September 08, 2009

အလုပ်ကပြန်လာသူ ကလေးများကို စစ်တပ်မှ တပ်တွင်းဝင်ရန် အတင်းစည်းရုံးခြင်း

အာအက်ဖ်အေ/ ၂၊ ၉၊ ၂ဝဝ၉ (ဗုဒ္ဓွဟူးနေ့)

တောင်ကြီးမြို့ကနေ ရန်ကုန်အပြန်လာတဲ့ ဆယ်ကျော်သက် လူငယ် (၅) ယောက်ဟာ ပြီးခဲ့တဲ့သောကြာနေ့ညက သာစည် ဘူတာမှာ ရထား စောင့်နေတုန်း ဘူတာမှာတာဝန်ကျနေတဲ့ စစ်တပ်က သုံးနာရီလောက် ဖမ်းဆီးထားပြီး စစ်သားလုပ်ဖို့ အတင်း အကြပ် စည်းရုံးတာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီလိုကြုံခဲ့ရတဲ့ လူငယ်ကလေးတွေကတော့ တွံတေးမြို့နယ် တလုပ်ထော်ကျေးရွာက အသက်နှစ်ဆယ်အရွယ် မောင်ထွန်းထွန်းဝင်း၊ မောင်ရဲဝင်းထွန်းနဲ့ မင်းမင်းဦး။ အသက် (၁၉) အရွယ် မောင်စိုင်းမျိုးထွန်းနဲ့ အသက် ( ၁၆ ) အရွယ် မောင်ကျော်ဝင်းဦးတို့ ဖြစ်ပါတယ်။ တောင်ကြီးမြို့အနီးက မုန်းပင်ကျေးရွာမှာ သဲကျုံး၊ သဲပြင်တဲ့အလုပ် သွားလုပ်ပြီး ပြန်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ ဘူတာမှာ ဗိုလ်ကြီးအဆင့်ရှိတဲ့ လူတစ်ဦးကဦးဆောင်ပြီး စစ်သားတစ်စုက မှတ်ပုံတင် စစ်ဆေးသလိုနဲ့ ဘူတာနောက်ဘက်မှာရှိတဲ့ သူတို့စခန်းကိုခေါ်သွားပြီး ခြိမ်းခြောက် စည်းရုံးတာ ကြုံခဲ့ရပုံကို မောင်စိုင်းမျိုးထွန်းက အခုလို့ပြောပြပါတယ်။

မောင်စိုင်းမျိုးထွန်း။ ။ ကျနော်တို့ ငါးယောက်ကို နှိပ်စက်တယ်။ ကိုယ်တုံးလုံးတွေချွတ်ပြီးတော့လဲ စစ်ဆေးတယ်။ စစ်ပြီးတော့ သူတို့ ဘာမှ မတွေတော့ ပြန်ဝတ်ခိုင်းတယ်။ ပြန်ဝတ်ပြီးတော့ သူတို့ကစည်းရုံးတယ်။ သူတို့စစ်ထဲဝင်ဖို့ ကျနော်တို့ကို တိုက်တွန်းတယ်၊ ခြောက်လည်း ခြေက်တယ် ရိုက်မယ်၊ နှက်မယ့်ဆိုပြီးတော့။ စစ်တပ်ထဲဝင်မယ်ဆိုရင် ရှေ့တန်းလည်းမပို့ဘူး၊ စားဝတ်နေရေးလည်း ပူစရာမလိုတဲ့အပြင် မိဘတွေကိုခေါ်ပြီး အတူထားနိုင်တယ်။ မကျန်းမာရင် အလကားဆေးကုပေးအုံးမှာလို့လည်း ပြောတယ်လို့ သူတို့က ပြန်ပြောပြပါတယ်။ အဲဒီနောက်မှာ မောင်စိုင်းမျိုးထွန်းက ဆက်လက်ပြီးတော့

မောင်စိုင်းမျိုးထွန်း။ ။ နောက်တော့ မင်းတို့ကောင်တွေက အနုနည်းနဲ့မရဘူး။ မင်းတို့ကောင်တွေကို ရိုက်နှက်ဆုံးမပြီး မေးမှရမယ်ဆိုပြီး အဲဒီလို ပြောတယ်။ ဆဲဆိုပြီးတော့ ကျိန်းမောင်းတယ်။ ပြီးတော့ ကျနော်တို့က ဘူးခံတော့ အချိန်က (၁၂) နာရီ ထိုးပြီးသွားပြီ။ ရထားကလည်း ရောက်နေပြီ။ အဲဒါနဲ့ ရထားက တစ်ချက်ထိုးမှထွက်တယ်။ ရထားထွက်ခါနီးမှာ ကျနော်တို့တွေကို လွှတ်တယ်။

ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ဒါရိုက်တာ ဦးအောင်မျိုးမင်းကတော့ အခုနောက်ပိုင်း မှာ မြန်မာနိုင်ငံ အတွင်း လမ်းပေါ်ကလူငယ်တွေကို အကြောင်းအမျိုးမျိုးနဲ့ ဖမ်းဆီးပြီး စစ်ထဲသွင်းဖို့ လုပ်နေတာတွေကို ပိုတွေ့လာရပြီး ဒီလိုလုပ်နေတာဟာ တိုင်းရင်းသားတွေနဲ့တိုက်မယ့် တိုက်ပွဲတွေမှာ အသုံးချဖို့ ပြင်ဆင်နေတာတွေ ဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။

ကိုအောင်မျိုးမင်း။ ။ အခု နယ်စပ်တလျောက်မှာဖြစ်နေတဲ့ ကရင်တို့၊ ရှမ်းတို့၊ တရုတ်နယ်စပ်မှာ ဖြစ်နေတဲ့တိုက်ပွဲတွေ အတွက် ပြင်ဆင် နေတယ်လို့လည်း ပြောနိုင်တယ်။ အခုချိန်မှာ ကိုးကန့်နဲ့ တိုက်ပွဲတွေဖြစ်ပွားပေမယ့် နောက်ပိုင်းမှာ အဲဒီမှာ လက်နက်ကိုင်တပ်ဖွဲ့ကြားထဲမှာ လက်နက်ကိုင်တိုက်ပွဲတွေ ထပ်ပြီးတော့ ဖြစ်လာနိုင်တယ်။ အဲဒီအတွက် သူတို့အနေနဲ့ လူငယ်တွေကို ပိုပြီးစုဆောင်းနေတဲ့ သဘောမျိုးလို့ ကျနော်တို့ ကောက်ချက်ချလို့ရတယ်။

မြန်မာစစ်အစိုးရအနေနဲ့ လမ်းပေါ်မှာတွေ့တဲ့ လူငယ်တွေကို အခုလို ဖမ်းဆီးခေါ်ဆောင်ပြီး စစ်သားလုပ်ဖို့ စည်းရုံးနေတာဟာ အပြည်ပြည် ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာပါတဲ့ အခြေခံလူ့အခွင့်အရေးကို ချိုးဖောက်နေတာ ဖြစ်တယ်လို့လည်း ဦးအောင်မျိုးမင်းက ထောက်ပြဝေဖန်သွားပါတယ်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP