September 17, 2009

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အစည်းအဝေးကျင်းပမည်

(ခေတ်ပြိုင်ဂျာနယ်)မင်းနိုင်သူ / ၁၇ စက်တင်ဘာ ၂၀၀၉

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ၏ ရှေ့လုပ်ငန်းစဉ်များအတွက် မနက်ဖြန်တွင် အန်အယ်လ်ဒီရုံးချုပ်၌
အစည်းအဝေး တရပ်ပြုလုပ်သွားမည်ဖြစ်သည်။

အဆိုပါ ကော်မတီအတွင်းရေးမှူး ဦးအေးသာအောင်က “စီအာပီပီကို ဖွဲ့စည်းခဲ့တာက အဓိကအားဖြင့် စစ်အစိုးရက အကောင် အထည် ဖော်မပေးခဲ့တဲ့ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကို အတည်ပြုပြီး လွှတ်တော်ခေါ်နိုင်ရေးအတွက် ရွေးကောက်ပွဲ အနိုင်ရ အန်အယ်လ်ဒီပါတီနဲ့ တိုင်းရင်းသားပါတီတွေ ပူးပေါင်းပြီး ဖွဲ့စည်းခဲ့တာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ စစ်အစိုးရရဲ့
ဖိနှိပ်မှုတွေကြောင့် လွှတ်တော်ခေါ်ယူရေး အကောင်အထည်ဖော်ဖို့ ဝေးသထက်ဝေးလာတာပေါ့။ သို့သော် ၁၉၉၀ ရွေးကောက်ပွဲ ရလဒ်နဲ့ လွှတ်တော်ခေါ်ယူရေးကိုတော့ စီအာပီပီအဖွဲ့ဝင် ပါတီတွေက ဒီနေ့ထက်ထိ ကိုင်စွဲထားဆဲပါပဲ” ဟု ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရုံးချုပ်၌ မနက်ဖြန်ကျင်းပမည့် အစည်းအဝေးသို့ အကျဉ်းကျနေသော ပါတီ ခေါင်းဆောင်များနှင့် ကျန်းမာရေးမကောင်းသည့် ပါတီခေါင်းဆောင်များမှလွဲ၍ ကျန်ပါတီခေါင်းဆောင်များ တက်ရောက်ကြ မည်ဖြစ်ကြောင်း သိရသည်။

“လက်ရှိဖြစ်ပျက်နေတဲ့ နိုင်ငံရေးကို ခြုံငုံသုံးသပ်ပြီး ရှေ့ဆက်သွားမယ့် မူဝါဒတွေ ချမှတ်နိုင်ဖို့ကို အဓိကထား ဆွေးနွေးသွားကြမှာပါ” ဟု ဦးအေးသာအောင်က ပြောသည်။

၁၉၉၀ ရွေးကောက်ပွဲအား တနည်းတဖုံဖြင့် အသိအမှတ်မပြုသရွေ့နှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ပါက စီအာပီပီအနေဖြင့် ၂၀၁၀ ရွေးကောက်ပွဲကို လက်ခံကြမည်မဟုတ်ဟုလည်း ၎င်းက ပြောသည်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ (စီအာပီပီ) ကို ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ အန်အယ်လ်ဒီပါတီနှင့် တိုင်းရင်းသား လူမျိုးစုနိုင်ငံရေးပါတီအဖွဲ့အစည်းများ စုစည်းကာ ၁၉၉၈ ခုနှစ် စက်တင်ဘာ (၁၆) ရက်တွင် စတင်ဖွဲ့စည်းခဲ့ရာ (၁၁) နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်သည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP