July 14, 2009

ရပ်ကွက်အာဏာပိုင်များ ဝိုင်းရိုက်၍ သေဆုံးမှု အာရှလူ့အခွင့်အရေးအဖွဲ့ ကြေညာချက်ထုတ်

ပုသိမ်မြို့ အမှတ် ၁ ရယကတွေ ဝိုင်းဝန်း ရိုက်နှက်တာကြောင့် သေဆုံးခဲ့ရတဲ့ ကိုအောင်ခိုင်ထွန်း အမှုနဲ့ပတ်သက်ပြီး၊ အာရှ လူ့အခွင့်အရေး ကော်မရှင်က ဒီကနေ့ ဇူလိုင် ၁၃ရက်မှာ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

ကိုအောင်ခိုင်ထွန်း သေဆုံးရတဲ့အမှုအတွက်၊ ရယက အဖွဲ့ဝင်တွေ အပါအဝင် ပြစ်မှုကျူးလွန်တယ်လို့ ယူဆရသူ ၅ ဦးကို သက်ဆိုင်ရာ တရားရုံးက လူသတ်မှု ပုဒ်မ ၃၀၂ လူသတ်မှုနဲ့ ဖမ်းဆီး အရေးယူထားတာကို ဆိုလိုကြောင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ရှေ့နေ ဦးမင်းလွင်ဦးက ပြောဆိုပါတယ်။

ကိုအောင်ခိုင်ထွန်း သေဆုံးရတဲ့ အမှုကိစ္စမှာ သက်ဆိုင်ရာ ရဲနဲ့ တရားရုံးကနေ မှန်မှန်ကန်ကန် တရားမျှတစွာ အမှုရင်ဆိုင်နိုင်ရေး ဆောင်ရွက်ပေးဖို့ လိုအပ်တယ်လို့ AHRC က တိုက်တွန်း ထားပါတယ်။

ဦးမင်းလွင်ဦး။ ။ “ဒီလို ဖမ်းဆီး အရေးယူထားတဲ့ ဥစ္စာကိုလည်း ကျွန်တော်တို့အနေနဲ့ အများကြီး ကြိုဆိုတယ်၊ ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိုင်ငံအတွင်းမှာ အာဏာပိုင်တွေကနေ ကျူးလွန် ဖောက်ဖျက်တဲ့ အမှုတွေမှာ ဒီလို ဖမ်းဆီးအရေးယူမှုက အလွန်တရာမှပင် နည်းပါးတယ်။ အခုလို ဖမ်းဆီးအရေးယူတဲ့ ဥစ္စာကို ကျွန်တော်တို့ အာရှ လူ့အခွင့်အရေးအနေနဲ့ ကြိုဆိုတယ်။ နောက်ပြီးတော့တခါ ဒီအမှုကို မျှမျှတတ မှန်မှန်ကန်ကန်နဲ့ ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ပေးသွားဖို့ကိုလည်း ကျွန်တော်တို့ အာရှ လူ့အခွင့်အရေး ကော်မရှင်ကနေ တောင်းဆိုထားတာ ဖြစ်ပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၉ ရက်နေ့က ပုသိမ်မြို့ ငဝန်မြစ်အတွင်း ကိုအောင်ခိုင်ထွန်း နဲ့ ကိုတင်ထွန်းလွင်တို့ ၂ ဦး စက်လှေပျက် မျောပါလာပြီး၊ အမှတ် ၁ ကွမ်းခြံ ရယက အဖွဲ့ မြစ်အတွင်း ဗေဒါဆယ်နေတဲ့ နေရာကို ဆိုက်ရောက်ခဲ့ပါတယ်။ ကိုအောင်ခိုင်ထွန်းတို့ နှစ်ဦးကို ရယကတွေက လုပ်ငန်း နှောင့်ယှက်မှုနဲ့ ဖမ်းဆီးပြီး ဒဏ်ငွေ ၃၀၀၀ ပေးဖို့ တောင်းခဲ့ပါတယ်။ တောင်းတဲ့ငွေကို အချိန်မီ မပေးနိုင်တဲ့အတွက် ကိုအောင်ခိုင်ထွန်းကို ရယကတွေက ဝိုင်းဝန်း ရိုက်နှက်တဲ့အတွက် ဇွန်လ ၂၀ ရက်နေ့က သေဆုံးခဲ့ရပါတယ်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP