October 17, 2009

အန်အယ်လ်ဒီနှင့်ပေါင်းလျှင် ကျောင်းပါပြောင်းမည်ဟု ဒေသအာဏာပိုင်တို့ ခြိမ်းခြောက်

မင်းနိုင်သူ (ခေတ်ပြိုင်) ၁၆ အောက်တိုဘာ ၂၀၀၉

ဧရာဝတီတိုင်း မြောင်းမြခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဋ္ဌက ပဒေါ်ချောင်းကျေးရွာမှ တောင်သူလယ်သမားများအနေဖြင့် အန်အယ်လ်ဒီအဖွဲ့ဝင်များကို လက်ခံပါက အိမ်ရှင်ကို အရေးယူမည့်အပြင် ရွာရှိ အလယ်တန်းကျောင်းကို အခြားရွာသို့ ပြောင်းရွှေ့ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း သိရသည်။

“ကျနော်တို့ တည်းနေကျအိမ်က အိမ်ရှင်အမျိုးသမီးနဲ့ ရွာထိပ်မှာတင်တွေ့လို့ သူက ပြောပြတယ်။ ခယက ဥက္ကဋ္ဌရဲ့ ညွှန်ကြားချက်အရ ၂၀၁၀ ရွေးကောက်ပွဲနီးလာပြီဖြစ်လို့ အန်အယ်လ်ဒီအဖွဲ့ဝင်တွေကို လက်မခံဖို့ မြောင်းမြမြို့နယ် ဥက္ကဋ္ဌက လာပြောထားတယ်တဲ့။ အဲဒါကို နားမထောင်ဘဲ လက်ခံရင် အိမ်ရှင်မိသားစုလည်း ဒုက္ခရောက်မယ်လို့ ကြိမ်းမောင်းတယ်။ အဲလို ကြိမ်းမောင်းတဲ့အပြင် ရွာကို မကြာခင်ကမှ ချပေးထားတဲ့ အလယ်တန်းကျောင်းကိုပါ တခြားကို ပြောင်းပစ်မယ်လို့ ခြိမ်းခြောက်ထားပါတယ်လို့ အိမ်ရှင်သားအမိက ပြောပြလို့ ကျနော်တို့လည်း ကလေးတွေရဲ့ပညာရေးကို ထောက်ပြီး ရွာထဲကို မ၀င်တော့ဘဲ လှည့်ပြန်ခဲ့ကြတယ်” ဟု အန်အယ်လ်ဒီဗဟို တောင်သူလယ်သမားကော်မတီမှ ဦးမောင်မောင်ကြီးက ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုတောင်သူလယ်သမားကော်မတီမှ ဦးမောင်မောင်ကြီးနှင့် မြောင်းမြမြို့နယ် အန်အယ်လ်ဒီ အဖွဲ့ဝင် (၂) ဦးတို့သည် တောင်သူလယ်သမားရေးရာများ လေ့လာရန် ဒေသခံကရင်လူမျိုးစုတို့၏ ဖိတ်ကြားချက်အရ အောက်တိုဘာ (၈) ရက်နေ့က ပတ္တမြားကျေးရွာအုပ်စု ပဒေါ်ချောင်းကျေးရွာသို့ သွားရောက်စဉ် တွေ့ကြုံခဲ့ကြရခြင်းဖြစ်သည်။

ဦးမောင်မောင်ကြီးက “ကျနော်တို့ တရားဝင်ပါတီဖြစ်တဲ့ အန်အယ်လ်ဒီပါတီဝင်တွေရဲ့ သွားလာရေး၊ တည်းခိုရေးတွေကို နှောင့်ယှက်နေပေမယ့် တရားဝင်မဟုတ်တဲ့ အဖွဲ့အစည်းတွေကိုတော့ စည်းရုံးလှုပ်ရှားခွင့်တွေ ပေးထားတယ်” ဟု ပြောသည်။

ဧရာဝတီတိုင်း ဖျာပုံခရိုင် ဒေးဒရဲမြို့နယ် အမှတ် (၁) ရပ်ကွက် ဗိုလ်ချုပ်လမ်းပေါ်ရှိ အိမ်တအိမ်၌ အောက်တိုဘာ (၁၀) ရက်တွင် ခေတ်သစ်သိပ္ပံနှင့် နိုင်ငံရေးဘောဂဗေဒလေ့လာရေး ကျောင်းတော်သားစုဆိုသည့် အဖွဲ့အစည်းတခုက အစည်းအဝေး ကျင်းပခဲ့ရာ ဒေသခံအာဏာပိုင်များက လုံခြုံရေးပင် စောင့်ရှောက်ပေးခဲ့ကြကြောင်း သိရသည်။

“တွဲဖက်အတွင်းရေးမှူး ဦးလှငွေဆိုတဲ့သူက ဦးဆောင်ပြီး အစည်းအဝေးလုပ်သွားတာပဲ။ အစည်းအဝေးဆိုပေမယ့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ငြိမ်းချမ်းစွာ ဒီမိုကရေစီနိုင်ငံတော်သစ်ဖြစ်ပေါ်ရေးသည် အမျိုးသားရေး တာဝန်ဖြစ်သည်ဆိုတဲ့ ဆိုင်းဘုတ်ထောင်ပြီး သူတို့ဟာသူတို့ စည်းရုံးရေးစကားတွေ ပြောသွားတာပါပဲ” ဟု ဒေသခံတဦးက ပြောသည်။

နိုင်ငံရေးဘောဂဗေဒကျောင်းတော်သားစုဆိုသည့် အဖွဲ့က နံနက် (၁၁) နာရီမှ နေ့လယ် (၁) နာရီအထိ ပြုလုပ်သည့် အစည်းအဝေးသို့ ကြံ့ဖွံ့အဖွဲ့ဝင်များလည်း တက်ရောက်ခဲ့ပြီး ဒေသခံရဲများက လမ်းရှင်းပေးခြင်း၊ လုံခြုံရေးယူပေးခြင်းတို့ လုပ်ခဲ့ကြောင်း သိရသည်။

“တရားဝင်ပါတီဝင်တွေကို ဖိနှိပ်နေပြီး မှတ်ပုံတင်ခြင်းတောင် မပြုရသေးတဲ့ ပါတီအဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်တွေ ပေးပြီး ကာကွယ်စောင့်ရှောက်နေတာမျိုးဟာ မဖြစ်သင့်မဖြစ်ထိုက်ဘူး။ နောက်ပြီး အမျိုးသားရင်ကြားစေ့ရေးနဲ့ နိုင်ငံအကျိုးစီးပွားကို ရှေးရှုပြီး တွေ့ဆုံနေပါတယ်ဆိုတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့တွေ့ဆုံဆွေးနွေးမှုတွေနဲ့ ဒီလိုအောက်ခြေအာဏာပိုင်တွေရဲ့ လုပ်ဆောင်နေပုံဟာဖြင့် ပြဒါးတလမ်း၊ သံတလမ်းလိုဖြစ်နေပါတယ်” ဟု အန်အယ်လ်ဒီမှ ဦးမောင်မောင်ကြီးက ပြောသည်။

အဆိုပါကိစ္စနှင့်စပ်လျဉ်း၍ မြောင်းမြခရိုင်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးရုံးသို့ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရပေ။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP