မိုးမိုးကျော် (Arakan Review) ၁၇ ဖေဖေါ်ဝါရီလ ၂၀၁၀
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား စစ်တွေမြို့တွင် ရှိနေခဲ့စဉ်က စစ်တွေမြို့မဈေး၌ နေ့စားအလုပ် လုပ်ကိုင် နေကြသော သူများကို စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ မစ္စတာ ကင်တားနား ရှိနေစဉ်အတွင်း လုပ်ကိုင်ခွင့်များကို ပိတ်ပင် ထားခဲ့ကြောင်း စစ်တွေမြို့နယ် ဒေသခံတဦးမှ Arakan Review သို့ သတင်းပေးပို့ခဲ့ပါသည်။
“ကုလသမဂ္ဂက လူ့အခွင့်အရေုးကိုယ်စားလှယ် ကင်တားနား စစ်တွေကို ရောက်နေတယ်ဆိုပြီး လူတွေက သူ့ခရီးစဉ်အတွင်း အစိုးရက ပြည်သူတွေကို သက်သက်ညှာညှာ ဆက်ဆံမယ်ဆိုပြီး ထင်ထားခဲ့တာ၊ ဈေးမှာ ကူလီထမ်းနေကြတဲ့သူတွေ၊ တွန်းလှည်း သမားတွေ ဈေးလမ်းမှာ ပလတ်စတစ်တွေ ခင်းပြီးတော့ ရောင်းနေကြတဲ့ သူတွေကို စည်ပင်က အတင်းနှင်တာ” ဟု သူက ပြောသည်။
ဆက်လက်ပြောပြသည်မှာ“ဒါကို မခံမရပ်နိုင်ဖြစ်ကြတဲ့ အလုပ်သမားတွေက စုပြီးတော့ ကင်တားနားသိအောင် လုပ်မယ်ဆိုပြီး စည်ပင်ကို ပြန်ပြောတော့ ကင်တားနားက သူက ဒီမှာ တရက်နှစ်ရက်ပဲ နေမှာ။ မင်းတို့ဆူလို့လည်း ဘာမှဖြစ်လာစရာမရှိဘူး။ လုပ်ရဲရင်လုပ်ကြဆိုပြီး ပြောတယ်” ဟု ပြောပြခဲ့သည်။
ယခုကဲ့သို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် ကင်တားနား၏ ခရီးစဉ်အတွင်း စစ်တွေမြို့မဈေးမှ နေ့စား အလုပ်သမားများ သာ ရပ်နား ထားခဲ့ရသည်မဟုတ်ဘဲ လမ်းမကြီး၊ ကုန်တန်းလမ်းနှင့် နာဇီရပ်ကွက်၊ အုန်းတပင်ရပ်ကွက်တို့၌ တပိုင်တနိုင် လုပ်ကိုင် စားသောက်နေကြသော ကွမ်းယာဆိုင်များကိုပါ ပိတ်ထားခြင်းခံခဲ့ရကြောင်း သိရသည်။
ယခင်က စစ်တတွေဟိုတယ်အတွင်း၌ အပန်းဖြေလာသူများကို အားကိုး၍ ရောင်းချကြသော စားသောက်ဆိုင်များကို ရောင်းချ ခွင့်ပြုထားသော်လည်း ယခုအခါ ပိတ်ထားရကြောင်း သိရသည်။
စစ်တွေမြို့တွင် တနေ့လုပ်မှ တနေ့စားရသော ဆင်းရဲသူ ဆင်းရဲသားများကို မစ္စတာ ကင်တားနားအား မမြင်တွေ့စေလိုသည့် အတွက်ကြောင်းဟု သိရသည်။
နေပြည်တော်မှ ၀န်ကြီးအဆင့် အရာရှိကြီးများလာပါကလည်း ယခုကဲ့သို့ ပြုလုပ်ခြင်းများကို ဒေသဆိုင်ရာ အာဏာပိုင်များက ပြုလုပ်နေကျဖြစ်သည်။ ထို့အပြင် နေပြည်တော်မှာ အထက်လူကြီးများ လာရောက်ပါက လမ်းများ၊ တံထားများ၊ ဆိပ်ကမ်းများနှင့် သူတို့ သွားရောက်လည်ပတ်မည့်နေရာများကို ယာယီပြုပြင်ခြင်း၊ ဆေးရောင်သုတ်ခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို အတင်း အဓမ္မ စေခိုင်းခြင်းများမှာ အာဏာပိုင်များ ဆောင်ရွက်နေကျဖြစ်၍ အထူးအဆန်းကဲ့သို့ မမှတ်ယူတော့ကြောင်းလည်း သိရှိရသည်။
February 17, 2010
ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ်ရှိစဉ် နေစားအလုပ်သမားများ အလုပ်ရပ်နားထားခြင်းခံရ
Labels:
လူ့အခွင့်အရေးသတင်း