February 03, 2010

လူကုန်ကူးမှုနှင့် ပတ်သက်ပြီး အင်တာဗျူး

မြန်မာနိုင်ငံဟာ ဒေသတွင်းနိုင်ငံတွေထက် လူကုန်ကူးမှုတားဆီးရေးဆိုတဲ့ ဥပဒေကို အစောဆုံး ပြဌာန်းနိုင်ခဲ့တယ်ဆိုပေမယ့်လည်း လူကုန်းကူးခံရတာတွေကတော့ မြန်မာနိုင်ငံမှာ တိုးလာနေတုန်းဘဲ့ ဖြစ်ပါ တယ်။ မြန်မာနိုင်ငံသားတွေကို မလေးရှားကနေ တဆင့် ဩစတေးလျနိုင်ငံကို လူကုန်ကူးသူတွေ ပို့ဆောင်ပေး နေတယ်ဆိုတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဗွီအိုအေ၊ ထိုင်းအခြေစိုက် ကျနော်တို့ သတင်းထောက် ကိုကျော်ထင် က စုံစမ်းတင်ပြထားပါတယ်ခင်ဗျား။

အရင်တုန်းက လူကုန်ကူးသူတွေ ပို့ပေးနေတာဟာ အိမ်နီးချင်း ထိုင်း၊ တရုတ်နဲ့ မလေးရှားနိုင်ငံတို့ ဖြစ် ပေမယ့် ပြီးခဲ့တဲ့နှစ်ကစပြီး မလေးရှားကတဆင့် ဩစတေးလျနိုင်ငံအထိ ပို့ဆောင်ပေးမှုတွေ ရှိလာပါတယ်။ ဩစတေးလျသို့ ရောက်ခါနီးမှာ အင်ဒိုနီးရှားရဲရဲ့ ဖမ်းဆီးခြင်းခံလိုက်ရသူတယောက်က သူ့ရဲ့အတွေ့အကြုံကို အခုလို ပြောပြပါတယ်။
နောက်ဆုံး အဖမ်းခံလိုက်ရတဲ့နေရာကျတော့ ကျနော်တို့ ဘာမှလည်း ပိုက်ဆံပေးလို့မရတော့ဘူးဗျာ့။ အဲဒါ ဩစတေးလျကို ဝင်မယ်ဆိုတာသိတော့ အတင်းအကြပ်ဖမ်းပစ်လိုက်တာဗျာ့ အမှန်က။ ဩစတေးလျကို ဝင်မယ်ဆိုရင် ကျနော်တို့ ---- ဆိုတဲ့နယ်မြေတွေကို မရောက်ခင်လောက်မှာ ဆိုလို့ရှိရင် သူက အဲမှာ နယ်စပ် စောင့်ကြည့်တဲ့ ရဲတပ်ဖွဲ့ဆိုတာ သက်သက်ရှိတယ်။ အဲဒီတုန်းကလည်း ကျနော်တို့ စက်လှေဖြတ်သွားတဲ့ အချိန်၊ ရိက္ခာပြတ်သွားတဲ့အချိန်ပေါ့လေ။ စက်လှေပေါ်မှာလည်း စက်ပျက်တဲ့အချိန်၊ ရိက္ခာပြတ်တဲ့အချိန်ဆိုတော့ အဲဒီ လိုကမ်းကို ကပ်တဲ့အချိန်မှာ မသင်္ကာမှုနဲ့အစစ်ခံလိုက်ရတဲ့အချိန်မှာ ကျနော်တို့ အဖမ်းခံလိုက်ရတာဘဲ့။ ဟုတ် ကဲ့၊ နောက်ထပ် ခြောက်နာရီမောင်းရင် ကျနော်တို့ ဩစတေးလျနယ်ထဲကို ရောက်ပြီခင်ဗျာ့။ အဲဒီ ဩစတေးလျ လမ်းကြောင်းကို ရောက်သွားရင်တော့ ဟိုဘက်ကိုကျော်လို့ရှိရင် ကျနော်တို့ ဘာမှကို အခက်အခဲ မရှိတော့ဘူး လေ။ အဲလိုမျိုးပေါ့။
သူတို့ကို အင်ဒိုနီးရှားက ထောင်ဒဏ်ကိုးလ ချမှတ်လိုက်ပြီး မလေးရှားသို့ ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။ ပို့ဆောင်ပေးတဲ့ လူပွဲစားတွေထဲမှာ မြန်မာနဲ့ နိုင်ငံခြားသားတွေ ပါဝင်တယ်လို့ ပွဲစားတွေနဲ့ နီးစပ်သူတယောက် က ပြောပါတယ်။
ဒီလူကုန်ကူးတဲ့ ပွဲစားတွေနဲ့ဘဲ့ သွားတယ်။ နောက်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံကို သူတို့ရဲ့အစီအစဉ်နဲ့ သူတို့ မေးမြန်းစုံစမ်းပြီးတော့ သွားတာမျိုးတွေလည်း ရှိတယ်။ သူတို့ လေးဆယ်ကျော်အားလုံးကလည်း တပြိုင် တည်း သွားတာမဟုတ်ဘူး။ ၂၀၀၉ ခရစ်စမတ်နေ့ကပေါ့နော်။ အဲဒီညက ဟိုဘက်ကမ်းကို သူတို့ဆယ်ယောက်၊ ဆယ်ယောက် ခိုးသွားတာပေါ့နော်။ နိုင်ငံတကာ ရေဇုန်ကို ကျော်ပြီးတော့ပေါ့နော်။ အဲဒီမှာ ပွဲစားကလည်း တ ယောက်တည်းမဟုတ်ဘူး။ တနေရာနဲ့ တနေရာ ပွဲစားတွေက မတူကြဘူးလေ။ ပွဲစားတွေကတော့ မြန်မာတွေ လည်း ရှိတယ်။ နိုင်ငံခြားသားတွေလည်း ရှိတယ်ပေါ့နော်။
လူပွဲစားတွေနဲ့ဆက်သွယ်ပြီး ဩစတေးလျသို့ သွားသူအများစုဟာ ရိုဟင်ဂျာတွေဖြစ်ကြပြီး သူတို့ဟာ ယူအင်အိခ်ျစီအာ လက်မှတ်ကိုင်ဆောင်ထားသူတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားကတဆင့် ငါး ဖမ်းစက်လှေတွေနဲ့ ခရီးရှည်သွားရတာကြောင့် လမ်းခရီးမှာ အသက်ဆုံးရှုံးရတာလည်း၊ လမ်းကြောင်းလွဲပြီး ပစိဖိတ်သမုဒ္ဒရာထဲက ကျွန်းနိုင်ငံတွေထဲကို ရောက်သွားတာတွေ၊ အဖမ်းဆီးခံရတာတွေလည်း ရှိပါတယ်။ ပါပူးနယူးဂီရီကျွန်းနိုင်ငံတွေနဲ့ ပစိဖိတ်ကျွန်းနိုင်ငံတွေမှာ မြန်မာနိုင်ငံသား တရာကျော်လောက် သောင်တင်နေပြီး သူတို့ကို ယူအင်အိပ်ခ်ျစီအာက စောင့်ရှောက်ထားတယ်လို့ သိရပါတယ်။
လူကုန်ကူးမှုရဲ့အကြောင်းခံဟာ စားဝတ်နေရေးကြောင့် ဖြစ်တယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးပညာ ပေးဌာန ဒါရိုက်တာ ကိုအောင်မျိုးမင်းက ပြောပါတယ်။
ဒီလူကုန်ကူးမှု တိုးပွားရခြင်းအကြောင်းရင်းကို ကြည့်မယ်ဆိုလို့ရှိရင် ကျနော်တို့ မြန်မာပြည်က ပြည်သူ လူထုတွေကို လူကုန်ကူးမှုဖြစ်ဘို့အတွက် တွန်းပို့နေတဲ့ အကြောင်းအရာတွေကို ကျနော်တို့ ပြန်ကြည့်ရမယ်။
ပထမဦးဆုံးကတော့ စားဝတ်နေရေး မပြေလည်မှုပါဘဲ့။ လူတွေကြားထဲမှာ စားဝတ်နေရေး မပြေလည် ဘူး။ မပြေလည်မှုတွေကလည်း အစိုးရတွေရဲ့ ချို့ယွင်းနေတဲ့ ပေါ်လစီတွေရယ်၊ နောက်တခါ နယ်စပ်ဒေသတွေ မှာရှိတဲ့ လူတွေကြားထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ဘဝတွေပျက်ပြီးတော့ တခြားနိုင်ငံကို ထွက် ပြီးတော့ ရှာမှ စားလို့သောက်လို့ အဆင်ပြေမယ့် အနေအထားမျိုး။ အဲဒါမျိုးက ကျနော်တို့ ရှိနေတဲ့ အခြေအနေ တခု တွေ့ရတယ်။
တချိန်တည်းမှာဘဲ့ ကျနော်တို့ မြန်မာနိုင်ငံ ပတ်ပတ်လည်မှာရှိနေတဲ့ နိုင်ငံတွေအကြားထဲမှာ ဒီစီးပွား ရေးဖွံ့ဖြိုးတိုးတက်မှုက မြန်မာနိုင်ငံနဲ့နှိုင်းယှဉ်လို့ရှိရင် အများကြီး ကွာဟမှုတွေ ရှိနေတယ်။ သူတို့ဒေသမှာ ဒီရွှေ့ ပြောင်းအလုပ်သမားတွေ လိုအပ်တယ်။ တချိန်တည်းမှာဘဲ့ ဒီလိုမျိုးလုပ်ငန်းတွေ ထွန်းကားမှုတွေရှိတယ်။ နိုင်ငံ ခြားခရီးသွားမှုလုပ်ငန်းတွေ ရှိတယ်။ အဲလိုမျိုး နိုင်ငံတွေမှာ ဈေးကွက်တွေမှာ လူတွေကို လိုအပ်တဲ့အတွက် ဒါ တွေက ဖိတ်ခေါ်နေတယ်။ အဲတော့ ဒီလိုမျိုး တိုင်းပြည်အခြေအနေကလည်း တွန်းပို့တယ်။ တခြားနိုင်ငံမှာ ဆွဲ ဆောင်တဲ့အခြေအနေတွေ ရှိနေတဲ့အခြေအနေမှာ လူတွေက ရေကြည်ရာ မြက်နုရာ ရှာဆိုသလို ဒီလိုမျိုး တခြားနိုင်ငံကို သွားဘို့ရာ ကြိုးစားရင်းနဲ့ လူကုန်ကူးမှု သားကောင်တွေ အဖြစ် ရောက်ရှိလာတာကို ကျနော်တို့ တွေ့ရတယ်။
မြန်မာအမျိုးသမီးငယ်တွေ အများဆုံး လူကုန်ကူးခံရတဲ့နိုင်ငံတွေကတော့ တရုတ်နဲ့ ထိုင်းနိုင်ငံတို့ဖြစ်ပါ တယ်။ ဒီလအလယ်ပိုင်းမှာ မဲခေါင်ဒေသဆိုင်ရာ လူကုန်ကူးမှုတိုက်ဖျက်ရေး အစည်းအဝေးတခုကို မြန်မာနိုင်ငံ က အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့ပါတယ်။ အစည်းအဝေးအပြီးမှာဘဲ့ မြန်မာနိုင်ငံဟာ ဒေသအတွင်းမှာ လူကုန် ကူးမှုတိုက်ဖျက်ရေးဥပဒေကို အစောဆုံးပြဌာန်းတဲ့ နိုင်ငံဖြစ်လာပြီး လူကုန်ကူးမှုတားဆီးရေးဆိုင်ရာ အထူးရဲ တပ်ဖွဲ့ကို ဖွဲ့စည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဥပဒေတွေ ထုတ်ပြန်တယ်ဆိုပေမယ့် အမှန်တကယ် အကောင်အထည်ဖော်ဘို့ လိုတယ်လို့ ကိုအောင်မျိုးမင်းက ဆက်ပြောပါတယ်။
ဒါပေမယ့် စာရွက်ထဲမှာရှိတဲ့ အကြောင်းအချက်တွေကို ကိုးကားပြီးတော့ ဒါဟာ လူကုန်ကူးမှုအားလုံးကို တိုက်ဖျက်နိုင်ပြီလို့ ကျနော်တို့ ပြောလို့မရပါဘူး။ လက်တွေ့အခြေအနေတွေမှာ ကျနော်တို့ ဘယ်လိုမျိုး လုပ် ဆောင်နေတယ်ဆိုတာ သိဘို့ လိုအပ်တယ်။ အထူးစုံစမ်းရေး ရဲတွေ၊ တပ်ဖွဲ့တွေ ဖွဲ့ထားတယ်။ ဒါပေမယ့် အဲဒီရဲ တွေ၊ လူတွေက တကယ်တမ်း လူကုန်ကူးမှုကို တိုက်ဖျက်နိုင်တဲ့ တာဝန်တွေကိုကော ထမ်းဆောင်ရဲ့လား။ လူကုန်ကူးမှုရဲ့နေရာမှာ ပါဝင်နေတဲ့ လာဘ်စားမှုတွေ၊ အဂတိလိုက်စားမှုတွေ ဒါတွေကိုကော သူတို့တတွေ အမှန်တကယ် ဖော်ထုတ်နိုင်လား။ အဲဒီအချက်မှာ ကျနော်တို့ မြန်မာပြည်ရဲ့ အနေအထားက အားနည်းမှု ရှိနေပါတယ်။
နောက်တခါ ဥပဒေတခုကို ပြဌာန်းပေမယ့် တကယ်တမ်း သူတို့ပြဌာန်းထားတဲ့ ကျင့်စဉ်တွေက လူ ကုန်ကူးမှုတွေ ဖြစ်အောင် ပိုမိုပြီးလုပ်ဆောင်နိုင်တဲ့ အနေအထားမျိုးတွေ ဖြစ်တယ်။ ဥပမာ- ကျနော်တို့ ပြော ပြပါမယ်။ နယ်စပ်ဒေသကို အမျိုးသမီး နှစ်ဆယ့်ငါးနှစ်အောက် တယောက်က တယောက်တည်း မသွားရဘူး။ ဒါကို ပိတ်ပင်တားဆီးမှုရှိတယ် ဆိုပြီးတော့။ ဒါပေမယ့် အဲဒီဥပဒေအရ ကြည့်မယ်ဆိုရင်တော့ ဥပဒေပိုင်းအရ မှန်ကန်နိုင်တယ်လို့ ဆိုပေမယ့် တာဝန်အလုပ်ကိစ္စတခုကြောင့် သွားရမယ်။ မဖြစ်မနေသွားရမယ်။ ဒါမှမဟုတ် စီးပွားရေးအခြေအနေအရ ဒီဒေသကို ဖြတ်သွားမယ့်အမျိုးသမီးဟာ ဒီဥပဒေကြောင့် သူ့မှာ သွားလာခွင့်မရဘူး။ အဲတော့ တရားဝင်နေရာကနေ သွားလာခွင့်မရတဲ့အခါမှာ တရားမဝင်သွားလာနိုင်တဲ့သူတွေကို ရှာရင်းနဲ့လူကုန် ကူးတဲ့သူတွေက ဒါကို အခွင့်ကောင်းယူပြီး ပို့ဆောင်ပေးမယ်ဆိုတဲ့ မျှော်လင့်ချက်၊ ကတိ၊ မက်လုံးတွေနဲ့ ဒီဘက် ခြမ်းမှာ ရောင်းစားခံရနိုင်တယ်ဆိုတဲ့ အခြေအနေမျိုးကို ဆိုက်ရောက်နိုင်တယ်။
မြန်မာနိုင်ငံဟာ ဆိုမာလီနဲ့ အာဖဂန်နစ္စတန်ပြီးရင် ကမ္ဘာမှာ အဂတိလိုက်စားမှု အများဆုံးနိုင်ငံ ဖြစ် တယ်လို့ Transparency International ရဲ့ သုတေသနပြုချက်က ဆိုပါတယ်။ အဂတိလိုက်စားမှု၊ နိုင်ငံရေး မတည်ငြိမ်မှု၊ စီးပွားနိမ့်ကျမှုနဲ့ အသိပညာမဖွံ့ဖြိုးမှုတွေကလည်း လူကုန်ကူးမှုကို တိုးလာစေတယ်လို့ လေ့လာ သူတွေက ထောက်ပြကြပါတယ်ခင်ဗျား။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP