July 11, 2009

ယခုနှစ် ပညာသင်နှစ် (၇) လသာ ရှိမည်ဟု နအဖဝန်ကြီး ပြောကြား

ဝီရ/ခောတ်ပြိုင် သောကြာနေ့၊ ဂျူလိုင်လ ၁၀ ရက် ၂၀၀၉ ခုနှစ်
၂၀၀၉-၂၀၁၀ အခြေခံပညာရေး စာသင်နှစ်ကို ဒီဇင်ဘာလကုန်ပိုင်းတွင် အပြီးသတ်ကာ စာမေးပွဲများကျင်းပရမည်ဟု နအဖစစ်အစိုးရ ဝန်ကြီးတဦး၏ပြောကြားချက်ကြောင့် ယခုနှစ်အတွက် စာသင်နှစ် (၇) လသာရှိနိုင်ကြောင်း မွန်ပြည်နယ် ပညာရေး အသိုင်းအဝိုင်းတွင် သတင်းထွက်ပေါ်နေသည်။

သတ္တုတွင်းဝန်ကြီးဌာန ဝန်ကြီး ဗိုလ်မှူးချုပ် အုန်းမြင့်က ပြီးခဲ့သည့် ဇွန်လအတွင်း ၎င်း၏ မဲဆွယ်စည်းရုံးရေးခရီးစဉ်တွင် ရေးမြို့နယ်၊ ခေါဇာမြို့ အထက်တန်းကျောင်း၌ တွေ့ဆုံပွဲပြုလုပ်ခဲ့ပြီး မိန့်ခွန်းပြောကြားရာတွင် ယင်းကဲ့သို့ ထည့်သွင်းပြောဆို သွားခြင်းဖြစ်ကြောင်း တွေ့ဆုံပွဲတက်ရောက်ခဲ့သူ ပညာရေးဝန်ထမ်းတဦးက ခေတ်ပြိုင်သို့ ပြောသည်။

“သူပြောတာက နိုင်ငံတော်က ရွေးကောက်ပွဲကြီး ကျင်းပမှာဖြစ်လို့ ဒီနှစ်အတွက် ပညာသင်နှစ်သက်တမ်းအတွက်က (၇) လပဲ ရှိတော့မယ်တဲ့။ ၂၀၀၉ ဒီဇင်ဘာလကျရင် (၁၀) တန်း စာမေးပွဲလည်း ဖြေဆိုရမယ်တဲ့။ အခု ကျင်းပမယ့် ရွေးကောက်ပွဲမှာ မဲထည့်ကြတဲ့ ဝန်ထမ်းတွေအနေနဲ့ ဘယ်သူ့ကို မဲပေးသင့်သလဲဆိုတာ အထူးဂရုစိုက်သင့်တဲ့အကြောင်းတွေလည်း ပါတယ်” ဟု ၎င်းက ပြောသည်။

ယင်းသို့ ရွေးကောက်ပွဲပြုလုပ်ခြင်းကြောင့် ကျောင်းသားများအား စာသင်နှစ်လျှော့မည်ဆိုသည့်သတင်း မှန်ကန်ပါက ကျောင်းသားများအတွက် ဆိုးကျိုးများသာ ဖြစ်ပေါ်စေနိုင်ကြောင်း၊ ယခုလောလောဆယ်တွင် ယခုနှစ် စာသင်နှစ်အတွက် သင်ကြားမည့် သင်ရိုးညွှန်းတမ်းကိုပင်လျှင် အဟောင်းကိုဆက်သုံးမည်လား၊ အသစ်လဲဦးမည်လား ဆိုသည်ကို အတည်မပြုနိုင် သေးကြောင်း အဆိုပါ ပညာရေးဝန်ထမ်းက ပြောသည်။

ပြီးခဲ့သည့် ဇွန်လပတ် မြို့နယ်အဆင့် ကျောင်းအုပ်ကြီးများ အစည်းအဝေးပြုလုပ်ရာတွင် ယင်းသတင်း စတင်ပျံ့နှံ့ခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံပညာရေးစနစ်သည် အဆိုးဘက်သို့သာ ဦးတည်စိုက်ကျနေသည်ဟု ကျိုက်မရောမြို့နယ်မှ အထက်တန်း ကျောင်းအုပ်ကြီးတဦးက မှတ်ချက်ပေးသည်။

၎င်းက “ပညာရေးဝန်ကြီးဌာနကတောင် ဒီကိစ္စကို ကြေညာသေးတာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကိစ္စ အမှန်ဖြစ်နိုင်ခြေတော့ ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ဝန်ကြီးတဦးက ပြောတယ်ဆိုတော့လေ။ ရွေးကောက်ပွဲကြောင့်နဲ့ ဒီလို ပညာသင်နှစ် သက်တမ်းလျှော့လိုက်တာက တခြားစီပါ။ ဆရာတွေ၊ ကလေးတွေအတွက် အကောင်းဆုံးဖြစ်အောင်တော့ စစ်အစိုးရက စဉ်းစားပေးသင့်တယ်” ဟု ပြောသည်။

မြန်မာနိုင်ငံတွင် မူလတန်းကျောင်းမှ အထက်တန်းကျောင်းများအပါအဝင် တနှစ်တာ ပညာသင်နှစ်အတွက် ပုံမှန်အားဖြင့် ဇွန်လမှ ဖေဖော်ဝါရီလအထိ (၉) လကျော် ကြာမြင့်သည်။

ထိုသို့ စာသင်နှစ်လျှော့ချမည့်သတင်းနှင့်ပတ်သက်၍ ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၊ ကထိကဟောင်းတဦးဖြစ်သူ ဒေါ်ငြိမ်းခက်ခက်က စစ်အစိုးရအနေဖြင့် တက္ကသိုလ်ကျောင်းစာသင်ချိန်ကိုပင် (၄) လသင်ကြား၊ (၂) လနားဟုဆိုကာ (၆) လ အတွင်း စာမေးပွဲဖြေဆိုခိုင်းမှုများရှိခဲ့၍ အတန်းငယ်များအား ယင်းကဲ့သို့ လုပ်ဆောင်လိမ့်မည်ကို သံသယမရှိကြောင်း ပြောသည်။

၎င်းက “ကျမလည်း ဒီအကြောင်းကို ကြားမိတယ်။ ကလေးတွေရဲ့ပညာရေးအတွက်က ပိုပြီး ကသီကလင် ဖြစ်နိုင်တယ်။ စာသင်ကြားချိန်၊ စာကျက်ချိန်၊ ကျောင်းခေါ်ချိန်၊ လေ့လာကျက်မှတ်ချိန်တွေက ဘယ်လောက်တော့မလဲ။ ဒါကြောင့် ကလေးတွေက အခြေမခိုင်တဲ့ အထက်တန်းပညာရပ်မျိုးနဲ့ ဖြတ်ကျော်သွားရမယ်” ဟု ပြောကြားသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP