Kaowao, စက်တင်ဘာ ၂၈၊၂၀၀၉။
စံခလပူရီ၊ စက်တင်ဘာ(၂၆) ။ ။ ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်အတွင်း၌ မလတောကျေးရွာနေ ကရင်အမျိုး သမီးများကို စကခ(၅) လက်အောက်ခံ ခမရ(၅၆၃)တပ်ရင်းက စစ်အရာရှိတွေကိုနင်းနှိပ်ဖို့ အနှိပ်သည်အဖြစ် စစ်အမိန့်အရ စက်တင်ဘာလတတိယအပတ်ထဲတွင် အတင်းဆင့်ခေါ်ပြီး ဖြေဖျော်ခိုင်းသည်ဟု ဒေသခံကျေးရွာ ရယကအဖွဲ့ဝင်တစ်ဦးမှ ပြောဆိုခဲ့ပါသည်။ တချို့အမျိုးသမီးများအပေါ် ထိကပါးရိကပါးလုပ်ယုံမျှမက ကိုယ်ထိလက် ရောက်ကျူးလွန်မှုလည်း ရှိသည်ဟု အဆိုပါ ရယကအဖွဲ့ဝင်က ဆက်လက်ပြောပြခဲ့ပါသည်။
အဆိုပါ မလတောကျေးရွာဒေသသည် နအဖတပ်နှင့် ကေအာန်ယူခေါ် ကရင်အမျိုးသားအစည်းအရုံးတို့မကြာခဏ ထိပ်တိုက် ရင်ဆိုင်တိုက်ပွဲဖြစ်ပွါးရာနေရာဖြစ်ကြောင့် ၄င်းဒေသခံများဖြစ်သော အမျိုးသားများသာမက အမျိုးသမီး အပေါ်တွင်လည်း ဖိနှိပ်အနိုင်ကျင့်မှုတွေ ရှိနေဆဲဟုဆိုပါသည်။ ယင်းဖြစ်စဉ်ကို ကေအန်ယူတပ်မဟာ(၆)က စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထဲနေကိုဆက်သွယ်မေးမြန်းခဲ့ရာတွင် ဟုတ်မှန်သည်ဟု အတည်ပြုပြောခဲ့သည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းစစ်ကြောင့် တိုင်းရင်းသူ အမျိုးသမီးအများအပြားသည် နအဖက အတင်း အဓမ္မပြုကျင့် ခံနေရသည်ဟု ထိုင်းနိုင်ငံအခြေစိုက်မြန်မာအမျိုးသမီးများအဖွဲ့ချုပ်၏ ပြည်တွင်းစည်းရုံးရေးမှူး တာဝန်ခံ မိဆူးပွင့် ပြောဆိုရာတွင်
“ အစိုးရအဆင့်ကနေပြီးတော့ ဒီအမျိုးသမီးနိုင်ငံသားတွေအပေါ်မှာ အကာအကွယ်မပေးတဲ့အပြင် အစီအစဉ်ရှိရှိ ကျူးလွန်နေတဲ့ စစ်ပွဲတွေအပေါ်မှာ သူတို့ရဲ့ပေါ်လစီအရ တိုင်းရင်းသူအမျိုးသမီးတွေကို အနိုင် ကျင့်စော်ကားတဲ့လုပ်ရပ်တွေ တိုက်ပွဲဒေသတွေမှာ နယ်စပ်ဒေသတွေမှာ ဖြစ်ပျက်နေတာ ဖြစ်မြဲဖြစ်နေ တယ်။ ဒီနေ့ထိဖြစ်နေတုံးဘဲဆိုတဲ့အစီရင်ခံစာကိုကြည့်လို့ရှိယင် ကျွန်မတို့ သိသိသာသာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်” ဟုပြောပြခဲ့ပါသည်။
လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်မှုစော်ကားခံခဲ့ရသည့် အမျိုးသမီး(၉၇)ရာခိုင်နှုန်းတွင် လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကျူးလွန်မှုကို ခံနေရသည်ဟု ဟော်လန်နယ်ခြားမဲ့ ဆေးဝါးအထောက်အပံ့ပေးအဖွဲ့၏ အစီအရင်ခံစာတွင် ဖေါ်ပြ ထားပါသည်။ ၂ဝဝဝခုနှစ် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှ ချမှတ်ထားသည့်ဆုံးဖြတ်ချက်အမှတ် (၁၃၂၅)သည် ကမ္ဘာ့ငြိမ်းချမ်းရေးလုပ်ငန်းတွင် အမျိုးသမီးများပါဝင်မှုနှင့်သက်ဆိုင်ပြီး စံနစ်တကျချဉ်းကပ်လုပ်ဆောင်ရန် အာမခံ ထားသော်လည်း လက်တွေ့တွင် အကောင်အထည်ဖေါ်ရာမှာ အလှန်းကွာနေဆဲဟု ဆိုထားပါသည်။
ပြည်တွင်းစစ်ဖြစ်ပွါးခဲ့သည့်နိုင်ငံများတွင် အမျိုးသမီးတို့၏ ဂုဏ်သိက္ခာနှင့် ဘဝအာမခံချက်အတွက် သေချာရေရာမှု မရှိသေးဟု အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူများက သုံးသပ်ထားပါသည်။
September 28, 2009
နအဖတပ်မှ ကရင်အမျိုးသမီးများအား အနှိပ်သည်အဖြစ်အတင်းအဓမ္မဆင့်ခေါ်
Labels:
အမျိုးသမီးအခွင့်အရေးသတင်း