VOA: မြန်မာအပါအဝင် ကျနော်တို့ဒေသအတွင်းမှာ အာရှတန်ဖိုး (Asia Value) ဆိုတာ ရှိပါ တယ်။ လူ့အခွင့်အရေး အကြောင်းကို ပြောလို့ရှိရင် အာရှထဲမှာ ဒီကိစ္စက အမြဲတမ်းပါလာတော့ ဒီဒေသအတွင်းက အာရှတန်ဖိုးဆိုတာဟာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ ဘယ်လောက် အထိ ဆက်စပ်မှုရှိသလဲ။ ဆိုလိုတာကတော့ အာရှတန်ဖိုးဆိုတာကြောင့်မို့ ဒေသအတွင်းက လူ့အခွင့်အရေးတန်ဖိုးထားမှုတွေအပေါ်မှာ တစုံတရာ သက်ရောက်မှုရှိတယ်လို့ မြင်ပါသလား ခင်ဗျား။ ကိုအောင်မျိုးမင်းရဲ့အမြင်ကို သိချင်ပါတယ်။
MYO: ဟုတ်ကဲ့။ အာရှတန်ဖိုးဆိုတဲ့အကြောင်းအရာနဲ့ ပတ်သက်ပြီး တွင်တွင်ကျယ်ကျယ် ပြောခဲ့တာကတော့ အရင်တုန်းက စင်ကာပူနိုင်ငံက မစ္စတာလီကွမ်းယူနဲ့ မလေးရှားနိုင်ငံက မဟာသီယာမိုဟာမက်တို့ ဖြစ်ပါတယ်။ သူတို့အနေနဲ့ ပြောထားတာကတော့ အာရှဒေသမှာ မတူညီတဲ့မိသားစုပုံစံတွေ ရှိတဲ့အတွက် တချို့လူ့အခွင့်အရေးကိစ္စတွေမှာ ကွဲလွဲကောင်း၊ ကွဲလွဲမယ်လို့ သူတို့က ပြောထားတာ ရှိပါတယ်။
ဒါပေမယ့် ကျနော်တို့ မိသားစုစိတ်ဓါတ်ဆိုတာက ဘာလဲ။ ဒါကို ကျနော်တို့က ပြန်ပြီး တော့ ကြည့်ဖို့ လိုအပ်ပါတယ်။ နောက်တခုက မိသားစုစိတ်ဓါတ်လို့ ပြောတယ်ဆိုတာက မိသားစုအတွင်းမှာ လုံလုံခြုံခြုံ အေးအေးချမ်းချမ်း နေနိုင်ဖို့အတွက် လူတွေရဲ့ အခြေခံ လိုအပ် ခြင်းတခုကိုဘဲ့ ဆိုလိုခြင်း ဖြစ်ပါတယ်။ လူ့အခွင့်အရေးကြေငြာစာတမ်းမှာ ပြောထားတာက လူတိုင်းဟာ တူညီတဲ့ ဂုဏ်သိက္ခာနဲ့ နေနိုင်ရမယ်။ လုံလုံခြုံခြုံ၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ နေနိုင်ရမယ် ဆိုတဲ့ သဘောတရားက ပါပြီးသား ဖြစ်ပါတယ်။ အဲဒီတော့ ဒီအာရှတန်ဖိုးဆိုတဲ့ အကြောင်း အရာက တကယ်တမ်းပြောရမယ်ဆိုလို့ရှိရင် နိုင်ငံတကာက အသိအမှတ်ပြုထားတဲ့ လူ့အခွင့် အရေး စံချိန်စံညွှန်းတွေနဲ့ တူပါတယ်။ ဒါပေမယ့် လိုသလို ဆွဲယူပြီး အဓိပ္ပါယ်ကောက်ပြီးတော့ အာရှစံချိန်ဟာ နိုင်ငံတကာလူ့အခွင့်အရေးစံချိန်တွေနဲ့ ကွဲလွဲတယ်လို့ ပြောတဲ့အချက်ဟာ အရင်တုန်းက ပြောထားတဲ့အချက်တွေဘဲ့ ဖြစ်ပါတယ်။ နောက်ပိုင်းမှာကျတော့ သူတို့တွေ ကိုယ်တိုင် ဒီလိုမျိုးလူ့အခွင့်အရေးတွေဟာ လိုအပ်ပါတယ်ဆိုတဲ့အသံတွေဟာ ပြန်လည် ပြောင်းလာတယ်။ ဒါပေမယ့် တချို့အစိုးရတွေကတော့ အရင်တုန်းက ပြောထားတဲ့အတိုင်းဘဲ့ အာရှမှာ မတူညီတဲ့လူနေမှုပုံစံတွေ၊ ယဉ်ကျေးမှုပုံစံတွေ ရှိတဲ့အတွက် လူ့အခွင့်အရေးကိစ္စကို လုပ်တဲ့နေရာမှာ ကွဲပြားကောင်း ကွဲပြားနိုင်မယ်လို့ ပြောတဲ့ဟာမျိုးတော့ ရှိနေတုန်းပါဘဲ့။ ဒါက တော့ ဒီဟာကို လေးစားပြီး မလိုက်နာလိုတဲ့ တချို့အစိုးရတွေရဲ့ ဆင်ခြေသဘောမျိုးလိုဘဲ့ ပြောနိုင်ပါတယ်ခင်ဗျား။
VOA:ဟုတ်ကဲ့ခင်ဗျား။ အခုနက ကိုအောင်မျိုးမင်းပြောသလိုပါဘဲ့။ အခုဆိုရင် အာဆီယံပဋိ ညာဉ်တို့၊ ဘာတို့မှာလည်း လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ စကားလုံးတွေ ပါလာပါပြီ။ အဲတော့ အခုအနေအထားအရ တကယ်တမ်း အာဆီယံထဲမှာကော လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အခြေအနေတွေက တိုးတက်လာပြီလို့ ယူဆလို့ရနိုင်ပြီလားခင်ဗျား။
MYO: အရင်ကထက်စာလို့ရှိရင် စကားလုံးအရ တိုးတက်လာပါပြီ။ ဒီအာဆီယံပဋိညာဉ်မှာ ဆို လို့ရှိရင် အာရှဒေသမှာရှိတဲ့ လူတိုင်းဟာ ဒီနိုင်ငံတကာက သတ်မှတ်ထားတဲ့ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာပါတဲ့ ပိုဒ်တွေရယ်၊ နိုင်ငံတကာလူ့အခွင့်အရေးစာချုပ်တွေမှာပါတဲ့ အပိုဒ် တွေကို ခံစားခွင့်ရှိတယ်လို့ ပြောလိုက်ခြင်းက အရင်တုန်းက ပြောထားတဲ့ အာရှတန်ဖိုးဆိုတာ ကို သူတို့က ပြန်လည်ပြီးတော့ ရိုက်ချိုးလိုက်တဲ့သဘောမျိုး ဖြစ်ပါတယ်။ ဒါပေမယ့် တကယ် တမ်းပြောရမယ်ဆိုလို့ရှိရင်တော့ စာအရသာရှိပြီးတော့ အာဆီယံဒေသအတွင်းမှာရှိတဲ့ တချို့ နိုင်ငံတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အစိုးရကိုယ်တိုင် ချိုးဖောက်နေတာ ရှိပါတယ်။ ဒါပေမယ့် တဖက်မှာ ကြည့်မယ်ဆိုလို့ရှိရင်လည်း လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ အရင် ကထက် တွင်တွင်ကျယ်ကျယ် ပြောလာတာတွေ၊ နိုင်ငံအချင်းချင်းမှာ လူ့အခွင့်အရေး စကား လုံး သုံးပြီးတော့ နိုင်ငံရဲ့ပေါ်လစီလုပ်ရပ်တွေကို ပိုမိုတိုးတက်အောင် လုပ်ဆောင်မှုအပိုင်း က တော့ အရင်ကထက် တိုးတက်လာပါပြီ။ ဒါပေမယ့် အပြည့်အဝရရှိခံစားမှုကတော့ နည်းနည်း အလှမ်းဝေးနေပါသေးတယ်။
VOA:ဟုတ်ကဲ့။ လူ့အခွင့်အရေးဆွေးနွေးပွဲတွေမှာ ဆိုရင်လည်း ကျနော်တို့ အာရှဒေသ၊ အထူးသဖြင့် အာဆီယံဘက်ကပေါ့နော်။ စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ အခွင့်အရေးတွေကို ရှေ့တန်းတင်ပြီးတော့ တဖက်က နိုင်ငံရေးအခွင့်အရေးတွေနဲ့ ပတ်သက် လို့ အမြင်သဘောထား မတူညီတာလေးတွေတော့ ရှိနေတယ်။ ဒီနှစ်ရပ်အပေါ်မှာ အာရှဒေသ၊ ကျနော်တို့ဒေသအတွင်းမှာကော ကွဲပြားမှုတွေက ရှိနေတုန်းဘဲ့လားခင်ဗျား။
MYO: အာဆီယံအဖွဲ့ဝင်နိုင်ငံအတော်များများက စီးပွားရေးဖူလုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုကို ဦးစား ပေးတဲ့နိုင်ငံတွေ တော်တော်များများ ဖြစ်နေတာကို တွေ့ရပါတယ်။ အဲတော့ သူတို့ရဲ့ နိုင်ငံ ပေါ်လစီထဲမှာဆိုလို့ရှိရင် ပြည်သူလူထုက အခြေခံလူနေမှုအဆင့်အတန်း တိုးတက်လာရင် ဒါ လူ့အခွင့်အရေးပြည့်ဝပြီလို့ သူတို့က ပြောဆိုတယ်။ ဒါပေမယ့် တဖက်မှာ ပြန်ကြည့်မယ်ဆိုလို့ရှိ ရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရှိပြီးတော့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှုမရှိတဲ့အခြေအနေမျိုးမှာ လူ့ အခွင့်အရေးက အပြည့်အဝမခံစားနိုင်တဲ့ အခြေအနေမျိုးတွေ ရှိပါတယ်။ ဘယ်လောက်အထိ ဘဲ့ အာဟာရပြည့်ပြည့်၊ ဘယ်လောက်အထိဘဲ့ လူနေမှုဘဝ တိုးတက်နေပေမယ့် ကိုယ့်အစိုးရ ရဲ့ ပေါ်လစီကို ထုတ်ဖော်ပြောဆိုလို့မရတာ၊ လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုခွင့်မရ တာ၊ သတင်းတွေကို ကျနော်တို့ နားထောင်လို့မရတာကလည်း တခြားလူ့အခွင့်အရေး ချိုး ဖောက်မှုကိစ္စ ဖြစ်ပါတယ်။ အဲတော့ တဖက်မှာလည်း ဝမ်းစာပြည့်ဖို့ လိုအပ်တဲ့ Freedom for want ပြည့်ဝဖို့ လိုအပ်သလို၊ တဖက်မှာကလည်း ကြောက်ရွံ့မှုမှ ကင်းဝေးရေးဆိုတဲ့ Freedom from fear ဒီနှစ်ခုလုံး ပြည့်စုံမှ ပြည့်ဝတဲ့ လူ့အခွင့်အရေးကို ပြည့်ပြည့်ဝဝရရှိမယ်လို့ ကျနော် တို့ ပြောချင်ပါတယ်။ အဲတော့ အာဆီယံအနေနဲ့ စီးပွားရေးတိုးတက်ပေမယ့် နိုင်ငံရေးလွတ် လပ်ခွင့်တွေကိုလည်း လုပ်ဆောင်ပေးဖို့အတွက် ဒီဟာကို နိုင်ငံတကာကလည်း ထောက်ပြနေ တာ ရှိပါတယ်။
VOA: ဟုတ်ကဲ့။ ဒါပေမယ့် မြန်မာအစိုးရအပါအဝင် အာဆီယံနိုင်ငံ အစိုးရတော်တော်များများ က Fundamental Rights ပေါ့နော်၊ အခြေခံကျတဲ့ အခွင့်အရေးက စားရေး၊ သောက်ရေး၊ နေရေးဆိုတဲ့ဟာမျိုးကိုဘဲ့ သူတို့က တင်ပြီးတော့ ပြောနေကြတာမျိုးတွေ ရှိပါတယ်။ ကိုအောင် မျိုးမင်ကကော ဒါကို လက်ခံပါသလား။
MYO: ဒီစားရေး၊ သောက်ရေး၊ နေရေးဆိုတာက လူ့အခွင့်အရေးအပိုဒ်သုံးဆယ်ထဲက တချို့ အချက်တွေ ဖြစ်ပါတယ်။ ဒီဟာကလည်း လူ့အခွင့်အရေးတရပ် ဖြစ်ပါတယ်။ လူတိုင်းက ဘယ် တော့မှ အစားအစာငတ်မွတ်မှုကြောင့်၊ နေထိုင်မှုနေအိမ်မရှိမှုကြောင့် ဒုက္ခရောက်တာ မရှိဖို့ လို အပ်သလို၊ တဖက်မှာလည်း ကိုယ့်အယူအဆတွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ပြောဆိုမှု ရှိတာတွေ၊ အစိုးရရဲ့ ပေါ်လစီတွေ မှားတယ်ဆိုရင် ဒါကို ထောက်ပြနိုင်တဲ့ အနေအထားတွေ၊ နောက်တခါ အစိုးရရဲ့ လုပ်ငန်းတွေမှာ စစ်မှန်တဲ့ဒီမိုကရေစီနည်းလမ်းအရ ပါဝင်မှုတွေက လည်း တခြားလူ့အခွင့်အရေး ဖြစ်ပါတယ်။ လူ့အခွင့်အရေးကို တဖက်ကို အသုံးပြုပြီး နောက် တဖက်ကို ဒါလုပ်လို့မရဘူးလို့ ပိတ်ပင်ခြင်းကတော့ မှန်ကန်တဲ့လူ့အခွင့်အရေးကျင့်သုံးခြင်း မဟုတ်ပါဘူးခင်ဗျား။
VOA: ဟုတ်ကဲ့ ကျနော်တို့ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်လို့ မေးချင်ပါတယ်။ ၁၉၈၈ လူထုလှုပ်ရှားမှုကစပြီးတော့ လူ့အခွင့်အရေးဆိုတာကို ပိုပြီးတော့ ပြောလာ၊ ဆိုလာပါတယ်။ အခု အနှစ် (၂၀)ကျော်လာပါပြီ။ အဲတော့ ဒီအချိန်မှာ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ မြန်မာ နိုင်ငံထဲမှာ Awareness ပေါ့နော်။ လူတွေကြားထဲမှာ တစုံတရာ ကျယ်ကျယ်ပြန့်ပြန့် ရှိနေပြီ၊ သဘောပေါက်နေကြပြီလို့ ယူဆလို့ ရမလားခင်ဗျား။ ကိုအောင်မျိုးမင်း ဘယ်လိုယူဆသုံးသပ် ပါသလဲ။
MYO: ဟုတ်ကဲ့။ ၈၈ နောက်ပိုင်းမှာ ကျနော်တို့ လူ့အခွင့်အရေးဆိုတဲ့စကားလုံးကို ကျယ် ကျယ်လောင်လောင် အသုံးပြုပါတယ်။ ဒါပေမယ့် အဲဒီအချိန်ထိ ကျနော်တို့ကိုယ်တိုင် လူ့အခွင့် အရေးဆိုတာကို ဘာလဲဆိုတာ တိတိကျကျ နားမလည်ပါဘူး။ ငါတို့အပေါ်မှာ ဖိနှိပ်မှုတွေ ရှိ တယ်။ ကျောင်းသားတွေအပေါ်မှာ ရက်စက်မှုတွေ ရှိတာကြောင့် တောင်းဆိုတယ်။ ဒါက လူ့ အခွင့်အရေးဆိုတဲ့ ကိုယ့်အကြောင်းအရာတခုအပေါ် အခြေခံပြီး ကျနော်တို့ တောင်းဆိုခဲ့တာ ရှိပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာတော့ ပြည်သူလူထုက ဒီလိုမျိုး ဖိနှိမ့်မှုတွေ အားကြီးတဲ့ အတွက် နားကျည်းမှုတွေ ပေါ်ပေါက်လာတယ်။ ဘာကြောင့် ဖြစ်ရတာလဲဆိုပြီး သုံးသပ်မှုတွေ ဖြစ်လာတဲ့အခါမှာ ဒါက လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တဲ့ဆိုတဲ့အသိတရားက ကျနော်တို့ မြန်မာပြည်သူလူထုကြားထဲမှာ တော်တော်များများကို အရင်ကထက် ပိုပြီးတော့ သိလာပါ တယ်။ ဒါပေမယ့် ဒီလိုလုပ်ဆောင်မှုက အစိုးရက ပံ့ပိုးပေးလို့၊ အစိုးရက ဒါကို သိအောင်လုပ် ဆောင်ပေးလို့ သိလာရခြင်းမျိုး မဟုတ်ဘဲ ဘဝတွေက အရမ်းနာတယ်။ ခါးသီးမှုတွေ ကြုံတွေ့ ရတယ်။ အဲဒီအပေါ်မှာ အခြေခံပြီးတော့ ဘယ်လိုမျိုး နေချင်သလဲဆိုတဲ့ စိတ်ဓါတ်ကို အခြေခံ ပြီး စဉ်းစားတဲ့၊ ခံစားမှုနဲ့စပ်ဆိုင်တဲ့ ဒီလူ့အခွင့်အရေးလေ့လာမှုတွေသာ ဖြစ်ပါတယ်။
VOA: ဟုတ်ကဲ့။ ဒါပေမယ့် မြန်မာစစ်အစိုးရလက်ထက်မှာဘဲ့ လူ့အခွင့်အရေးကော်မတီ ဆို တာကို ဖွဲ့ခဲ့တာတွေ ရှိပါတယ်။ အရင်တုန်းကဆိုရင် ဩစတျေးလျအကူအညီနဲ့ လူ့အခွင့်အရေး သင်တန်းတွေ၊ ဘာတွေကို ပေးနေတာတွေ ရှိပါတယ်။ အခုနောက်ပိုင်းလည်း ပေးဖို့ရှိတယ်လို့ ကြားရပါတယ်။ အဲတော့ ဘာဘဲ့ပြောပြော စစ်အစိုးရလက်ထက်မှာဘဲ့ လူ့အခွင့်အရေးပညာ ပေးနဲ့ ပတ်သက်ပြီး တစုံတရာလုပ်လာတယ်လို့ကော ပြောလို့မရဘူးလား။
MYO: ပြီးခဲ့တဲ့ ကမ္ဘာ့ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီမှာ ထုတ်ဖော်ပြောဆိုတဲ့ အချက်မှာဆိုရင် မြန်မာပြည်မှာ လူ့အခွင့်အရေးကောင်စီရှိနေပါပြီဆိုတဲ့ အကြောင်းအရာကို သူတို့ အကျယ်တဝင့် ပြောသွားပါတယ်။ နိုင်ငံတချို့က အထူးသဖြင့် အာဆီယံနိုင်ငံတချို့က လည်း ဒါကို သူတို့က ထောက်ခံခဲ့ပါတယ်။ ဒါပေမယ့် ပြန်ကြည့်မယ်ဆိုလို့ရှိရင် လူ့အခွင့်အရေး ကော်မတီက ဘာကိစ္စတွေကို လုပ်မှာလဲ။ ဘယ်သူတွေ ပါဝင်သလဲဆိုတဲ့အချက်ကို ကျနော်တို့ ကြည့်ဖို့လိုအပ်တယ်။ လူ့အခွင့်အရေးကော်မတီမှာပါမယ့်သူတွေက အစိုးရနဲ့ တိုက်ရိုက်ပတ် သက်တာမဟုတ်ဘဲ့ လွတ်လပ်ကျွမ်းကျင်တဲ့သူတွေ ဖြစ်ရမယ်။ နောက်တခါ သူတို့ရဲ့ လုပ်ငန်း တွေမှာ လူ့အခွင့်အရေးတိုင်ကြားမှုတွေကို လွတ်လွတ်လပ်လပ်နဲ့ အမှီခိုကင်းကင်း၊ ကြောက်ရွံ့ မှုကင်းကင်း လုပ်နိုင်ရမယ်ဆိုတဲ့ နိုင်ငံတကာသတ်မှတ်ချက်တွေ ရှိပါတယ်။ ဒါပေမယ့် ဒီမြန်မာ နိုင်ငံက လက်ရှိရှိနေတဲ့ လူ့အခွင့်အရေးကော်မတီမှာ ဘယ်သူတွေ ပါဝင်နေသလဲဆိုရင်တော့ အစိုးရရဲ့ ဒီလူမှုဝန်ထမ်းဌာနက လူတွေ၊ တရားရေးဌာနက လူတွေဘဲ့ ပြန်ပြီးတော့ ပါနေတဲ့ အတွက် သူတို့ရဲ့ ဩဇာအာဏာကင်းလွတ်မှုက မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ နောက်တခါ တိုင်ကြားမှုမှာ အမှုပေါင်း ငါးရာကျော်ကို လက်ခံတယ်လို့ ပြောပေမယ့် ဒီကိစ္စတွေက ဘယ်လို မျိုး အမှုတွေလဲ။ ဘယ်လိုမျိုး အရေးယူလဲဆိုတာကို ကျနော်တို့ မေးကြည့်ရင် ဘယ်သူမှ မသိ ပါဘူး။ ဆိုးဆိုးဝါးဝါး ပြောရမယ်ဆိုရင်တော့ လူ့အခွင့်အရေးကော်မတီ ဘယ်မှာရုံးစိုက်လဲလို့ မေးရင်တောင် မြန်မာပြည်က သန်းပေါင်းများစွာသော မသိမယ့်လူတွေ အများကြီး ရှိပါတယ်။
VOA: ဟုတ်ကဲ့ခင်ဗျား။ ကျနော်အခုနက မေးတာက လူ့အခွင့်အရေး ပညာပေးကိစ္စပေါ့နော်။ အဓိကကတော့ အာဏာပိုင်တွေဘက်က တလောကဆိုလို့ရှိရင် ပြီးခဲ့တဲ့နှစ် နည်းနည်းတော့ ကြာပါပြီ။ ဩစတျေးလျကနေ လာပြီးတော့ လူ့အခွင့်အရေးသင်တန်းတွေ၊ ဘာတွေ အကူ အညီပေးပြီးတော့ ဝေဖန်တဲ့သူတွေ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်နှိုက်ကလည်း ဒါကို မြေခွေးကို ကြက်ခြံစောင့်ခိုင်းတယ်ဆိုတဲ့သဘောမျိုး ပြောခဲ့တာတွေ ရှိပါတယ်ခင်ဗျား။ အဲတော့ ဘာဘဲ့ပြောပြော အာဏာပိုင်တွေ၊ ရဲတွေ၊ အကျဉ်းဦးစီးဌာနက အရာရှိတွေ၊ အာဏာ ပိုင်တွေကို လူ့အခွင့်အရေးသင်တန်းပေးတာတွေက တစုံတရာမကောင်းဘူးလား။
MYO: ဒီတာဝန်ရှိတဲ့ အစိုးရရဲ့ဝန်ထမ်းတွေကို သင်တန်းတွေပေးတာက ကောင်းပါတယ်။ ဒါ ပေမယ့် ဘယ်လိုမျိုးနည်းနဲ့ သူတို့သင်တန်းတက်လဲ။ ဘယ်လိုမျိုးနည်းနဲ့ ပြန်လည် အသုံးချလဲ ဆိုတာမှာ စကားပြောဘို့ အများကြီး လိုအပ်ပါတယ်။ တကယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အကြောင်းအရာတွေကို တကယ်လေးစားလိုက်နာတဲ့သူတွေ ဆိုလို့ရှိရင် ဒီဟာတွေကို သိသွား တဲ့အတွက် နိုင်ငံတကာစံချိန်တွေနဲ့ ကိုက်ညီအောင် ဘယ်လိုလုပ်ရမလဲ။ ငါတို့ဘာတွေ တာဝန် ရှိမလဲဆိုတဲ့ ကိုယ့်ရဲ့တာဝန်ပေါ်မှာ မူတည်ပြီး ပိုမိုကောင်းမွန်အောင် အရေးယူဆောင်ရွက်မယ် ဆိုရင် အရမ်းအားကောင်းမယ့်အချက် ဖြစ်ပါတယ်။ ဒါပေမယ့် အခုမြန်မာပြည်မှာတက်တဲ့ သင်တန်းတွေက ကျနော်တို့ ပြောရမယ်ဆိုလို့ရှိရင်တော့ တာဝန်အရတက်ပြီးတော့ ဒီသိရှိတဲ့ အကြောင်းအရာကို အကောင်းဘက်မှာ အသုံးချမယ့်အစား အဆိုးဘက်ကို ပြန်ပြီးတော့ အသုံး ချတဲ့အရာမျိုး ဖြစ်လာတယ်။ အရင်တုန်းကဆိုလို့ရှိရင် ဒီအဓမ္မလုပ်အားစေခိုင်းတဲ့အရာတွေကို ကျနော်တို့ တွင်တွင်ကျယ်ကျယ် အသုံးပြုတယ်။ အသုံးပြုတဲ့အခါမှာ အမိန့်စာတွေနဲ့ ခေါ် တယ်။ သက်သေအထောက်အထားတွေနဲ့ လုပ်တယ်။ ဒါပေမယ့် ဒီသင်တန်းတက်ပြီးတော့ နောက်ပိုင်းမှာ အဓမ္မလုပ်အားပေးစေခိုင်းမှုဟာ ပျောက်သွားတာမျိုး မဟုတ်ဘူး။ ဒါပေမယ့် ဒီ လိုခေါ်တဲ့နည်းလမ်းတွေက ပြောင်းသွားပြီးတော့ သက်သေအထောက်အထား ဖြစ်နိုင်မယ့် စာ ရွက်စာတမ်းတွေနဲ့ မခေါ်တော့ဘဲ့ နှုတ်အားဖြင့် ခေါ်တယ်လို့ ဆိုတယ်။ ဒါက ဥပဒေကို ပိုမိုသိ လာပြီးတော့ ဥပဒေကို လက်တလုံးခြားလုပ်တဲ့ ပုံစံဖြစ်တဲ့အတွက် ခံယူသူတွေရဲ့အပေါ်မှာ မူတည်တယ်။ ဘယ်လောက်အထိ ပြန်လည်အသုံးချလဲ။ ကောင်းတဲ့ဘက်မှာ အသုံးချလား ဆိုးတဲ့ဘက်မှာ အသုံးချလား ဒါတွေရှိတဲ့အတွက် တချို့သင်တန်းတွေမှာ မအောင်မြင်တာကို ကျနော်တို့ အများကြီး တွေ့ရပါတယ်။
VOA: ကိုအောင်မျိုးမင်းရဲ့အမြင်က ဘယ်လိုရှိပါသလဲ။ နိုင်ငံတကာက အခုနကလိုမျိုးပေါ့။ လူ့အခွင့်အရေးချိုးဖောက်နေတဲ့ ဌာနဆိုင်ရာတွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးပညာပေးတွေ လုပ်နေတာနဲ့ ပတ်သက်လို့ လုပ်သင့်၊ မလုပ်သင့်ပေါ့လေ။
MYO: ပညာပေးမှုကို ကျနော်တို့ အမြဲတမ်းကြိုဆိုပါတယ်။ လူတယောက်က သိလို့ရှိရင် သူ့ရဲ့ အခွင့်အရေးကို သိလာပြီး ကာကွယ်တတ်လာသလို ဒီဟာကို ကာကွယ်ပေးမယ့် တာဝန်ရှိတဲ့ သူတွေကလည်း ကာကွယ်ပေးဖို့ လိုအပ်ပါတယ်။ အဲတော့ လူ့အခွင့်အရေးပညာပေးတယ် ဆိုတာက ကျနော်တို့ ဒီလိုမျိုး နိုင်ငံတကာစာချုပ်တွေမှာ ဘာရှိလဲဆိုတာကို တိုက်ရိုက်ပြောတဲ့ ဟာမျိုး မဟုတ်ဘဲနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် လူတွေမှာ ဘယ်လိုမျိုး ဒုက္ခတွေ ရောက်ရလဲ။ နှလုံးသားအရ ဒီဟာကို ကျနော်တို့ လေ့လာကြမယ်ဆိုရင်တော့ ဒီလူ့အခွင့် အရေးချိုးဖောက်မှုကို လုပ်ဆောင်မယ့်သူတွေအနေနဲ့ နှလုံးသားအရ မလုပ်သင့်ဘူးဆိုတာ ဖြစ်လာမယ်။ နောက်တခါ ဥပဒေတွေနဲ့ ဒီဟာကို အကောင်အထည်ဖော်ပြီးတော့ တားဆီးမယ် ဆိုတဲ့စိတ်ဓါတ်မျိုး ဖြစ်လာရင် လုပ်မယ့်သူတွေက လက်တွန့်သွားနိုင်မှာဖြစ်တဲ့အတွက် အခြေ အနေအရ ဒီဟာကို ကျနော်က လက်ခံပါတယ်။ ဒါပေမယ့် နအဖအနေနဲ့ လူ့အခွင့်အရေးကို အခုနကလို သင်တန်းပေးတာတင်မကဘဲနဲ့ ကျောင်းတွေမှာကအစ သင်နေပါပြီးဆိုပြီး၊ ၂၀၀၄ ခုနှစ်ကတည်းကစပြီး သင်နေပါပြီဆိုပြီး သူတို့က ကြေငြာပါတယ်။ ဒါပေမယ့် ဒီသင်ခဲ့တဲ့ သင်ရိုးညွှန်းတမ်းကို ကြည့်မယ်ဆိုရင် လူ့အခွင့်အရေးဆိုတာကို ဘယ်လိုမျိုး လေးစားရမယ် ဆိုတာ မဟုတ်ဘဲနဲ့ နိုင်ငံသားတွေဟာ ဘယ်လိုတာဝန်ရှိတယ်။ ဒါကြောင့်မို့လို့ လမ်းပြမြေပုံမှာ ပါဝင်ရမယ်ဆိုတဲ့ပုံစံမျိုးဘဲ့ ဖြစ်တဲ့အတွက် ဦးတည်ရာလမ်းကြောင်းက တကယ်တမ်း လူ့အခွင့် အရေးကို လေးစားဖို့မဟုတ်ဘဲ နအဖပေါ်လစီတွေကို ထောက်ခံဖို့သာ ဖြစ်နေတဲ့အတွက် သင် ရိုးညွှန်းတမ်းကြီး လွဲနေတယ်ဆိုတာကိုလည်း ကျနော်တို့ ထောက်ပြချင်ပါတယ်။
VOA: ဟုတ်ကဲ့ခင်ဗျား။ ကျနော်နောက်ဆုံးတခု မေးချင်တာက အခုဆိုရင် ဘာဘဲ့ပြောပြော လွှတ်တော်တရပ် ပေါ်လာပါပြီ။ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ လွှတ်တော်တရပ် ပေါ် လာပါပြီ။ အစိုးရသစ်လည်း ပေါ်လာပါပြီ။ အရပ်သားအစိုးရလို့ ပြောလို့ရမယ်ထင်ပါတယ်။ အဲ တော့ ဒီလိုမျိုးအခြေအနေမှာ၊ လွှတ်တော်ထဲမှာ၊ အစိုးရထဲမှာ၊ အာဏာပိုင်အဆင့်ဆင့်ထဲမှာ လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေကို ပိုပြီးတော့ ပြောလာကြမယ်ဆိုတာကို ခန့်မှန်းမျှော်လင့်ပါ သလားခင်ဗျား။
MYO: လူ့အခွင့်အရေးကိစ္စကို လွှတ်တော်ထဲမှာ ပြောဖို့ကြိုးစားတဲ့လူ ရှိကောင်းရှိပါလိမ့်မယ်။ ဒါပေမယ့် အဲလိုမျိုး လူ့အခွင့်အရေးကိစ္စကို ဆွေးနွေးမယ့် လွှတ်တော်ကိုယ်တိုင်က အခြေခံ လူ့အခွင့်အရေးတွေကို ကျင့်သုံးခွင့်မရတဲ့အနေအထားမျိုး ဖြစ်နေတဲ့အတွက် ဘယ်လောက် အထိ ကျနော်တို့ မျှော်လင့်နိုင်မလဲ။ ဒါကို ပြန်ပြီးတော့ မေးခွန်းထုတ်ချင်ပါတယ်။ လူ့အခွင့် အရေးကိစ္စ၊ ပညာပေးကိစ္စကို တင်ပြမယ့်အကြောင်းကို ဆွေးနွေးတဲ့အချိန်မှာ လွတ်လွတ်လပ် လပ် ပြောဆိုပိုင်ခွင့်မရှိတဲ့အခြေအနေမျိုးရှိရင် ဒီပြောဆိုမှုကကော ကျနော်တို့ အောင်မြင်မှုရရှိ နိုင်ပါ့မလား။ ဒီပြောဆိုမှုဟာ လွတ်လပ်မှုပိတ်ပင်ခံထိတဲ့ အနေအထားမျိုး၊ ချုပ်ချယ်ခံထိတဲ့ ပတ်ဝန်းကျင်ကနေ ထွက်ပေါ်လာတဲ့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေကကော အမှန်တ ကယ်အနှစ်သာရရှိတဲ့ လူ့အခွင့်အရေးပညာပေးလုပ်ငန်းတွေ၊ အစီအစဉ်တွေ ဖြစ်နိုင်ပါ့မလား။ ဒါကိုတော့ တာဝန်ရှိတဲ့သူတွေ ထပ်မံပြီးတော့ ဆွေးနွေးဖို့၊ စဉ်းစားဖို့ ကျနော်တို့ အများကြီး မျှော်လင့်ပါတယ်။
VOA: ဟုတ်ကဲ့။ လွှတ်တော်ထဲမှာမဟုတ်ဘဲ အပြင်မှာ အခုဆိုလို့ရင် လူ့အခွင့်အရေးနဲ့ ပတ် သက်ပြီး ပညာပေးအဖွဲ့တို့၊ ဘာတို့ကို အရင်တုန်းက ဦးမြင့်အေးတို့ လုပ်ခဲ့ပါတယ်ခင်ဗျား။ သူတို့ရဲ့ လက်ကျန်လူတွေလည်း ရှိပါသေးတယ်ခင်ဗျား။ အဲတော့ Grass root Level အောက် ခြေလူထုအဆင့်မှာ လုပ်လာနိုင်မယ်လို့ ယူဆပါသလာခင်ဗျား။
MYO: အဲဒါတွေကတော့ ကျနော်တို့ နည်းပေါင်းစုံနဲ့ လုပ်နေတဲ့သူတွေ ရှိပါတယ်။ သူတို့အနေ နဲ့ ဒီလိုမျိုး၊ အခုလိုမျိုး ကျနော်တို့ ပုံနှိပ်ထုတ်ဝေခွင့်ဥပဒေတွေ ပိတ်ပင်ခံထိတာ၊ နောက်တခါမှာ အီလက်စ်ထရောနစ်ပစ္စည်းတွေ အသုံးပြုမှုဆိုင်ရာ ဥပဒေတွေ ရှိနေတဲ့ကြားထဲက လူ့အခွင့် အရေးကိစ္စကို လူထုသိအောင် လိုက်ပြီးပညာပေးနေတဲ့ဟာတွေကတော့ ကျနော်တို့ ရှိပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူလူထုကြားထဲမှာ ဒါကတော့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်ဆိုတဲ့ အသံမျိုးတွေ ပိုပြီးတော့ ကြားလာရတယ်။ သတင်းဌာနတွေမှာ အရင်တုန်းကလို ကလေးစစ် သားတယောက် အဖမ်းခံထိလို့ မိဘက လာတိုင်တာဆိုတဲ့ပုံစံမျိုး မဟုတ်တော့ဘဲနဲ့ ဒါဟာ ကလေးအခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်ဆိုတာမို့လို့ တိုင်ကြားချင်ပါတယ်ဆိုတဲ့ မီဒီယာတွေ ကတဆင့် ပြောတဲ့အသံတွေ အများကြီး ဖြစ်လာတာကို တွေ့ရပါတယ်။ ဒါကတော့ လူထုကြား ထဲမှာ အခက်အခဲအများကြီးကြားထဲက လူ့အခွင့်အရေးပညာပေးမှုကို နည်းပေါင်းစုံနဲ့ လုပ်နေ ကြတဲ့အခြေအနေတွေရဲ့ တိုးတက်မှုတခုလို့ ကျနော်ပြောချင်ပါတယ်။
April 07, 2011
လူ့ အခွင့်အရေးပညာပေးမှု - ဦးအောင်မျိုးမင်းနှင့် အင်တာဗျူး
Labels:
လူ့အခွင့်အရေးသတင်း