November 24, 2011

အလုပ်သမားအခွင့်ရေးရဖို့ အလုပ်သမားတွေ ညီညွတ်ဖို့လိုပါတယ်

မြန်မာနိုင်ငံမှာ အလုပ်သမားအဖွဲ့အစည်းတွေ ဖွဲ့စည်းရေးနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဗဟိုအလုပ်မှုဆောင်အဖွဲ့ဝင် ဦးသန်းထွန်းကို ကိုမင်းလွင်က ဆက်သွယ်မေးမြန်းထားပါတယ်။

ဦးသန်းထွန်း ဟာ တီယူစီဘီလို့ လူသိများတဲ့ အလုပ်သမားအစည်းအရုံးများအဖွဲ့ချုပ် ဗမာနိုင်ငံမှာ ၁၉၅၃ ကနေ ၁၉၆၂ ခုနှစ်အထိ အတွင်းရေးမှုး တာဝန် ထမ်းဆောင်ခဲ့သူလည်းဖြစ်ပါတယ်။

နိုင်ငံပိုင် သတင်းစာမှာ ပါတယ်လေ။ ပြည်သူ့အလုပ်သမားများ၏ အခြေခံရပိုင်ခွင့်နှင့် တာဝန်များဆိုတာကို ရုပ်သိမ်းမယ်ဆိုတော့ ၁၉၆၄ ခုနှစ်က လုပ်ထားတာဆိုတော့ အဲဒါ ဖြုတ်လိုက်လို့ ဘာတွေဖြစ်မလဲ။

“ဒီဥပဒေက လွတ်လပ်ရေး ရပြီးစက အလုပ်သမား ဥပဒေတွေရှိတယ်။ အဲဒီ ဥပဒေတွေကို ချုံ့ပြီးတော့ ၆၄ ခုနှစ်မှာ ဦးနေဝင်း အစိုးရ လက်ထက်ပေါ့။ သူက အလုပ်သမား တာဝန်နဲ့ရပိုင်ခွင့်များ ဥပဒေဆိုပြီးတော့ ဥပဒေပြဋ္ဌာန်းလိုက်တယ်။ သူက ဖွဲ့စည်းရေးက အလုပ် သမား အဖွဲ့အစည်းကို ဘယ်လိုဖွဲ့ရမယ်ဆိုတာရယ်။ ဘာတွေတောင်းရမယ်ဆိုတာရယ်၊ ဘာတွေတာဝန်ရှိတယ်။ ဘာတွေ လုပ်ရမယ် ဆိုတဲ့ဟာတွေကို သူကလမ်းညွှန်ထားတဲ့ ဥပဒေ၊ သူက လွတ်လပ်တဲ့ ဖွဲ့စည်းပုံ ဥပဒေမဟုတ်ဘူးလေ။ အခု အဲဒီဥပဒေကို တနေ့က ပြည်သူ့လွှတ်တော်ကနေ လုပ်လိုက်တဲ့ အလုပ်သမားဖွဲ့စည်းရေး မှတ်ပုံတင်ဥပဒေဆိုပြီးတော့ ထွက်လာတာ ရှိတယ်လေ။ အဲဒီဥပဒေက ထွက်လာတော့ ဒီဥပဒေက ပယ်ပစ်ရမယ့် ဥပဒေဖြစ်နေတာပေါ့။ ၆၄ ခုနှစ် ဥပဒေက၊ ပယ်ပစ်ရမယ့်ဥပဒေဖြစ်တော့ ပယ်လိုက်တာပါပဲ။”

အလုပ်သမား အဖွဲ့အစည်းနဲ့ ပတ်သက်တဲ့ ဥပဒေတော့ ထွက်လာပြီ။ ဒါပေမယ့် အဲဒီဥပဒေပါတဲ့အတိုင်း ဘယ်လောက်ထိ လုပ်နိုင်မယ်လို့ကော မျှော်လင့်လဲ။

“အခု သူတို့လုပ်တဲ့ဥပဒေက စက်ရုံအလုပ်ရုံတွေ အလုပ်ဌာနတွေမှာတော့ အလုပ်သမား အဖွဲ့တွေ ဖွဲ့ခွင့်ရှိပြီ။ ဒါပေမယ့် တခုတည်းဖွဲ့ရမှာပေါ့။ အများစုက အလုပ်သမားအဖွဲ့ ဖွဲ့ခွင့်ရှိပြီ။ အဲဒီ ဖွဲ့ထားတဲ့ အလုပ်သမားတွေကနေ အလုပ်သမား အခွင့်အရေးတွေကို ပြောဆိုပိုင်ခွင့်ရှိပြီ။ ဘယ်လိုဖြေရှင်းမယ်ဆိုတာကို တိတိကျကျ ဖော်ပြထားတာတော့ မရှိဘူး။ ပြောဆိုနိုင်ခွင့် ရှိတယ်ဆိုတာတော့ ရှိတယ်။ အဲဒီဟာတွေနဲ့ ပတ်သက်လို့ အလုပ်သမားတွေနဲ့ ပတ်သက်လို့ အလုပ်သမားဆိုတဲ့ နေရာမှာ အလုပ်သမားဆိုတာ ပေါင်းစုံရှိတယ်မဟုတ်လား။ ဝန်ထမ်းတွေလည်း ပါတယ်။ အဲဒီလို အလုပ်သမားတွေရဲ့ ရပိုင်ခွင့်ဆိုတဲ့ ဥပဒေတွေက အများကြီးရှိတယ်။ ဥပဒေတွေကို ပြဋ္ဌာန်းပေးရဦးမယ်။ ပြဋ္ဌာန်းပေးမှ အဲဒီအလုပ်သမားတွေက ဥပဒေအတိုင်း အလုပ်ရှင်ရော၊ အလုပ်သမားရော လိုက်နာဆောင်ရွက်ရမယ့် ပြဿနာဖြစ်နေတယ်။ အခြေခံဥပဒေအတိုင်း အလုပ်သမားဖွဲ့စည်းပိုင်ခွင့် ရှိတယ်။ အလုပ်သမားတွေ စုပေါင်းပြီးတော့ အလုပ်သမား အဖွဲ့ချုပ်ဆိုတဲ့ အဖွဲ့ကြီးကို ဖွဲ့စည်းပိုင်ခွင့်ရှိတယ်။ အိုင်အယ်အိုနဲ့လဲ ဆက်သွယ်ပိုင်ခွင့်ရှိတယ်။ အဲဒီ့အခွင့်အရေးလေးတွေတော့ အဲဒီဥပဒေထဲမှာ အခု လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေထဲမှာပါတယ်။ ပါပေမယ့် အဲဒါတွေကို အကောင်အထည်ဖော်တဲ့အခါမှာ ဘယ်လို စလုပ်ရမယ် ဆိုတာကိုတော့ နည်းဥပဒေအနေနဲ့ ထွက်လာမယ်လို့ ကျနော်ထင်တာပဲ။”

၁၉၅၃ ခု ပတ်ဝန်းကျင်က အလုပ်သမားအဖွဲ့ချုပ်မှာ လုပ်ခဲ့တဲ့အခါကျတော့ လက်ရှိပေါ့၊ အရင်ဦးနေဝင်းခေတ် အခြေအနေနဲ့ အခု အစိုးရသစ်လက်ထက်မှာ ဒီအလုပ်သမားအဖွဲ့တွေ ဖွဲ့စည်းပိုင်ခွင့်တွေ ရှိလာပြီဆိုတဲ့အခါကျတော့ ဘယ်လိုအနေအထားတွေ ရှိမလဲ။

“တော်လှန် ရေးအစိုးရ မတက်ခင်တုန်းက ဒီမိုကရေစီ အစိုးရလက်ထက်တုန်းက ရှိတဲ့ဥပဒေတွေနဲ့ လုပ်ခဲ့တဲ့အခြေအနေနဲ့ကတော့ အများကြီးကွာသွားတယ်။ ဟိုတုန်းက လွတ်လပ်စွာ ဖွဲ့စည်းခွင့်ရှိတယ်။ အလုပ်ရှင်အလုပ်သမား လွတ်လွတ်လပ်လပ် ဖြေရှင်းခွင့်ရှိတယ်။ နောက်ပြီး စည်းရုံးခွင့်ရှိတယ်။ နောက်ပြီး လုပ်ပိုင်ခွင့်တွေ အများကြီးပေးထားတဲ့ ဥပဒေ ၁၃ခုလောက်ရှိတယ်။ အဲဒီဥပဒေအရ လုပ်ခဲ့လို့ရှိရင် အဲဒီတုန်းက တော်တော်ကို လွတ်လွတ်လပ်လပ်နဲ့ တော်တော်ကို အလုပ်သမားတွေရဲ့ အခွင့်အရေးတွေကို ပြောလို့ဆိုလို့ လုပ်လို့ကိုင်လို့ ရခဲ့တယ်။ ဥပဒေအရ ပြဋ္ဌာန်းပြီးတော့ လုပ်ခဲ့တာတွေ ရှိတဲ့အတွက် အဲဒီတုန်းက အခြေအနေနဲ့ အခုတော်လှန်ရေးအစိုးရ တက်တဲ့အခြေအနေက အဲဒါတွေကို ပယ်ဖျက်ပြီးတော့ အလုပ်ရှင် အလုပ်သမားဆိုတာ မရှိတော့ဘူး။ အလုပ်ရှင်က အစိုးရပဲ။ အလုပ် သမားက အလုပ်သမားပဲ။ အလုပ်ရှင်က မရှိဘူး။ ဒါကတော်လှန်ရေး အစိုးရလက်ထက်က၊ အခုအစိုးရ လက်ထက်ကျတော့လည်း ဒီတိုင်းပဲ။ အလုပ်ရှင်ဆိုတာ အစိုးရပဲ၊ အလုပ်သမားက အလုပ်သမား။ အလုပ်ရှင်က အစိုးရဆိုတော့ အလုပ်သမားရယ်၊ အလုပ်ရှင်ရယ်၊ အစိုးရရယ် သုံးဦးပေါင်းပြီး ဆွေးနွေးရမယ်ဆိုရမယ့် ကိစ္စက မရှိတော့ဘူး။ မရှိတော့ အဲဒီမှာ ပြဿနာက ဖြေရှင်းလို့မရဘူး။ အဲတော့ စည်းရုံးလို့လည်း မရဘူး။ ဒီအခြေအနေ အခက်အခဲတွေက ဗမာပြည်မှာ အများကြီး ခံနေရတာပေါ့။ အလုပ်ရှင်နဲ့ အလုပ်သမားက အချိန်ပို ခိုင်းချင်သလိုခိုင်းမယ်။ လုပ်ခတွေ ပေးချင်သလို ပေးမယ်။ အဲဒါတွေကို ပြောဖို့ဆိုဖို့ ပြောရေးဆိုခွင့်လည်း မရှိဘူး။ ပြောလို့ဆိုလို့ ရှိပြန်ရင်လည်း အစိုးရကနေ ဝင်ပြီးတော့ ဘာမလုပ်ရဘူး။ ညာမလုပ်ရဘူး။ တားတယ်၊ ဆီးတယ်၊ ပိတ်တယ်။ အဲဒါတွေနဲ့ အလုပ်သမား အခွင့်အရေးတွေက ဆုံးရှုံးနစ်နာတာတွေ ဖြစ်တာပေါ့။ အခု ဥပဒေနဲ့ ထွက်ပေးလိုက်တော့ ဖွဲ့စည်းခွင့်ရှိတယ်။ ပြောခွင့်ရှိလာတယ်။ ဆိုတာလေးတော့ နည်းနည်း ရောင်ခြည်သန်းလာတဲ့ သဘောရှိတာပေါ့။ ပြီးတော့ လုပ်နိုင်မယ်ဆိုတာတော့ လက်တွေ့ဖွဲ့စည်းပြီးတော့ လုပ်ကြည့်မှသိမယ်။”

အစိုးရဘက်ကကော ဘယ်လောက်ထိ အလုပ်သမား အဖွဲ့အစည်းတွေကို စွက်ဖက်နေမလဲ။ လွှမ်းမိုးနေမလဲ။ တကယ်လို့ အစိုးရက လွှမ်းမိုးနေမယ်ဆိုရင်ရော အလုပ်သမား အဖွဲ့တွေက သူတို့လွတ်လွတ်လပ်လပ် လုပ်နိုင်ပါ့မလား။ ဘယ်လိုမြင်ပါသလဲ။

“အခု အစိုးရအနေနဲ့က သူက လွတ်လပ်တဲ့စီးပွားရေး လုပ်ပိုင်ခွင့်ဆိုတာ ရှိနေတော့ အလုပ်ရှင်အနေနဲ့တော့ သူ့ဟာသူ ရှိနေတယ်။ အစိုးရကလည်း ရှိတယ်။ အလုပ်ရှင်တွေကလည်း စက်ရုံအလုပ်ရုံတွေ၊ အလုပ်ဌာနတွေ ရှိတယ်၊ အလုပ်သမားတွေလည်း ရှိတယ်။ သုံးဦး သုံးဖလှယ် ဆွေးနွေးနိုင်တဲ့ အခြေအနေတော့ ပေါ်လာနေပြီ။ ပေါ်လာနေတဲ့အတွက် ဥပဒေထဲမှာ အလုပ်သမား အလုပ်ရှင် ဖြေရှင်းရေး ဥပဒေဆိုတဲ့ဟာကို မူတည်ပြီးတော့ ဖြေရှင်းတာတွေကို လုပ်ရမယ့်သဘော ဖြစ်ပါတယ်။ အလုပ်သမားက ညီညွတ်ဖို့ အရေးကြီးတယ်။ ညီညီညွတ်ညွတ်နဲ့ လုပ်မယ်ဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်သမားဖြစ်တဲ့ ပဋိပက္ခ ပြဿနာကို အစိုးရက ဖြေရှင်းရမယ့် နေရာမှာ တဖက်က အလုပ်ရှင်ဘက်ကလိုက်ရင်လည်း အလုပ်သမားက လက်မခံ၊ အလုပ်သမားဘက်က လိုက်ရင်လည်း အလုပ်ရှင်က မခံဘူးဆိုတဲ့ ပြဿနာပေါ်လာတယ်။ ပေါ်လာတော့ နှစ် ဦး နှစ်ဖက် ပြေလည်အောင် ဖြေရှင်းဆောင်ရွက်ပေးမှာပေါ့။ လက်ရှိနိုင်ငံရေး၊ စီးပွားရေး အခြေအနေအရ ငွေရေးကြေးရေး အခြေအနေအရ ဖြေရှင်းရမယ့် ပြဿနာတွေပါ။”
November 22, 2011 by မင်းလွင် •DVB

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP