နန်းခမ်းကယောက် ၂၆ အောက်တိုဘာ ၂ဝဝ၉ -DVB
ကလေးတွေကို စစ်သားအဖြစ် စည်းရုံးသိမ်းသွင်းတဲ့ တနင်္သာရီ ကမ်းရိုးတန်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ထားဝယ်မြိ့နယ် သရက်ချောင်း အခြေစိုက် ခြေမြန်တပ်ရင်း ၄ဝ၃ မှာ တာဝန်ထမ်းဆောင်တဲ့ အရာရှိကို အရေးယူပေးဖို့ ကလေးမိခင်တဦးက တောင်းဆိုလိုက်ပါတယ်။
အသက် ၁၅ နှစ်ရှိ မောင်အောင်ကိုကိုဟာ ပဲခူးမြိ့ အထက ၂ မှာ ၉ တန်း ကျောင်းသားအဖြစ် ပညာသင်နေချိန် မနှစ်က သြဂုတ်မှာ တပ်ထဲဝင်ဖို့ စည်းရုံးခံလိုက်ရတာ ဖြစ်ပါတယ်။ သူ့ကို ကြည်းတပ်က ဗိုလ်ဉာဏ်ဇော်လင်းက သွေးဆောင်ဖျားယောင်း သွားတာဖြစ်ပြီး ရန်ကုန်တိုင်း လှည်းကူးမြိ့နယ်ရှိ အမှတ် ၁ စစ်ရေးလေ့ကျင့်ရေးတပ်ကို ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။
တပ်ခွဲ ၅ မှာ ကိုယ်ပိုင်အမှတ် တ/၃၉၉၁၆၇ နဲ့ စစ်သင်တန်း ၁ လ တက်ပြီးနောက် မကျန်းမမာဖြစ်လို့ ဆေးစစ်တာ မအောင်ဘူးဆိုပြီး ဗိုလ်ဉာဏ်ဇော်လင်းက လာရောက် ပြောဆိုခဲ့တာလို့ မောင်အောင်ကိုကိုရဲ့အမေ ဒေါ်မြမြဝင်းကပြောပါတယ်။
“ငါ ဝမ်းသာတယ်၊ အတိုင်းထက်အလွန်ပဲ။ ငါ့သားကို နောက်တကြိမ် ဘယ်တော့ စစ်တပ်ထဲ ထပ်မထည့်ဘူး။ နင်ကိုယ်တိုင် ခေါ်သွားတဲ့အတွက် နင်ကိုယ်တိုင် ငါ့ဆီကို ရောက်အောင် ပြန်ပို့ပါလို့ မှာလိုက်တယ်။ ပြန်ပို့ပါမယ်ဆိုပြီးတော့ ဘာမှ သတင်း မကြားတော့ဘဲနဲ့ လေးငါးလလောက်ကြာပြီး ပြန်ပေါ်လာတဲ့အချိန်မှာ အောက်ပိုင်းချိသွားတယ်။ တနေ့လုပ်မှ တနေ့စား ကျမတို့ ဘဝ အဲ့လို လုပ်စားရတယ်။ ကျမသားလေးကြောင့် ကျမမှာ အခု အကြွေးတွေအများကြီးပဲ။ အကြွေး တသိန်း ဆိုရင်တော့ ကျမ မတတ်နိုင်တော့ဘူး။”
ဒေါ်မြမြဝင်းဟာ မုဆိုးမဘဝနဲ့ အကြော်လည်းရောင်း၊ အနှိပ်သည်လည်းလုပ်၊ အဝတ်လျှော်ပြီး ဝမ်းစာရှာနေသူ ဖြစ်တဲ့အပြင် ပြီးခဲ့တဲ့ နာဂစ်မုန်တိုင်းတိုက်တုန်းက နေအိမ်ပြိပျက်ခဲ့တယ်လို့ ပြောပါတယ်။ အဲဒီလို မိသားစုအတွင်း စီးပွားရေးအခက်အခဲ ဖြစ်နေချိန်မှာ ဗိုလ်ဉာဏ်ဇော်လင်း ရောက်လာပြီး မိသားစုတွေ ချမ်းချမ်းသာသာနေရဖို့ လစာ ၄၊ ၅ သောင်း ရမယ့်အပြင် တပ်ရိက္ခာလည်းရမယ်၊ ကျောင်းလည်း တက်ရမယ်ဆိုပြီး ဖျားယောင်းခေါ်ဆောင်သွားတာလို့ ပြောပါတယ်။
ပဲခူးတိုင်းမှာ စစ်သားစုဆောင်းမှု ပိုဆိုးလာတာနဲ့ ပတ်သက်လို့ လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်က စစ်တပ် ပေါ်လစီနဲ့ ရာထူးတိုးရေးအတွက် ဖြစ်ရတာလို့ ပြောပါတယ်။
“အရာရှိတယောက် ရာထူးတိုးချင်လို့ရှိရင် ရာထူးပေးခါနီးမှာ စစ်သားသစ် ၂ ယောက်ကို ရ ရမယ်လို့ တပ်တွင်းထဲမှာ ပြဌာန်းထားတယ်။ သူတို့ ရာထူးတိုးရေးအတွက် ကလေးတွေရဲ့ ဘဝရှေ့ရေးကို မကြည့်ဘဲနဲ့ အောက်ခြေ အရာရှိငယ်တွေရဲ့ ဖောက်ပြန်မှုကြောင့် ကလေးတွေ မကြာခဏ ပျောက်တယ်။
“ကားဂိတ်၊ ရုပ်ရှင်ရုံ၊ သင်္ဘောဆိပ် စတဲ့နေရာတွေမှာ ကလေးတွေ ယောင်လို့ မျက်စိမလည်ရဲဘူး။ နောက်တချက်က တိုင်းပြည်ရဲ့ စီးပွားရေးကျနေတော့ ကလေးတွေကို အိမ်က မိဘတွေက ဒုက္ခခံ ဖျစ်ညှစ်ပြီး ကျောင်းထားရတာ။ အိမ်ရဲ့ စားဝတ် နေရေး မပြေလည်တာတွေကို တပ်ထဲဝင်ရင် ပြေလည်လိမ့်မယ်လို့ လိမ်လည်ခေါ်သွားမှုကို ပါသွားတာတွေက များနေတယ်။”
ဒီလို ကလေးစစ်သား စုဆောင်းမှု ဆက်မဖြစ်အောင် အိုင်အယ်လ်အိုကို တိုင်ကြားသွားမယ်လို့ သူက ပြောပါတယ်။ ကာကွယ်တဲ့အနေနဲ့ မိဘတွေက သားသမီးတွေကို ဘူတာရုံ၊ ကားဂိတ်၊ ဈေးတွေနဲ့ မှောင်ရိပ်ကျတဲ့နေရာ၊ လူမမြင် သူမမြင်တဲ့ နေရာတွေကို လူကြီးမပါဘဲ မလွှတ်ကြဖို့ ဦးအေးမြင့်က အသိပေးသွားပါတယ်။
October 28, 2009
ကလေးစစ်သားအဖြစ် စည်းရုံးသူ အရာရှိကို အရေးယူရန် တောင်းဆို
Labels:
ကလေးအခွင့်အရေးသတင်း