ကျော်ခ/ စက်တင်ဘာလ 10 ရက် 2009 ခုနှစ်
ချင်းမိုင် (မဇ္ဈိမ)
တွံတေးမြို့နယ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တာဝန်ခံ ကိုရဲထွဋ်ခေါင်ကို မြို့နယ်တရားရုံးက ယနေ့တွင် ထောင်ဒဏ် ၃ နှစ် ချမှတ် လိုက်သည်။ တရားရုံးအနီး လုံခြုံရေးများ ထူးကဲစွာ ချထားခဲ့ပြီး၊ နံနက် ၁၁ နာရီကျော်က ကိုရဲထွဋ်ခေါင်သည် တရားမဝင် လောင်းကစားဒိုင် အဖြစ် ကျူးလွန်သည်ဟုဆိုကာ အမိန့်ချလိုက်ခြင်း ဖြစ်သည်။
အန်အယ်ဒီလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ခဲ့သော ကိုရဲထွဋ်ခေါင်အတွက် ရှေ့နေငှားခွင့်မရရန် တရားသူကြီးများက ဖိအားပေးခဲ့သည်ဟု သူ၏ ဇနီးဖြစ်သူ ဒေါ်မေမျိုးစုက ပြောသည်။ ပုံမှန်အားဖြင့် လောင်းကစားမှု ပုဒ်မ ၁၅ (က) စွဲဆိုခံရသူအတွက် အာမခံပေးလေ့ရှိသော်လည်း အတိုက်အခံပါတီဝင်အတွက် အာမခံ မရခဲ့ဘဲ အင်းစိန်ထောင်တွင်းတွင် ချုပ်နှောင်ခံခဲ့ရသည်။
"မတရားချမှတ်လိုက်တဲ့ အနေအထားမျိုး တွေ့ရတယ်။ ဘာအာမခံချက်မှ မပေးဘဲနဲ့ ၃ နှစ်ချလိုက်တဲ့အတွက် ကျမယောင်္ကျားအတွက် အများကြီးလည်း နစ်နာတယ်။ ကျမတို့မိသားစုရဲ့ ငြိမ်းချမ်းနေတဲ့ မိသားစုဘဝလေးကို ဖြိုခွဲလိုက်တာ” ဟု မမေမျိုးစုက ပြောသည်။
တရားစီရင်နေချိန်တွင် ရဲနှင့် ထောက်လှမ်းရေး တဒါဇင်ကျော် တရားရုံးအနီး စောင့်ကြည့် နေခဲ့သည်ဟု သူမက ပြောသည်။
မေလ ၇ ရက်နေ့က ကိုရဲထွဋ်ခေါင်အိမ်ကို ရဲက ဝင်ရောက်ရှာဖွေရာ တရားမဝင် ချဲထီဘောင်ချာများ တွေ့ရှိသည်ဟုဆိုကာ ဖမ်းဆီးသွား ခဲ့သည်။ သို့သော် ကိုရဲထွဋ်ခေါင်က ချဲဘောင်ချာများ သိမ်းဆည်းရမိသည် ဆိုခြင်းကို တရားရုံးတွင် ငြင်းပယ်ခဲ့ပြီး အပြစ်မရှိဟု ထွက်ဆို ခဲ့သည်။ အင်းစိန် အကျဉ်းထောင်တွင်း ချုပ်နှောင်ထားစဉ် တလကြာ တိုက်ပိတ် ခံခဲ့ရသည်ဟု ဇနီးသည်က ပြောသည်။
September 11, 2009
လူတိုင်း တရားဥပဒေရှေ့ တွင် လူသားအဖြစ်ဆက်ဆံခံရခွင့်ရှိသည် - သို့ သော်- တွံတေးအန်အယ်ဒီလူငယ် ချဲမှုဖြင့် ထောင် ၃ နှစ်ချခံရ
Labels:
လူ့အခွင့်အရေးသတင်း