| အင်တာဗျူး |
| မဇ္ဈိမသတင်းဌာန |
ယခုအခါ ကလေးငယ်သည် ရှမ်းပြည်တောင်ပိုင်း ပင်လောင်း အမှတ် (၄) စစ်သင်တန်းကျောင်းတွင် ရောက်ရှိနေပြီဖြစ်သည်။
သားဖြစ်သူအား စစ်တပ်အတွင်းမှ ပြန်လည် ခေါ်ထုတ်နိုင်ရန်အတွက် အကူအညီရရှိနိုင်ရန် ရန်ကုန်ရှိ အပြည်ပြည်ဆိုင်ရာ အလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် (ILO) ထံ အသိပေး အကြောင်းကြားကြောင်း သိရသည်။
ယခုလို ကလေးစစ်သားများအရေးနှင့် ပတ်သက်၍ ကုလသမဂ္ဂ လက်နက်ကိုင် ပဋိပက္ခနှင့် ကလေးငယ်များဆိုင်ရာအဖွဲ့မှ စုံစမ်းရေးအဖွဲ့တဖွဲ့သည် မြန်မာနိုင်ငံ၌ ကလေးစစ်သား စုဆောင်းအသုံးပြုနေမှုအကြောင်း ပိုမိုရှိနိုင်ရန် ယခုလကုန်တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု သိရသည်။
ကလေးစစ်သား စုဆောင်းခံရမှုများနှင့် ပတ်သက်၍ မဇ္ဈိမကလည်း သတင်းများ၊ တွေ့ဆုံမေးမြန်းမှုများကို မကြာခဏ ထုတ်ပြန်ခဲ့သလို၊ လက်ရှိ ကလေးစစ်သားအဖြစ် စုဆောင်းခံထားရသည့် မောင်ချစ်ရဲဇော်အကြောင်း သိရှိနိုင်ရန် သားဖြစ်သူနှင့် တွေ့ခွင့်ရခဲ့သည့် ၄၈ နှစ်အရွယ် ဖခင်ဖြစ်သူ ဦးတိုင်းချစ်ကို မဇ္ဈိမသတင်းထောက် ဖိုးဇော်က မေးမြန်းထားသည်။
ချစ်ရဲဇော်ကို ဘယ်နေ့က ဘယ်လို ပျောက်သွားတာလဲ ခင်ဗျာ။
မန္တလေး လက်ဖက်ရည်ဆိုင်က ဖုန်းဆက်လို့ သိရတာပါ။ သားက မန္တလေးမြို့ ၁၂ လမ်းက “ကိုးဆယ်ဆ” လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ပါတယ်။ ၃၊ ၇၊ ၂ဝဝ၉ ရက်နေ့က နေ့လည်ပိုင်း အလုပ်နားတဲ့အချိန် ၄၁ လမ်းမှာရှိတဲ့ သူငယ်ချင်း အလုပ်လုပ်နေတဲ့ ဆိုင်ကို လိုင်းကား အမှတ် ၆ နဲ့ အလည်သွားတာ။ သွားတော့ ၄၅ လမ်းကိုကျော်ပြီး ဘုရားကြီး အနောက်ပေါက်ကို ရောက်သွားပါတယ်။
အဲဒါနဲ့ ၄၁ လမ်းကို မသွားတတ်လို့ ယောင်လည်လည်ဖြစ်နေတုန်း ဆိုင်ကယ်နဲ့ တပ်ကြပ်ကြီးတယောက် ဖြစ်သူက ၄၁ လမ်းကို လိုက်ပို့မယ်လို့ ခေါ်သွားတာပါခင်ဗျာ။
အဲဒီနောက် ဘယ်ကနေ ဘယ်လို စစ်သားစုဆောင်းရေးကို ရောက်သွားတာလဲခင်ဗျာ။
၄၁ လမ်းကို လိုက်မပို့ဘဲ၊ ငါ ထမင်း မစားရသေးဘူးကွာဆိုပြီး ထမင်းဆိုင်ကို ခေါ်သွားတယ်။ ထမင်းဆိုင်ကပြီးတော့ “ထီးတော်မိုး” စုဆောင်းရေးကို ခေါ်သွားတယ်။ ထီးတော်မိုးက မိုးချုပ်တော့ ပိတ်သွားတယ်။ ခလေးက ကျနော့်ကို ပြန်ပြောပြတာပါ ခင်ဗျာ။
ပိတ်သွားတော့ ပြန်ခေါ်သွားပြီးတော့ “ကူမဲဘုန်းကြီးကျောင်း” ကို ၃ ည သွားအိပ်တယ်။
အဲဒီနောက် ၇ ရက်နေ့မှာ ထီးတော်မိုးကို သွားပို့တော့ ထီးတော်မိုးက ဗိုလ်ကြီးက ငယ်သေးတယ်ဆိုပြီး ပြန်လွှတ်လိုက်တယ်။ ထီးတော်မိုး ဗိုလ်ကြီးက အဲဒီ လာပို့တဲ့ တပ်ကြပ်ကြီးရဲ့ လိပ်စာရော၊ နာမည်ကော ကျနော့်ကို ပေးလိုက်တယ်။ တပ်ကြပ်ကြီး သာထွန်းလှိုင် မြစ်ကြီးနားအခြေစိုက် ၇ဝဝ၄ သံချပ်ကာကား တပ်ကပါ။
အခုနောက်ဆုံး ပင်လောင်းမှာ ရောက်နေတယ် ဆိုတာကရော ဘယ်လိုသိပါသလဲခင်ဗျာ။
ထီးတော်မိုးကို ကျနော်လိုက်တော့ ထီးတော်မိုးက စစ်ကိုင်းတိုင်း ရွှေဘိုကို လွှဲတယ်။ ၈ ရက်နေ့ကျတော့ ရွှေဘိုကို ပို့လိုက်တယ်ခင်ဗျာ။ အဲဒါနဲ့ ကျနော် ရွှေဘိုကိုလိုက်တော့ ၁၁ ရက်နေ့ခင်ဗျာ။ ရွှေဘိုသင်တန်းကျောင်းကိုမေးတော့ ရွှေဘိုသင်တန်းမှာရှိတဲ့ တာဝန်ခံက ၁၀ ရက်နေ့က ပင်လောင်းတပ်ကို ပို့လိုက်တယ်လို့ ပြောပါတယ်။
အခု ဘယ်စစ်သင်တန်းကျောင်းမှာလဲခင်ဗျ။ ကလေးကို သွားတောင်းသေးလား။
အခုတော့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်း အမှတ် (၄) စစ်သင်တန်းကျောင်းမှာပါ။ ပင်လောင်းတပ်ကို ဆက်လိုက်တော့ ဗိုလ်ကြီးတယောက်နဲ့ တွေ့ခွင့်ရခဲ့ပါတယ်။ ဗိုလ်ကြီးနာမည်တော့ မသိပါ။ သင်တန်းသား စာရင်းက နေပြည်တော်ရောက်နေလို့ လောလောဆယ် ထုတ်လို့မရသေးဘူးလို့ ပြောပါတယ်။ နေပြည်တော်ကို စာတင်ရဦးမယ်လို့ ပြောပါတယ်။
သားနဲ့ကော တွေ့ခွင့်ရပါသလား ခင်ဗျာ့။ တပ်ထဲကို လိုက်သွားတဲ့အချိန်မှာ အထောက်အထားအဖြစ် ဘာတွေ ယူသွားသလဲ။
ဟုတ်ကဲ့၊ သားနဲ့တွေ့ပြီး စကားပြောခဲ့ရပါတယ်။ ကျနော့်မှတ်ပုံတင်ပါတယ်၊ ကလေး မှတ်ပုံတင်ပါတယ်၊ ပုံစံ ၁၀ (သန်းခေါင်စာရင်း) ပါပါတယ်။
သားကို အဲဒီလို တပ်ထဲ ပို့လိုက်တော့ ဖခင်တယောက်အနေနဲ့ ဦးတိုင်းချစ် ဘယ်လို ခံစားရပါသလဲခင်ဗျာ။
ကျနော့်အနေနဲ့ မတရား ခံစားရတာပေါ့ဗျာ။ သားကအသက်က အငယ်လေးရှိသေးတာ ဆိုတော့။ သားက အသက်ကလည်း မပြည့်သေးဘူး။ အရွယ်ကလည်း နုနယ်တဲ့အရွယ်ဆိုတော့ သား သင်တန်းကျောင်းထဲမှာ အရမ်းစိတ်ဆင်းရဲမယ်လို့ ထင်ပါတယ်။ ကျနော့် မိန်းမဆို ဆေးရုံကို တက်ယူရတယ်ခင်ဗျာ။ ကျနော်လည်း လှည့်ပတ်လိုက်နေရတာ ခင်ဗျာ။
ကလေးရဲ့ ကျန်းမားရေး၊ စားရေး၊ နေရေးထိုင်ရေး အခြေအနေကော ဘယ်လို ရှိသလဲခင်ဗျာ။
သားနဲ့ ကျနော် အဲဒီလောက်ပြောဖို့ အချိန်မရဘူး ခင်ဗျာ။
တပ်ထဲမှာ ဘာသင်တန်းတွေ စတက်နေလဲဗျ။
ကျနော်က သင်တန်းမတက်ခင် တရက်က ရောက်တော့ မသိဘူး ခင်ဗျာ့။
ကလေးကရောမိဘနဲ့ ပြန်လိုက်မယ်လို့ ပြောလားခင်ဗျာ။
ပြောပါတယ်ခင်ဗျာ။
ILO နဲ့ရော ဆက်သွယ်ထားသေးလား။
ဟုတ်ကဲ့၊ ဆက်သွယ်ထားပါတယ်။
ကလေးကို တပ်ထဲကနေ ပြန်မလွတ်ဘူးဆိုရင် ဘာဆက်လုပ်မလဲခင်ဗျာ။
ILO ကိုပဲ အားကိုးရမှာပါ ခင်ဗျာ။
ကလေးကို တပ်ထဲကနေ ဘာဖြစ်လို့ ပြန်ခေါ်ချင်တာလဲခင်ဗျာ။
ကလေးက တော်တော်လည်း ငယ်သေးတယ်။ နောက်ပြီး ကလေးက လုပ်ကိုင်ကျွေးနေတာခင်ဗျာ။ သူက ဒုတိယသားပါ။ ပထမသားက အိမ်ထောင်ကျသွားပြီဆိုတော့ လုပ်ကိုင်ကျွေးတဲ့လူ မရှိဘူး ခင်ဗျာ။ နောက်ပြီး သူ့အောက်မှာကလေးက နောက်ထပ် ၃ ယောက် ရှိသေးတယ်ခင်ဗျာ။
(ဦးတိုင်းချစ်သည် ငွေကြေး အခက်အခဲကြောင့် သားဖြစ်သူ ချစ်ရဲဇော်အား နောက်ထပ်တကြိမ် ထပ်မံ သွားရောက်ကာ တွေ့ဆုံနိုင်ခြင်း မရှိသေးကြောင်း သိရသည်။)