နော်နိုရင်း DVB
၁၃၊ ဇူလိုင်၊ ၂၀၁၀
ဒီကေဘီအေလို လူသိများတဲ့ တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်ဖွဲ့ (ဒီကေဘီအေ)က သူ့တပ်ကနေ ထွက်ပြေးပြီး ကရင်အမျိုးသား အစည်းအရုံးနဲ့ သွားပေါင်းတဲ့ တပ်သားတွေရဲ့ မိသားစုဝင်တွေကို ကလေးတွေပါမကျန် ဖမ်းဆီး ချုပ်နှောင်ထားပါတယ်။
လွန်ခဲ့တဲ့ (၁၁) ရက်နေ့က ဒီကေဘီအေ တပ်မဟာ (၉၉၉) အထူးတပ်ရင်းက တပ်စုတစ်စု ကေအန်ယူဆီမှာ ပူးပေါင်းခဲ့ပြီး တဲ့နောက် ကျန်ရစ်တဲ့ မိသားစုဝင်တွေကို ဖမ်းဆီးချုပ်နှောင်လိုက်တာပါ။ ပူးပေါင်းလာတဲ့အဖွဲ့မှာ ဦးဆောင်သူ တပ်စုမှုး ဒု-ဗိုလ် စောမျိုးမျိုးနဲ့အတူ တပ်သားခြောက်ယောက်ဟာ လက်နက်ခဲယမ်းအပြည့် ယူလာကြပြီးတဲ့နောက် သူတို့ မိသားစုဝင်တွေကို ဒီကေဘီအေ တပ်ဖွဲ့ရဲ့ အရေးယူဆောင်ရွက်ချက် ဖြစ်ပါတယ်။
သူနဲ့ သူ့ရဲ့ရဲဘော်တွေထဲက တချို့မိသားစုတွေကို ဒီကေဘီအေ တပ်မဟာ (၉၉၉) က မနေ့က ရွှေကုက္ကိုမှာ ဖမ်းဆီး ချုပ်နှောက်ထားတယ်လို့ ကြားသိရကြောင်း စောမျိုးမျိုးက ပြောပါတယ်။
“ကျနော် ကြားတာကတော့ ကျနော့်အဖေ၊ အမ၊ မိန်းမ အချုပ်ထဲမှာ ထည့်ထားတယ်။ ကျနော့်ကို စိတ်ဆိုးတယ်ပေါ့။ ကျနော့် အဖေကို သွားခေါ်ပြီးတော့ ရွှေကုက္ကိုလ်အချုပ်ထဲမှာ သွားထည့်လိုက်တယ်။ ကျနော့်မိန်းမကို သူတို့ ပြောတာက နင့်ယောက်ျား ဟိုဘက်ကမ်းကို ပြန်သွားပြီ။ နင်တို့ သေနတ်ဖိုးတွေ ဘာတွေ ပြန်လျော်ပေးရမယ်။ ဘယ်လောက်လည်းတော့ သူမပြောဘူး။ ဆုံးတဲ့ သေနတ်တွေ ပြန်မရရင် ဘယ်တော့မှ ကျနော့်မိန်းမကို ပြန်မထုတ်ပေးဘူးလေ။ အချုပ်ထဲမှာ ထည့်ပြီးတော့ သူခိုင်းစားအုံးမယ်။”
ဒု-ဗိုလ်စောမျိုးမျိုး မိသားစုအပါအဝင် လက်ရှိ ကေအန်ယူနဲ့ ပြန်လည်ပူးပေါင်းတဲ့ (၇) ဦးထဲက (၄) ဦးရဲ့ မိသားစုဝင် (၁၂)ဦးကို ဖမ်းချုပ်ထားပြီး ချုပ်နှောက်ခံရသူထဲမှာ အသက်(၂)နှစ်အရွယ် ကလေးငယ်နဲ့ အသက် (၈၀) နှစ် အရွယ် အဘိုးအိုတွေလည်း ပါတယ်လို့ ကေအန်ယူ တပ်မဟာ (၇)လက်အောက်ခံ ကေအန်အယ်အေ တပ်ရင်း (၁၀၁) ဒုဗိုလ်မှုးကြီး စောဖောဒို ပြောပါတယ်။
“ဒီအမျိုးသမီးတွေက သူတို့လင်သားလုပ်တဲ့ အလုပ်တွေနဲ့ ဘာမှ မဆိုင်ဘူး။ မိသားစုအချုပ်ထဲမှာ အသက်မပြည့်တဲ့ ကလေးတွေ၊ အပြစ်မရှိတဲ့ ကလေးတွေ အကုန်လုံးကို ပိတ်ထားလိုက်တယ်။ အချုပ်ထဲမှာ ထည့်ထားလိုက်တယ်။ ဒါက လူ့အခွင့်အရေးကို ချိုးဖောက်တာဘဲ့။ မနေ့က သူတို့အနားမှာ နားထောင်ပြီး လာပြောတာက ရှိတဲ့မြေ၊ ရှိတဲ့ခြံ အကုန်လုံးကို ရောင်းစားပစ်ပါတဲ့။ ဘယ်လောက်ဘဲ့ ရရ။ ရသမျှ သူတို့ကို ပေးလိုက်ပါ။ အဲဒါ ဘယ်လောက် တောင်းလဲတော့ မသိသေးဘူး။”
ဒီလို မိသားစုဝင်တွေကို ဖမ်းဆီးချုပ်နှောင်ထားတဲ့ ဒီကေဘီအေရဲ့ လုပ်ရပ်အပေါ် လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ)က ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဒါဟာ ကလေးအခွင့်အရေး ချိုးဖောက်တာလို့ အဲဒီဌာနရဲ့ ညွှန်းကြားရေးမှုး ဦးအောင်မျိုးမင်းက အခုလို ပြောပါတယ်။
လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကလေးတွေကို အခုလို ဖမ်းဆီးခြင်း၊ ဓားစာခံပြုလုပ်ခြင်းဟာ အကြီးမားဆုံး ကလေး အခွင့်အရေး ချိုးဖောက်မှုဖြစ်တယ်လို့ ဆုံးဖြတ်ချက်အမှတ် (၁၆၁၂) မှာ ဖော်ပြထားပါတယ်။ အခုလိုမျိုး ဒီလက်နက်ကိုင်တပ်ဖွဲ့တွေကနေ အသက်မပြည့်တဲ့ကလေးတွေ၊ သက်ကြီးရွယ်အိုတွေကို ဖမ်းဆီးခြင်းဟာ တကယ်တမ်း ဘယ်လိုမှ မလုပ်သင့်တဲ့ အကြောင်းအရာဖြစ်တယ်။ ဒီလိုမျိုး ဖမ်းဆီးထားလို့ ရှိရင်လည်း ကုလသမဂ္ဂရဲ့ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် အမှတ် (၁၆၁၂)ကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်တယ်လို့ သတိပေးချင်ပါတယ်။
July 20, 2010
ဒီကေဘီအေက တပ်ပြေးမိသားစုများကို ကလေးပါမကျန် ဖမ်းဆီးချုပ်နှောင်
Labels:
ကလေးအခွင့်အရေးသတင်း