January 21, 2010

အကြမ်းဖက်မှု ဥပဒေသစ် စစ်အစိုးရ အကျိုးစီးပွားအတွက်ဖြစ်

အကြမ်းဖက်မှုနှင့် ပတ်သက်၍ ၂၀၁၀ ခုနှစ်တွင် ပြဌာန်းမည့် ဥပဒေသစ်သည် စစ်အစိုးရ အကျိုးစီးပွား အတွက်သာ ဖြစ်နိုင်ကြောင်း ရှေ့နေများက ဆိုသည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်လုပ်ငန်းများနှင့် ဆက်နွယ် ပတ်သက်သူများကို အရေးယူနိုင်မည့် အကြမ်းဖက်မှု ဥပဒေ မူကြမ်းမှာ ပြီးစီးနေပြီဖြစ်၍ အတည်ပြုရန်သာ လိုအပ်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ ရဲမှူးကြီးစစ်အေး၏ အဆိုကို ကိုးကား၍ မြန်မာတိုင်း(မ်) သတင်းတွင် ရေးသားထားသည်။

"အကြမ်းဖက်မှုမှာ ငွေကြေး သော်လည်းကောင်း၊ ပစ္စည်းသော်လည်းကောင်း ထောက်ပံ့တာတွေ ပါလာခဲ့ရင် အဲဒါတွေ ကို အရေးယူနိုင်မယ့် အဆင့်တွေပါလာမှာပါ၊ ဒါဟာပြည်သူ့လုံခြုံရေးအတွက် အင်မတန်အရေးကြီးတဲ့ ခြေလှမ်း တစ်ခု ပါပဲ၊ နောက်တစ်ခုက နိုင်ငံတကာ အကြမ်းဖက်မှုကို အရေးတကြီး နှိပ်ကွပ်နိုင်မယ့် အနေအထား ရှိပါတယ်"ဟူသော ရဲမှူးကြီး၏ ပြောဆိုချက်ကို သတင်းက ကိုးကားထားသည်။

အစိုးရ ဆန့်ကျင်ရေးလုပ်ငန်းများကို ထိန်းသိမ်းဆောင်ရွက်ရာတွင် ယင်းဥပဒေကို စစ်ခေါင်းဆောင်များက အသုံးပြု နိုင်ကြောင်း သုံးသပ်လေ့လာသူများနှင့် ရှေ့နေများက ဆိုသည်။

ရှေ့နေတဦးဖြစ်သူ စောကျော်ကျော်မင်းက“တကယ်လို့သာ အဲဒီဥပဒေကို ထုတ်ပြန်မယ်ဆိုရင်လည်း ဒီဥပဒေကို ခုတုံး လုပ်ပြီးတော့ အာဏာရှင် တည်မြဲရေး အတွက်ကို အသုံးချပြီးလုပ်ဆောင်မယ်လို့ သုံးသပ်လို့ရတယ်” ဟု ပြောသည်။

ဒီမိုကရေစီ အပြောင်းအလဲအတွက် အတိုက်အခံများကို ငွေကြေးထောက်ပံ့ခြင်းများသည် အကြမ်းဖက်မှု မမြောက် ကြောင်း၊ ပြည်သူလူထု ထိခိုက်နစ်နာစေမည့် လက်နက်ဖြင့် ပစ်ခတ်ခြင်း၊ ဗုံးဖောက်ခွဲခြင်း၊ မိုင်းထောင်ခြင်းများကို အကြမ်းဖက်လုပ်ရပ်ဟု သတ်မှတ်နိုင်ကြောင်း ၎င်းက ဆက်ပြောသည်။

ရန်ကုန်မြို့မှ ဥပဒေ အတိုင်ပင်ခံ တဦးက“ငွေကြေးယူရုံနဲ့ ပြစ်ဒဏ်မြောက်တယ်ဆိုတာကလည်း အကြမ်းဖက် အဖွဲ့ အစည်းမှန်း သိပါလျက်နဲ့ အဲဒီအဖွဲ့ရဲ့ အကျိုးစီးပွားအတွက်ပေါ့ တခုခုလုပ်ဆောင်ရန်တာဝန်ကို လက်ခံတာတို့၊ ဆက်သွယ်တာတို့ အကူ အညီပေးတာတွေနဲ့ ပတ်သက်လာရင် ငွေကြေးဟာလည်း လက်နက်တခုလို့ ပါဝင် လာတာပေါ့”ဟု ဆိုသည်။

မြန်မာပြည်မှာ အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်၍ တိတိကျကျ သတ်မှတ် ဥပဒေ ထုတ်ပြန်ထားခြင်းမရှိဘဲ မတရား အသင်းအဖြစ် သတ်မှတ်ချက်သာရှိကြောင်း၊ အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းတို့မှာ ကွာခြားမှုရှိပြီး မတရား အသင်းများနှင့် ဆက်သွယ်ပါက ပုဒ်မ ၁၇/၁ ဖြင့် တရားစွဲ ဆိုနေသည်ကို တွေ့ရကြောင်း၊ ထွက်ပေါ်လာမည့် ဥပဒေတွင် အကြမ်းဖက် အဖွဲ့အစည်းနှင့် ပတ်သက်၍ သီးခြား ဖွင့်ဆိုချက် ထုတ်နိုင်ကြောင်း ၎င်းက ပြောသည်။

“လက်နက်ကိုင် ပုန်ကန်နေတဲ့သူတွေကို မတရားအသင်းလို့ သတ်မှတ်ထားရုံကလွဲပြီးတော့ အကြမ်းဖက် လုပ်ရပ်ကို လုပ်တယ် ဆိုတာ စကားလုံးအားဖြင့် သတင်းစာတွေမှာ ဖော်ပြထားတာတော့ရှိတယ်၊ မတရား အသင်းလား အကြမ်းဖက် အဖွဲ့လား ရှင်းရှင်း လင်းလင်း ဥပဒေထုတ်ပြန်ထားတာ မရှိသေးတော့ အခုမှ ဥပဒေထုတ်ပြန်တယ်ဆိုတဲ့ သဘောပါပဲ” ဟု ယင်း ဥပဒေ အတိုင်ပင်ခံက ဆိုသည်။

မတရားအသင်းများထံမှ ငွေကြေး ထောက်ပံ့မှုနှင့် အကြမ်းဖက်အဖွဲ့များထံမှ ငွေကြေး ထောက်ပံ့ ရယူခြင်းတို့သည် မတူညီ ကြောင်း၊ မတရား အသင်းနှင့် ဆက်သွယ်သည်ထက် အကြမ်းဖက်အဖွဲ့အစည်းနှင့် ဆက်သွယ်မှုက ပိုမို ပြစ်ဒဏ် ကြီးမား နိုင်ကြောင်း သိရသည်။

အဆိုပါသတင်းတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ကရင် အမျိုးသား အစည်းအရုံး(KNU)များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို အကြမ်းဖက်မှုအဖြစ် စွပ်စွဲထားသည်။

KNU အထွေထွေ အတွင်းရေးမှူး နော်စီဖိုးရာစိန်က“ရွေးကောက်ပွဲ ကျင်းပမယ့်နှစ်မှာ စစ်အစိုးရ ဆန့်ကျင်ရေး မလုပ်ဆောင် နိုင်အောင် ဒီမိုကရေစီရေး လှုပ်ရှားသူတွေ၊ ထောက်ခံသူတွေ၊ နိုင်ငံသားတွေကို တင်းကျပ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်တာ ဖြစ်ပါတယ်” ဟု ပြောသည်။

ပြီးခဲ့သည့်နှစ် မတ်လက ထိန်းသိမ်းထားသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အဖွဲ့ဝင် ၃ ဦးတို့ကို အင်းစိန်ထောင်တွင်း တရားရုံးက ထိုင်းနိုင်ငံမှ ပေးပို့သည့် ငွေကြေးကို လက်ခံရယူခဲ့သည်ဟူသော စွဲချက်နှင့် မတရား အသင်းအဖွဲ့ ဥပဒေ ပုဒ်မ ၁၇/၁ ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်လိုက်ကြောင်း သိရသည်။
(ဧရာဝတီသတင်းဌာန)

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP