားတာပါ" လို စတိဗ်မာရှယ်က ပြောသွားပါတယ်။
ဒီလိုစာစောင် ဖြန့်ဝေဖို့အတွက် မြန်မာပြည်ကို ဒီနှစ်ဆန်း ဇန်နဝါရီလမှာ အိုင်အယ်လ်အို အမှုဆောင် ညွှန်ကြားရေးမှုး ကာရီတာပီယိုလာနဲ့ အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဦးအောင်ကြည်တို့ ဆွေးနွေး သဘောတူညီခဲ့တာပါ။
ကလေးစစ်သားအရေးနဲ့ ပတ်သက်လို့ အိုင်အယ်လ်အို အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းတွေက မြန်မာစစ်အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်နေပြီး အပစ်အခတ် ရပ်စဲထားတဲ့ အဖွဲ့တွေနဲ့လည်း ဆက်ပြီး ထိတွေ့ဆောင်ရွက်သွားဖို့ ကြိုးစားနေတယ်လို့ သိရှိရပါတယ်။
July 15, 2010
မြန်မာနိုင်ငံသားများကို အိုင်အယ်လ်အိုက ပညာပေး လက်ကမ်း စာစောင် ဖြန့်ချီ။
Labels:
လူ့အခွင့်အရေးသတင်း