February 20, 2010

လူနေအိမ်ခြေ ၂၆ဝ ခန့် အတင်းအကျပ် ရွှေ့ခိုင်း

နယူးဒေလီ (မဇ္ဈိမ)ဖေဖေါ်ဝါရီလ ၂၀ ၂၀၁၀

ရန်ကုန်တိုင်း မြောက်ဥက္ကလာ ၂ ရပ်ကွက် မုဒိတာလမ်းရှိ လူနေအိမ်ခြေ ၂၆ဝ ခန့်ကို အာဏာပိုင်များက ယနေ့ နောက်ဆုံး ထားကာ ရွှေ့ခိုင်းနေကြောင်း ဒေသခံများ အဆိုအရ သိရသည်။

ယခုလ ၁၆ ရက်နေ့တွင် မြောက်ဥက္ကလာ မြို့နယ်ကောင်စီ ဥက္ကဋ္ဌနှင့် ၂ ရပ်ကွက် ကောင်စီ ဥက္ကဋ္ဌ တို့က ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားသည့် ဝမ်းရောဂါကို အကြောင်းပြ၍ ကျူးကျော်အိမ် အများစုရှိသည့် မုဒိတာလမ်းရှိ နေအိမ်များကို ယနေ့ နောက်ဆုံးထားကာ ပြောင်းရွှေ့ရန် လာရောက်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဇန်နဝါရီတုန်းက သူတို့ လာပြောသေးတယ်။ အိမ်တွေပြောင်းရမယ်ပေါ့။ ဘူးသီးတောင်ကို ပို့ပေးမယ်။ လိုက်မယ့် လူတွေကို ၃ သိန်းပေးမယ်။ မလိုက်တဲ့လူတွေက လက်မှတ်ထိုးရမယ်ဆိုလို့ မသွားဘူးဆိုပြီး လက်မှတ် ထိုးလိုက်ကြတယ်” ဟု မုဒိတာ လမ်းတွင် နေထိုင်သူ ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

အခြား ဒေသခံတဦးကလည်း “ကျမတို့က ဒီမှာနေတာ ၃၅ နှစ် ရှိနေပြီ။ လာတဲ့အရပ်ကို ပြန်ကြလို့ ပြောတယ်။ ကျမတို့ စည်ပင် အခွန် ဆောင်ထားတာလည်း ရှိတယ်။ အခုမှ ကျူးကျော်ဆိုပြီး လာဖျက်ခိုင်းတာ။ ငွေကြေး အဆင်မပြေတဲ့ အချိန်မှာ ဘယ်မှ မပြောင်းချင်ဘူး” ဟု ပြောသည်။

အာဏာပိုင်များက ဆက်လက်၍လည်း ၂ ရက်ကွက်အတွင်းရှိ မေတ္တာ၊ မာဂ၊ နိဗ္ဗာန်၊ သစ္စာ၊ အောင်ဘောဂနှင့် အောင်ချမ်းသာ လမ်းရှိ နေအိမ် ၁၅ဝဝ ခန့်ကိုလည်း ရွှေ့ခိုင်းမည်ဟု သတင်းများ ပေါ်ထွက်နေသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP