ဥဆာဖိချိုင်း (Usa Pichai) | ကြာသပတေးနေ့၊ ဖေဖေါ်ဝါရီလ ၀၄ ရက် ၂၀၁၀ ခုနှစ် ၁၆ နာရီ ၅၇ မိနစ်
ဘန်ကောက် (မဇ္ဈိမ)။ ။ ထိုင်းနိုင်ငံတွင် လွန်ခဲ့သော တပတ်အတွင်း တွေ့ခဲ့ရသော မြန်မာရွှေ့ပြောင်း အလုပ်သမား ၉ ဦး၏ ရုပ်အလောင်းများမှာ ဖုတ်ဖရခရိုင်မှ ရဲက ပိုက်ဆံတောင်းရာတွင် မရသဖြင့် သတ်ဖြတ်ထွက်ပြေးသွားခြင်း ဖြစ်မည်ဟုဆိုကာ အဆိုပါ ရဲအရာရှိကို သင်္ကာမကင်း ဖြစ်နေကြသည်။
သတ်ဖြတ်သွားသူများမှာ ဖုတ်ဖရခရိုင်ရှိ ရဲအရာခံဗိုလ် Somchai Pinkaew ဦးဆောင်သည့် အဖွဲ့ဖြစ်မည်ဟု သံသယရှိကြောင်း တာ့ခ်ပြည်နယ် မဲဆောက်ခရိုင်တွင် ကျင်းပသော သတင်းစာ ရှင်းလင်းပွဲတွင် ရဲနယ်မြေအမှတ် ၆ ၏ တပ်မှူး ရဲဒုဗိုလ်ချုပ်ကြီး ဆူရာဆရီ Surasri Sunthornsaratun က ပြောကြားသွားသည်။
သို့သော် အဆိုပါရဲအရာခံဗိုလ် ဆုန်ချိုင်းမှာ ဇန်နဝါရီလ ၃ဝ ရက်နေ့တွင် တပ်မှူးနှင့် သူ့လုပ်ဖော်ကိုင်ဘက်များ ရှေ့မှောက်တွင် သူကျူးလွန်ခဲ့သော ပြစ်မှုကို ထုတ်ဖော် ဝန်ခံခဲ့ပြီးနောက် မိမိကိုယ်မိမိ အဆုံးစီရင်သွားပြီး ဖြစ်သည်။
''စုံစမ်းဖော်ထုတ် တွေ့ရှိချက်များအရ ယခုပြစ်မှုကို ဆုန်ချိုင်းနှင့်အတူ ယူနန်နယ်သား နှစ်ဦးနှင့် လီဆူးတိုင်းရင်းသား ၃ ဦး ပူးပေါင်းကျူးလွန်ကြခြင်းဖြစ်သည်'' ဟု ရဲဒုဗိုလ်ချုပ်ကြီး ဆူရာဆရီက ပြောကြားခဲ့ကြောင်း ထိုင်းသတင်း ဝဘ်က်ဆိုဒ်တွင် ကြာသပတေးနေ့က တင်ထားသော သတင်းအရ သိရှိရသည်။
အဆိုပါ သတ်ဖြတ်ခံရသော ကရင်အလုပ်သမားများ၏ အလောင်းများကို မြန်မာနိုင်ငံ ကရင်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသော တာ့ခ်ပြည်နယ်တွင်းရှိ ခရိုင် ၂ ခုတွင် နေရာနှစ်နေရာခွဲ၍ သီးခြားစီ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ပထမအလောင်း ၄ လောင်းကို ဗုဒ္ဓဟူးနေ့က တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ထိုအထဲမှ အမျိုးသားတဦးနှင့် အမျိုးသမီးတဦး၏ အလောင်းများကို ဖုတ်ဖရခရိုင်တွင်းရှိ ကြံခင်းတခုအတွင်း၌ တွေ့ရှိခဲ့သည်။
အခြားနှစ်ဦးဖြစ်သော အမျိုးသားတဦးနှင့် အမျိုးသမီးတဦး၏ အလောင်းများကိုမူ မဲဆောက်ခရိုင်အတွင်း တွေ့ရှိခဲ့ပြီး၊ နောက်ထပ် အမျိုးသမီး နှစ်ဦး၏ အလောင်းများကိုမူ ဖုတ်ဖရလမ်းဘေးတွင် မြှုပ်နှံထားသည်ကို တနင်္ဂနွေနေ့က တွေ့ရှိခဲ့ကာ နောက်ဆုံး ၃ လောင်းဖြစ်သည့် အမျိုးသမီးနှစ်ဦးနှင့် အမျိုးသားတဦးတို့၏ အလောင်းများကို အင်္ဂါနေ့က ဖုတ်ဖရလမ်းဘေးတွင် တွေ့ရှိခဲ့သည်။
ရင်ခွဲစစ်ဆေးချက်များအရ ၉ ဦးစလုံးမှာ ရဲအရာခံဗိုလ်ဆုန်ချိုင်း၏ ဒဿမ ၂၂ နှင့် ဒဿမ ၃၈ သေနတ်များဖြင့် ပစ်ခတ်ခံထားရပြီး သေဆုံးခြင်းဖြစ်သည်ဟု ရဲဒုဗိုလ်ချုပ်ကြိး ဆူရာဆရီက ပြောသည်။
ပြစ်မှုကျူးလွန်သည်ဟု မသင်္ကာသူများက အလုပ်သမားများထံမှ ပိုက်ဆံတောင်းခဲ့ကြပြီး အလုပ်သမားများက ထွက်ပြေးခဲ့ကြသည်ဟု ဆိုသည်။ ထို့နောက် သူတို့ကိုဖမ်းမိသွားပြီး ပစ်သတ်ခဲ့ကြခြင်း ဖြစ်သည်ဟု သူက ပြောသည်။
သို့သော် နောက်ထပ် သတင်းပေးပို့ချက်တရပ်ကမူ ပြစ်မှုကျူးလွန်သည်ဟု သင်္ကာမကင်းခံရသူများက သူတို့ကို ဖမ်းထားပြီး သူတို့၏ ဆွေမျိုးများထံမှ ပြန်ပေးငွေ တောင်းယူလိုခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။
ထိုင်းရှေ့နေများကောင်စီ၏ လူ့အခွင့်အရေးကော်မတီမှ Surapong Kongjanteuk က မဇ္ဈိမကို ပြောကြားရာတွင်မူ သူတို့ကော်မတီက အဆိုပါဒေသသို့ ရှေ့နေအဖွဲ့တဖွဲ့ကို စေလွှတ်ထားပြီး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေကာ ဥပဒေ အထောက်အကူများ ပေးသွားမည်ဟု ဆိုသည်။
''ဒီလိုအမှုမျိုးက အရင်တခါလည်း ဒီအနားမှာ ဖြစ်ခဲ့သေးတယ်။ အဲဒီတုန်းက ပြန်ပေးငွေ မပေးနိုင်လို့ ရွှေ့ပြောင်း အလုပ်သမား ၆ ယောက် အသတ်ခံခဲ့ရတယ်။ ဒီအမှုမှာ ရွာသူကြီးကို အောက်ရုံးက သေဒဏ်ပေးထားပြီး အခု အယူခံတက်နေလို့ အယူခံရုံးမှာ ရောက်နေတယ်'' ဟု သူက ပြောသည်။
အဆိုပါ အသတ်ခံရသော အလုပ်သမား ၉ ဦး၏ ဆွေမျိုးများသည် ယခုအခါ တာ့ခ်ပြည်နယ်ရှိ အလောင်းများကို မည်သူမည်ဝါ ခွဲခြားအတည်ပြုပေးရန်အတွက် ဘန်ကောက်မှ ထွက်ခွာလာနေကြပြီဖြစ်ပြီး သေဆုံးသူအများစုမှာ တာ့ခ်ပြည်နယ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော မြန်မာနိုင်ငံ ကရင်ပြည်နယ်မှ ဖြစ်ကြသည်ဟု ဆိုသည်။
သေဆုံးသူများထဲမှ တဦး၏ ခင်ပွန်းဖြစ်သူက ရုပ်မြင်သံကြား သတင်းဌာနတခု၏ သတင်းထောက်ကို ပြောရာတွင် ထိုင်းနိုင်ငံသို့ လာရောက်နိုင်ရန်အတွက် သူ၏ ဇနီးသည်ကို သူက ထိုင်းဘတ်ငွေ ၈ဝဝဝ (အမေရိကန်ဒေါ်လာ ၂၄၂) ပို့ပေးခဲ့သည်ဟု ဆိုသည်။ သူ၏ ဇနီးသည်မှာ ယခု အသတ်ခံရသူများထဲတွင် ပါဝင်သည်။
http://www.mizzimaburmese.com/news/regional/4725-2010-02-04-10-47-31.html
February 05, 2010
ရွှေ့ပြောင်းလုပ်သား ၉ ဦး အသတ်ခံရမှု ရဲကို သင်္ကာမကင်းဖြစ်
Labels:
အလုပ်သမားများသတင်း