နော်နိုရင်း ၁ စက်တင်ဘာ ၂ဝဝ၉
DVB
ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်မြို့ က အမျိုးသမီးနှစ်ဦး တရုပ် နယ်စပ်မှာ ရောင်းစားခံရပြီး တယောက်ကတော့ မနေ့က ထွက်ပြေး လွတ်မြောက် ခဲ့ပါတယ်။
မိုးမိတ်မြို အုန်းကြောရပ်ကွက်က မသိန်းကြည်နဲ့ မအဲစံတို့နှစ်ဦး တရုပ်နယ်စပ်မှာ အလုပ်သွားရှာစဉ် သူတို့ မိတ်ဆွေ မမော်ခန်းက တရုပ်ပြည် မတ်ကွင်းရွာက တရုပ်ပြည်ဖွား ရှမ်းအမျိုးသမီး ဆောင်ယုံဆိုသူအိမ်ကို ခေါ်သွားခဲ့ပါတယ်။ ဆောင်ယုံဆိုတဲ့အမျိုးသမီးက သူတို့ကို တရုပ် ပြည်တွင်းထဲကို ရောင်းစားဖို့ ရွှေလီမြို့  ကြယ်ခံလမ်းမှာရှိတဲ့ တည်းခိုးခန်းမှာ ထားတုန်း မသိန်းကြည် ထွက်ပြေးခဲ့တာပါ။ ထွက်ပြေးရင်း တရုပ်နယ်စပ် ရွှေလီမြို့ က မြန်မာပြည်သားတွေ ဝိုင်းကူညီပေးခဲ့ကြတာလို့ ကူညီသူတဦးက ပြောပါတယ်။
“မသိန်းကြည်က အလုပ်လုပ်ဖို့ ထွက်လာတာ ရမည်းသင်းမှာ အလုပ်မရလို့ သူငယ်ချင်း မမော်ခမ်းက တရုပ်ပြည်မှာ အလုပ်တွေပေါတယ် ဆိုပြီး တရုပ်ပြည်ဘက်က ရှမ်းအမျိုးသမီး ဆောင်ယုံလက်ထဲကို ထားခဲ့တယ်။ ဗမာပြည်နယ်စပ် တရုပ်ပြည် မတ်ကွင်းရွာက အဲ့ဒီ ရှမ်းအမျိုး သမီးက သူတို့ကို ရောင်းစားပြီးပြီလို့ ပြောတယ်။ ညနေ ၅ နာရီကို ဝယ်တဲ့ တရုပ်ကလာခေါ်မယ်တဲ့။ အဲ့ဒါတွေ သိတော့ လာခေါ်မယ်လုပ်တုန်း သူက ထွက်ပြေးလာခဲ့တာတဲ့။”
မနေ့က မသိန်းကြည်ကို ရွှေလီရဲစခန်းမှာ စစ်ဆေးမေးမြန်းပြီး ညက ရွှေလီမြို့  တဖက်ကမ်း မြန်မာဘက်က မူဆယ်လူကုန်ကူးမှု တိုက်ဖျက်ရေးဌာနကို ပြန်အပ်ခဲ့ပါတယ်။ မနေ့ည ၉ နာရီခန့်က မသိန်းကြည်ကို လာပို့သွားကြောင်းနဲ့ သက်ဆိုင်ရာ နယ်မြေကို ဆက်ပို့ဆောင်မယ်လို့ မူဆယ် လူကုန်ကူးမှု တိုက်ဖျက်ရေးရုံး တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။ “လောလောဆယ် ဒီမှာ ထိန်းသိမ်း စောင့်ရှောက်ထားပြီးတော့ နေရပ်ကိုပြန်ပို့ရမယ်။ ပြန်ပို့မယ့် ရက်အတိအကျကို ပြောလို့မရသေးဘူး။ မနက်ဖြန် ပြန်ပို့ရင်လည်း ပို့မှာပေါ့။” သူနဲ့အတူ ပါသွားတဲ့အသက် ၂၅ နှစ်အရွယ် မအဲစံကို မနေ့ညက စုံစမ်းလို့ မရသေးဘူးလို့ အဲဒီတာဝန်ရှိသူကပဲ ပြောပါတယ်။ မအဲစံတို့ အိမ်နီးချင်း တယ်လီဖုန်းပိုင်ရှင် တစ်ဦးက ဒီမနက် မအဲစံ ဆက်သွယ်လာပြီး သူ့ ကို ငွေလေးသိန်းနဲ့ တရုပ်ပြည် နောင်တောင်းရွာမှာ လာထုတ်ဖို့  ခင်ပွန်းသည်ကို အကြောင်းကြားလာတယ်လို့  ပြောပါတယ်။
“သူ့ကိုအခန်းထဲမှာ လှောင်ထားတယ်တဲ့၊ အပြင်မထွက်ရဘူးတဲ့၊ ငွေ ၄ သိန်းမပေးရင် သူ့ကို မလွှတ်ဘူးပေါ့။ သူ့ကို ခေါ်သွားတဲ့ လူတွေ အမည်ကို သူမပြောဘူး။ အမည်ပြော နန့်ခမ်းရဲတွေခေါ်ပြီး အိမ်တွေသွားရှာမယ်ဆိုတော့ သူက အဲ့လိုမပြောနဲ့တဲ့ အခုပြောတာတောင်မှ သူက ဗမာစကားနဲ့ ပြောတာ၊ ရှမ်းနဲ့ပြောရင် သိသွားမှာစိုးလို့တဲ့။ သူဖုန်းဆက်တော့ သူ့ဘေးနားမှာရပ်နေတာတဲ့။ ပြောရင် တရုပ်ပြည်ထဲ အတင်း ဆွဲခေါ်သွားမှာ စိုးလို့တဲ့။”
သူယောက်ျားက လူမမယ်ကလေးငယ်ကို ထိန်းနေလို့ မအားတဲ့အတွက် တခြား တစ်ယောက်ကို အကူအညီတောင်းပြီး သွားခိုင်း လိုက်တယ်လို့ သူက ပြောပါတယ်။ မအဲစံနဲ့ မသိန်းကြည်တို့ဟာ အိမ်နီးချင်းတွေဖြစ်ပြီး အိမ်ကနေ သြဂုတ် ၁၇ ရက်နေ့က အလုပ် သွားရှာမယ်လို့ စာနဲ့ရေးထားပြီး ထွက်သွားခဲ့တာလို့ မအိစံရဲ့ ခင်ပွန်း ကိုဝင်းနိုင်ဦးက ပြောပါတယ်။ မအဲစံမှာ ကလေး ငယ်တယောက်ရှိပြီး အသက် ၃၂ နှစ်အရွယ် မသိန်းကြည်မှာတော့ ကလေးသုံးယောက်ရှိတယ်လို့ ကိုဝင်နိုင်ဦးက ပြောပါတယ်။
September 04, 2009
အမျိုးသမီးများ လူကုန်ကူးခံရမှု - လူကုန်ကူးမှုခံရသည့် အမျိုးသမီးတစ်ဦး ထွက်ပြေးလွတ်မြောက်
Labels:
အမျိုးသမီးအခွင့်အရေးသတင်း