သီရိထက်စံ ၈ ဒီဇင်ဘာ ၂ဝဝ၉
ရခိုင်ပြည်နယ် မောင်းတောခရိုင်မှာ နယ်စပ်ခြံစည်းရိုး ဆောက်လုပ်ရေး လုပ်ငန်းခွင် အကွက် ၈ ကွက် အတွက် ဒေသခံရွာသား ထောင်နဲ့ချီပြီး နေ့စဉ် အဓမ္မစေခိုင်းခံနေရပါတယ်။ နယ်စပ်ခြံစည်းရိုးကို စတင်ကာရံစဉ်က တရက်ကို ကျပ်၂,ဝဝဝ အထိ ပေးခဲ့ ပေမယ့် ဒီရက်ပိုင်းမှာ တရက် ၄ဝဝ ကျပ် သာပေးပြီး အတင်း ခိုင်းစေနေတယ်လို့ ဒေ သခံ ကပ်ပလောင်ရွာသား တဦးက ပြောပါတယ်။
“အမှတ် ၂၊ အမှတ် ၄၊ အမှတ် ၅၊ အမှတ် ၆ နယ်မြေတွေ အားလုံးပါပဲ။ ဟို တုန်းက လူတဦးကို လုပ်အားခ ၂ဝဝဝ ပေးတယ်။ အခု ၃ဝဝ၊ ၄ဝဝ အဲဒီလို နည်းတဲ့ အတွက် လူတွေ မလာတော့ သူတို့ ညမှာ သွားဖမ်းပြီး လူတွေကို လုပ်ခိုင်းတယ်။ လူတွေ ထွက်ပြေးနေရတယ်။ အခြေအနေ သိပ်စိုးနေတယ်။ တပတ်လောက်ရှိပြီ။”
အဓိက စေခိုင်းတဲ့ နယ်မြေတွေက နစက နယ်မြေ ၅ လက်အောက်ခံ ငခူရ၊ ရွက်ညှိုးတောင်၊ ကပ်ပကောင်း၊ လိပ်အိမ်၊ အိုးချိန်းကျနဲ့ တခြား နီးစပ်ရာ ရွာတွေ ဖြစ်ပြီး ငခူရနဲ့ ရွက်ညှိုးတောင် ရွာတွေက နစက စခန်းတွေကိုတော့ နယ်မြေမှူး ဗိုလ်မှူး သူရိန်ဇော်က ကြီးကြပ်တာလို့ ဒေသခံတွေက ပြောပါတယ်။
“အဲ့ဒီလို ဆိုတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို တချို့ ထွက်ပြေးတယ်၊ တချို့ တော့ ပုန်းနေကြတယ်။”
ဒီလို နယ်မြေခံ အာဏာပိုင်တွေက ဒေသခံတွေကို အဓမ္မ ခိုင်းစေနေမှု အပေါ် ဘယ်လိုအရေးယူ ဆောင်ရွက်နိုင်မလဲ သိနိုင်ဖို့ ပြည်နယ်အေးချမ်းဖွံ့ ဖြိုးရေးရုံးကို ဆက်သွယ် မေးမြန်းရာမှာ လက်ခံဖြေဆိုခြင်း မရှိဘဲ ဖုန်းချသွားပါတယ်။
မနှစ်က စတင်ပြီး တပိုင်းတစသာ ပြီးစီးသေးတဲ့တဲ့ ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်ခြံစည်းရိုးဟာ မိုးရာသီတုန်းက တာဘောင်တွေ ပြိုဆင်းသွားခဲ့တာပါ။ ဒါကြောင့် မြေဖို့တာ ဘောင်ပြန်တင်တဲ့ လုပ်ငန်းနဲ့ သံဆူးကြိုး သွယ်တန်း မယ့် လုပ်ငန်းတွေကို နယ်မြေခံ နယ်စပ်ဒေသဖွံ့ ဖြိုးရေးနဲ့ ကွပ်ကဲရေးအဖွဲ့  နစကတွေက နိုဝင်ဘာ နှောင်းပိုင်း ကတည်းက ပြန်လည် စတင်ခဲ့တာပါ။ လုပ်ငန်းစတင်စဉ်က စစ်မြေပြင် ကွပ်ကဲမှု ဌာနချုပ် စကခ ၁၅ က တပ်ရင်း တွေက ကြီးကြပ်ခဲ့ပေမယ့် အခု နယ်မြေခံ နစကတွေက ကြီးကြပ်နေတာပါ။
http://burmese.dvb.no/
December 09, 2009
ရခိုင်ပြည်နယ်က အဓမ္မ ခိုင်းစေမှု
Labels:
လူ့အခွင့်အရေးသတင်း