February 01, 2011

မြန်မာနိုင်ငံအတွက် Universal Periodic Review အကြောင်း (၂)

ဇန်နဝါရီ ၂၈၊ ၂၀၁၁ သောကြာနေ့ (RFA Interview with U Aung Myo Min )

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေဆဲ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ ဆွေးနွေးပွဲမှာ မြန်မာ ပြည်ဒီမိုကရေစီအရေး လှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့တွေရဲ့ ကိုယ်စားလှယ်တွေက စစ်အစိုးရကိုယ်စားလှယ် အဖွဲ့နဲ့အပြိုင် လက်ရှိမြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေကို တက်ရောက်လာကြတဲ့ နိုင်ငံတကာ ကိုယ်စားလှယ်တွေကို မနေ့ညပိုင်းက ရှင်းပြပြောဆိုခဲ့ကြပါတယ်။ စစ်အစိုးရကိုယ်စားလှယ်အဖွဲ့က မနက်ပိုင်း က မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးတိုးတက်နေပါတယ်လို့ ပြောဆိုခဲ့တာဟာ လုံးဝ မဟုတ် မမှန်တဲ့အကြောင်း၊ မြန်မာပြည်ဒီမိုကရေစီအရေး လှုပ်ရှားမှုအဖွဲ့ တဆယ့်လေးဖွဲ့ရဲ့ ကိုယ်စားလှယ်တွေက နေ့လည်ပိုင်းမှာ တုံ့ပြန် ရှင်းပြ ခဲ့ကြတယ်လို့ အဲဒီအထဲမှာ ပါဝင်တဲ့ လူ့အခွင့်အရေးပညာပေးရေးအဖွဲ့ (HREIB)ရဲ့ ဒါရိုက်တာ ဦးအောင် မျိုးမင်းက ပြောပါတယ်။

“ဒီကနေ့ ကျနော်တို့ အတိအကျမီးမောင်းထိုးပြီး တင်ပြတဲ့အချက်တွေထဲမှာတော့ နအဖပြောသလို မဟုတ်ဘူး။ နိုင်ငံရေး အကျဉ်း သားတွေ ဆက်ရှိနေတုန်းဘဲ့ဆိုတဲ့ အခြေအနေတွေရယ်၊ နောက်တခါ တိုင်းရင်း သားပြည်သူလူထုတွေအပေါ်မှာ နအဖက နည်းမျိုးစုံနဲ့ ဖိနှိပ်မှုကြောင့် တိုင်းရင်းသားပြည်သူလူထုတွေအကြား ထဲမှာ အစုလိုက်အပြုံလိုက် ပြောင်းရွှေ့ခံရတာတွေ၊ နောက်တခါ နယ်မြေ အတင်းအကြပ် အသိမ်းပိုက်ခံထိတာ တွေ၊ တိုင်းရင်းသူအမျိုးသမီးတွေက လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ခံစားရတာတွေ ဒါတွေကို ကျနော်တို့ အဓိကတင်ပြနိုင်ခဲ့တယ်။ နောက်တချိန်တည်းမှာဘဲ့ ကလေးစစ်သားတွေ ဆက်လက်ရှိနေတုန်းဘဲ့။ ကျနော်တို့ လေ့လာ ထားတဲ့ သုတေသန၊ ကိန်းဂဏန်းတွေအရ တင်ပြနိုင်ပါတယ်။”
လူ့အခွင့်အရေးကောင်စီဆွေးနွေးပွဲမှာ မြန်မာစစ်အစိုးရကိုယ်စားလှယ်တွေက မြန်မာပြည်မှာ လူ့အခွင့် အရေးအခြေအနေတွေ ကောင်းမွန်နေပါတယ်လို့ ပြောဆိုခဲ့ကြပေမယ့် တက်ရောက်လာကြတဲ့နိုင်ငံအများစုရဲ့ ကိုယ်စားလှယ်တွေကတော့ မြန်မာပြည် လူ့အခွင့်အရေးမှတ်တမ်း ဆိုးဝါးလှတာကို ပြင်းပြင်းထန်ထန် ပြစ်တင် ပြောဆို ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။ ဒီအကြောင်းနဲ့ ပတ်သက်လို့ အပြည့်အစုံကို သတင်းတွေအပြီးမှာ ဆက်လက်နားဆင်ရဖို့ ရှိပါတယ်။
--------------------------
ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာ ကျင်းပနေတဲ့ ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ အစည်း အဝေးပွဲမှာ မြန်မာ့ ဒီမိုကရေစီ အရေးကို ဆောင်ရွက်နေတဲ့ အဖွဲ့အစည်း တဆယ့်လေးဖွဲ့က ကိုယ်စားလှယ်တွေ လည်း တက်ရောက်နေပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးကောင်စီရဲ့ အစည်းအဝေးမှာ ဘာ တွေ ဆွေးနွေးကြသလဲဆိုတာကို အဲဒီအဖွဲ့ တဆယ့်လေးအဖွဲ့ရဲ့ ကိုယ်စားလှယ်တွေထဲမှာ ပါဝင်တဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာပေးဌာန (HREIB) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကလည်း RFA ဝိုင်းတော်သားဖြစ်တဲ့ ကိုခင်မောင်စိုး ဆက်သွယ်မေးမြန်းတာကို နားဆင်ကြည့်ကြပါအုံးခင်ဗျား။

ဟုတ်ကဲ့။ ကိုအောင်မျိုးမင်းခင်ဗျား။ ဒီကနေ့ လူ့အခွင့်အရေးကောင်စီမှာ မြန်မာစစ်အစိုးရဘက်က ဘယ်လိုပထမဦးဆုံး ကြားရတာလဲ။ ပြောပြပါအုံး။
ဒီကနေ့ မနက်မှာ သူတို့ လူ့အခွင့်အရေးကောင်စီရဲ့ အခမ်းအနားမှာ မြန်မာကိုယ်စားလှယ်အဖွဲ့က တက်ပြီးတော့ တင်ပြတဲ့ နေရာမှာ ကျနော်တို့တွေ့ရတာကတော့ သူတို့အပြောစကားအရ ဆိုလို့ရှိရင်တော့ မြန်မာပြည်မှာ လူ့အခွင့်အရေးချိုးဖောက်မှု လုံးဝမရှိဘူး။ မြန်မာပြည်ရဲ့ အခြေအနေတွေဟာ အရမ်းကို ကောင်း နေပါပြီဆိုတဲ့ ပုံစံမျိုးနဲ့ ပြောသွားတယ်။

နအဖကိုယ်စားလှယ်အဖွဲ့က ဘယ်သူတွေ ဦးဆောင်ပြီး ဘယ်သူတွေ ပါဝင်ပါသလဲ။
နအဖကိုယ်စားလှယ်အဖွဲ့က ဒီတခေါက်လာတာကတော့ တော်တော်များပါတယ်။ ဦးဆောင်လာသူက တော့ ဗဟိုတရားရုံးချုပ်ရဲ့ တာဝန်ခံဦးထွန်းရှင်၊ အဲဒီအထဲမှာ ပါတာဆိုလို့ရှိရင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ အမျိုးသမီးရေးရာစသည်ဖြင့် ပါဝင်ပြီးတော့ သူတို့ပြောကြားသွားတာကို တွေ့ရတယ်။ သူတို့ရဲ့ပြောစကားကတော့ အကုန်လုံး အတူတူပါဘဲ့။ လူတွေအကုန်လုံး ဟာသဖြစ်သွားတဲ့အချက်က အကျဉ်း ဦးစီးဌာနက ညွှန်ကြားရေးမှုး ဦးဇော်ဝင်းပြောသွားတဲ့အချက်ကတော့ မြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသားတွေ မရှိဘူးလို့ သူတို့ဘက်က ပြောသွားတဲ့အချိန်မှာ လူတွေကြားထဲမှာ တော်တော်ကို ဟာသဖြစ်စရာ ဖြစ်သွားပါ တယ်။

နိုင်ငံပေါင်းဘယ်လောက် တက်ကြလဲ။ (ကိုယ်စားလှယ်)
ဒီကနေ့ မနက် ကျင်းပတဲ့နေရာမှာ ဒီမြန်မာနိုင်ငံက လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ ထုတ်ဖော်ပြော ကြားဖို့အတွက် စာရင်းပေးထားတဲ့ နိုင်ငံပေါင်းက (၇၄) နိုင်ငံရှိတယ်။ အချိန်မလောက်တဲ့အတွက် စုစုပေါင်း နိုင်ငံခြောက်ဆယ်လောက်မှာတင် ကျနော်တို့ တင်ပြဆွေးနွေးမှု ရပ်တန့်သွားတယ်။ ပြင်းပြင်းထန်ထန် အကြံ ပေးသွားတဲ့၊ ပြောဆိုသွားတဲ့နိုင်ငံကတော့ ချက်ရီပတ်ဗလစ်နိုင်ငံ ဖြစ်ပါတယ်။ နအဖအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီး ရှိနေတယ်။ ဒါကြောင့်မို့လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့မျိုး ဖွဲ့ဖို့ လိုအပ်တယ်။ ကျနော်တို့ ခေါ်နေတဲ့ Commission of Inquiry ပေါ့နော်။ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့ပြီးတော့ အမြန်ဆုံး ဒါတွေကို ထုတ်ဖော်သင့်တယ်။ နောက်ပြီးလို့ရှိရင် ကျူးလွန်တဲ့သူတွေကို စုံစမ်းစစ်ဆေးပြီးတော့ အရေးယူမှု တွေကို လုပ်ဆောင်သင့်တယ်ဆိုတာကို သူက ပြင်းပြင်း ထန်ထန် ပြောသွားပါတယ်။ နောက်တနိုင်ငံကတော့ ဒီအမေရိကန်နိုင်ငံဖြစ်ပါတယ်။ သူတို့ကတော့ အစကတည်းက မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ ဘယ်လိုမှ တရားမျှတတဲ့ဟာမျိုး မရှိဘူး။ နိုင်ငံတကာစံချိန်အနေနဲ့ အရမ်းကို အလှမ်းဝေးနေတယ်ဆိုတဲ့ဟာကနေ စပါ တယ်။ နောက်တခါ သူတို့ရဲ့ တောင်းဆိုချက်ထဲမှာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ပေမယ့် ဒေါ်အောင် ဆန်းစုကြည်အပါအဝင် တိုင်းရင်းသားတွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မှသာ မှန်ကန်တဲ့လမ်းကြောင်းကို သွားနိုင်မယ်ဆိုတာကို သူတို့ အတိအလင်း ပြောပါတယ်။ အများစု သူတို့နဲ့ အရမ်းကိုအဆင်ပြေနေတဲ့ တရုတ် နိုင်ငံ၊ အီရန်နိုင်ငံ၊ ကျူးဘားနိုင်ငံနဲ့ မြောက်ကိုးရီးယားနိုင်ငံတွေက မြန်မာနိုင်ငံကို အရမ်းကို ချီးကျူးပြီးတော့ ပြောဆိုသွားတာကို တွေ့ရတယ်။ ဒါပေမယ့် အာဆီယံနိုင်ငံတွေထဲမှာတော့ မြန်မာနိုင်ငံက သူတို့လမ်းညွှန် မြေပုံအတိုင်း ဆက်လက်သွားနေတယ်။ ဒါကြောင့်မို့လို့ လှုပ်ရှားမှုတွေကို သူတို့အသိအမှတ်ပြုတယ်။ နအဖ အနေနဲ့ နိုင်ငံတကာနဲ့ ပိုမိုပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုပြီးတော့ သူတို့ပြောဆိုသွားတယ်။

လူ့အခွင့်အရေးကောင်စီမှာ မဲခွဲသလား။ ဒီကနေ့ အဲဒါ ဘယ်လိုလုပ်ပါသလဲ။
ဒါကတော့ ပထမဦးဆုံးအဆင့်ဘဲ့ ရှိပါသေးတယ်။ နိုင်ငံက တင်ပြပြောဆိုတာ ရှိတယ်။ နောက်တခါ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေက တင်ပြတဲ့ အစီရင်ခံစာကို မူတည်ပြီးတော့ သက်ဆိုင်ရာနိုင်ငံတွေကနေ သူတို့ရဲ့အယူအဆတွေကို ထုတ်ဖော်ပြောဆိုတယ်။ ဒီအနှစ်ချုပ် မှတ်တမ်းကို လာမယ့်တနင်္လာနေ့မှာ သူတို့ ထုတ်ဝေပါမယ်။ ထုတ်ဝေပြီးလို့ရှိရင် အဲဒီအပေါ်မှာ လူ့အခွင့်အရေးကောင်စီကနေ သုံးသပ်ပြီးတော့ နအဖ အစိုးရအနေနဲ့ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ နောက်ဆုံးဆုံးဖြတ်ချက်ကို လာမယ့်ဂျွန်လမှာ သူတို့အတည်ပြု ပြဌာန်းမှာ ဖြစ်ပါတယ်။ အဲတော့ အဲဒီအချိန်အနေမှာ အားလုံးကနေ ဒီဟာကို လက်ခံတဲ့ဟာမျိုးလည်း ဖြစ်လာ နိုင်တယ်။ ဒါမှမဟုတ်လို့ရှိရင် မဲခွဲဆုံးဖြတ်တဲ့အရာမျိုးလည်း ဖြစ်လာနိုင်တယ်။ နောက်ထပ်တခု ဖြစ်လာနိုင်တာ ကတော့ ဘယ်လောက်အထိ နိုင်ငံတွေက ဆုံးဖြတ်၊ဆုံးဖြတ်။ နအဖအနေနဲ့ ဒါကို လက်မခံနိုင်ပါဘူးလို့ ငြင်းပယ် ပိုင်ခွင့်လည်း ရှိနေတာ ဒါလည်း ကျနော်တို့ စဉ်းစားစရာအချက်တခုပါဘဲ့။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP