August 10, 2010

လူကုန်ကူးမှု လုပ်ငန်းများကို အစိုးရ အရေးမယူ

မြတ်ခိုင်ဦး/၀၆ သြဂုတ် ၂၀၁၀

ပွဲစားလုပ်သူများက ၎င်းတို့၏ မိဘဆွေမျိုးများမှတဆင့် မြန်မာပြည်တွင်းရှိ လူငယ်လူရွယ်များအား လူကုန်ကူး စည်းရုံးလုပ်ဆောင်နေကြပြီး အဆိုပါအမှုမျိုးအတွက် တိုင်ချက်ဖွင့်သော်လည်း အာဏာပိုင်များက လက်ခံအရေးယူခြင်း မရှိကြောင်း လမ်းပြကြယ်အဖွဲ့မှ ပြောကြားသည်။

လူကုန်ကူးသူ ပွဲစားများ၏ ဆွေမျိုးများက လူဆွယ်ခြင်းအလုပ်များကို လုပ်ကိုင်ကြခြင်းဖြစ်သည်ဟု လမ်းပြကြယ်အဖွဲ့က ၎င်းတို့ လက်ခံရရှိထားသည့် တိုင်ကြားစာမှတ်တမ်းများကို ကိုးကား၍ ပြောဆိုသည်။

မှတ်တမ်းတခုအရ ယမန်နှစ် သြဂုတ် (၁၆) ရက်တွင် ဓနုဖြူမြို့နယ် ဆီးဖြူကုန်းကျေးရွာနေ အဘဦးဖိုးသန်း၊ အမိ ဒေါ်ခင်စန်း တို့၏သား ဖြိုးကိုကိုဦး အသက် (၁၉) နှစ်နှင့် အဘ ဦးဖြူဝင်း အမိ မအရှင်း တို့၏သား ကျော်ဘိုဘို အသက် (၂၁) နှစ်တို့အား ဓနုဖြူမြို့နယ်၊ ကျောင်းစုကျေးရွာနေ ဒေါ်ကျင်တီးက ပိုက်လုံးစက်ရုံတွင် အလုပ်သွင်းပေးမည်ဟုဆိုကာ မြဝတီမြို့ ဝါတောရပ်ကွက်ရှိ ကောင်းကင်မိုး စားသောက်ဆိုင်အနီးရှိ ကိုကျော်လွင်၊ မနိုင် ဆိုသူတို့ထံသို့ လိပ်စာပေး စေလွှတ်လိုက်သည်။ ထိုသူနှစ်ဦးသည် ဒေါ်ကျင်တီး၏သမီး လူပွဲစားလုပ်နေသူ မမေလေးစံနှင့် ပူးပေါင်းကာ လူကုန်ကူးနေသူများဖြစ်သည်ဟု ဖော်ပြထားသည်။

ဖြိုးကိုကိုဦးနှင့် ကျော်ဘိုဘိုတို့သည် ညီအစ်ကိုဝမ်းကွဲတော်စပ်ပြီး ၎င်းတို့ထွက်ခွာသွားချိန်မှစပြီး မိဘများမှာ မည်သည့်သတင်းမှ မကြားရဘဲ ပြီးခဲ့သည့်လ ဇူလိုင် (၂၀) ရက်တွင် အမျိုးသမီးတဦးက မောင်ကျော်ဘိုဘို သေဆုံးသွားပြီဖြစ်ကြောင်း ဖုန်းဖြင့် မိဘများထံ အကြောင်းကြားလာကြောင်း လမ်းပြကြယ်မှတ်တမ်းတွင် ပါရှိသည်။

ထို့အပြင် ပြီးခဲ့သည့် ဇွန် (၂၁) ရက်တွင် မွန်ပြည်နယ်၊ သထုံမြို့နယ်၊ နောင်ကုလား ဖန်တိမ်ရွာ အပေါ်ပိုင်းနေ အဘဦးစံသိန်း၏ သမီး မခင်စန်းနွယ် (ခေါ်) မစိန်တူး အသက် (၂၃) နှစ်အား အောက်ပိုင်းရွာနေ ဒေါ်သူဇာက လူကုန်ကူးနေသည့် ၎င်း၏ တူမဖြစ်သူ မချောငယ်ထံသို့ ခေါ်ဆောင်သွားပြီးနောက် ပျောက်ဆုံးသွားခဲ့ကြောင်း၊ ယခုအခါ မခင်စန်းနွယ်သည် ဖာကန့်မြို့ရှိ “ချိုသည်း” လျှို့ဝှက်အနှိပ်ခန်းသို့ ရောက်ရှိနေကြောင်း မိဘများက သတင်းရသည်ဟု လမ်းပြကြယ်မှတ်တမ်းတွင် ပါရှိသည်။

ထိုသို့ဖြစ်ပွားခဲ့သဖြင့် သထုံမြို့နယ် ရဲစခန်းသို့ မခင်စန်းနွယ်၏ မိဘများက (၇) ကြိမ်တိုင်တိုင် အမှုဖွင့်သော်လည်း ရဲစခန်းက အမှုမဖွင့်ပေးသဖြင့် ပဲခူးမြို့၊ လမ်းပြကြယ်အဖွဲ့မှ ဦးအေးမြင့်ထံသို့ လာရောက်တိုင်ကြားကြောင်း သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ဦးအေးမြင့်က “ဒီလိုဖြစ်ပျက်နေတာနဲ့ ပတ်သက်လို့ (၁) နအဖအကြီးကဲထံ အသိပေးတိုင်ကြားမည်၊ (၂) မြန်မာပြည် လူကုန်ကူးမှု တိုက်ဖျက်ရေးကော်မတီထံ အကြောင်းကြားမည်၊ (၃) သက်ဆိုင်ရာ ဒေသဆိုင်ရာ အာဏာ ပိုင်တွေနှင့် သတင်းတပ်ဖွဲ့ (စရဖ) ကိုတင်ပြမည်၊ (၄) ဒီလိုတင်ပြလို့မှ မလုပ်ရင် ကုလသမဂ္ဂ လူကုန်ကူးမှု တိုက်ဖျက်ရေး အဖွဲ့ကို တိုင်မည်၊ (၅) အနေနဲ့ကတော့ ပြည်တွင်းကိစ္စ ပြည်တွင်းဖြေရှင်းတဲ့နည်းကို ပထမ ဦးစားပေးပါမည်၊ မရမှ ကုလသမဂ္ဂပေါ့” ဟု ဆိုသည်။

ပဲခူးမြို့အခြေစိုက် လမ်းပြကြယ်အဖွဲ့သည် မြန်မာပြည်တွင်း၌ အာဏာပိုင်များ၏ အရပ်သားများအား အဓမ္မ လုပ်အားပေးစေခိုင်းမှုများ၊ အရွယ်မရောက်သေးသည့် ကလေးသူငယ်များအား စစ်တပ်အတွင်းဇွတ်အတင်း သိမ်းသွင်းနေမှုများကို လိုက်လံကူညီ ဆောင်ရွက်ပေးနေသော အဖွဲ့ဖြစ်သည်။ ယခုကဲ့သို့ လူကုန်ကူးမှုမျိုးကို လာရောက်တိုင်ကြားခြင်းသည် ပထမအကြိမ်ဖြစ်သည်ဟု သိရသည်။

မြန်မာနိုင်ငံသည် လူကုန်ကူးမှုတိုက်ဖျက်ရေးစာချုပ်ကို ၂၀၀၄ ခုနှစ်တွင် လက်မှတ်ရေးထိုးခဲ့သည်။ သို့ရာတွင် ဇွန် (၁၄) ရက်၌ ထုတ်ပြန်သော အမေရိကန် နိုင်ငံခြားရေးဌာန၏ လူကုန်ကူးမှုတိုက်ဖျက်ရေး (၁၀) နှစ်မြောက် အစီရင်ခံစာတွင် မြန်မာနိုင်ငံသည် လူကုန်ကူးမှု အဆိုးဆုံးအဆင့် နံပါတ် (၃) တွင် တည်ရှိနေသေးသည်။

သြဂုတ် (၄) ရက်နေ့ထုတ် အစိုးရမြန်မာ့အလင်းသတင်းစာတွင်မူ အမျိုးသမီးနှင့် အမျိုးသား (၄) ဦးကို လူမှောင်ခိုကူးရန် ခေါ်ဆောင်လာမှုဖြင့် ကော့သောင်းမြို့တွင် တရားခံအေးကြူအား ဖမ်းမိကြောင်းနှင့် အမျိုးသမီးငယ် (၃) ဦးအား လွန်ခဲ့သော (၇) လခန့်က တဘက်နိုင်ငံ ပြည့်တန်ဆာရုံများသို့ ရောင်းစားခဲ့သည့် ကျောက်မဲမြို့နေ တရားခံ မစန်းစန်းမြင့်တို့အား ကျောက်တံတားမြို့နယ်တွင် ဖမ်းမိထားကြောင်း သတင်းများ ဖော်ပြပါရှိသည်။

မြန်မာပြည်တွင် စားဝတ်နေရေး ကျပ်တည်းမှုကြောင့် အလုပ်လုပ်ကိုင်နိုင်သော လူငယ်လူရွယ်များသည် အိမ်နီးချင်း နိုင်ငံများသို့ ထွက်၍ စီးပွားရှာရာတွင် မသမာသူ လူပွဲစားတို့၏ လူကုန်ကူးမှုကို ခံရပြီး ပင်လယ်ငါးဖမ်းလှေများ၊ အနှိပ်ခန်း၊ ကာရာအိုကေ ခန်းနှင့် ပြည့်တန်တာရုံတို့တွင် ရောင်းစားခံနေရသည်။
(ခေတ်ပြိုင်)

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP