Tuesday, 21 July 2009 15:41 ရိုးမ ၃
E-mail Print
ညောင်ဦးမြို့ပေါ်မှ ကလေးငယ်များကို စစ်တပ်သို့ ရောင်းစားခဲ့သည့် အမျိုးသမီးအား အာဏာပိုင်များက တစုံတရာ အရေးမယူသည့်အပြင် ၎င်းအနေဖြင့် နောက်ထပ် ကလေးငယ်များကို ထပ်မံ စုဆောင်းနေခြင်းများ ပြုလုပ်နေသည်ဟု မြို့ခံတဦးက ပြောသည်။
ယခုလ (၁) ရက်နေ့က ညောင်ဦးမြို့မှ အသက်မပြည့်သေးသည့် မောင်ဒီလုံး၊ မောင်မိုးကျော်ကျော်နှင့် မောင်မင်းမင်းတို့ကို မတာဆိုသူ အမျိုးသမီးက စုဆောင်းပြီး ကျပ်သုံးသောင်းဖြင့် စစ်သားစုဆောင်းရေးသို့ ရောင်းချခဲ့သည်။
“ကလေးပျောက်သွားတော့ ညောင်ဦးမြို့နယ်ရဲစခန်းကို သွားတိုင်တော့ တာဝန်ကျအရာရှိက စစ်တပ်က ဝယ်တာဖြစ်လို့ သူတို့ ဘာမှမတတ်နိုင်ဘူးဆိုပြီး ပြောတယ်၊ ပြီးတော့ ကလေးတွေကိုခေါ်သွားတဲ့ မတာကိုလည်း သက်ဆိုင်ရာက အရေးယူတာမရှိဘူး” ဟု ပြောသည်။
အဆိုပါ မတာဆိုသည့် အမျိုးသမီးမှာ ညောင်ဦးမြို့၊ အောင်ဇေယျရပ်ကွက်တွင် နေထိုင်သူဖြစ်၍ သက်ဆိုင်ရာ အမှတ် (၃) ရပ်ကွက် ရယကဥက္ကဌက ခေါ်ယူကာ မေးမြန်းပြီး တစုံတရာ အရေးမယူခဲ့ကြောင်း မြို့ခံက ဆက်ပြောသည်။
“အခုလို ကလေးတွေကို စစ်တပ်ထဲ ခေါ်သွားတယ်ဆိုတာကို အဲဒီမှာ ပါသွားတဲ့ မင်းမင်းက ရထားပေါ်မှာ ငိုလို့ ပြန်လွှတ်ပေးလိုက်လိုက်လို့ သိရတာ၊ ကြားနေရတာက ခလရ (၁၀) က တပ်ကြပ်ကြီး ဌေးလှိုင်နဲ့ တပ်သား သိန်းဇော်တို့က လုပ်ခိုင်းတာ” ဟု ပြောသည်။
မိဘများအနေဖြင့် မန္တလေး၊ စလင်း၊ စကုမြို့များရှိ စစ်တပ်များသို့ လိုက်လံရှာဖွေမှုများ ပြုလုပ်သော်လည်း မတွေ့ရသေးကြောင်း မိသားစုနှင့်နီးစပ်သူတဦးက ပြောသည်။
ဒီလုံးနဲ့ မိုးကျော်ကျော်တို့ နှစ်ယောက်ကတော့ အခုထိ မိဘတွေလိုက်ရှာတာ မတွေ့ရသေးဘူး၊ ခရီးစရိတ်ကြွေးတွေတင်လို့ အိမ်ဝိုင်းတောင် ပေါင်ထားရတယ်၊ အခြေအနေက ဘာမှမထူးသေးဘူး” ဟု ဆက်လက်ပြောသည်။
စစ်အစိုးရအာဏာပိုင်များက မြန်မာနိုင်ငံတွင် ကလေးစစ်သားအသုံးပြုမှု မရှိကြောင်းနှင့် ကလေးငယ်များကို မိဘများထံ ပြန်လည်အပ်နှံခဲ့ကြောင်း ပြောဆိုနေသော်လည်း ယခုကဲ့သို့ တပ်သားသစ်စုဆောင်းရာတွင် ကလေးငယ်များကို နည်းမျိုးစုံဖြင့် စုဆောင်းနေဆဲဖြစ်သည်။
July 21, 2009
အသက်မပြည့်သေးသည့် ကလေးငယ်များကို စုဆောင်းရေးသို့ ရောင်းချခဲ့သူအား အရေးယူခြင်းမရှိ
Labels:
ကလေးအခွင့်အရေးသတင်း