August 11, 2010

လာဘ်စားမှုကြောင့် လူကုန်ကူးမှု တိုက်ဖျက်ရေး မအောင်မြင်

ဝီရ/၂၀ ဇူလိုင် ၂၀၁၀

မြန်မာနိုင်ငံတွင် လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်း မအောင်မြင်ရသည့် အဓိကအကြောင်းအရင်းမှာ အာဏာပိုင်တို့၏ လာဘ်စားမှု ရှိနေခြင်းကြောင့်ဖြစ်ကြောင်း လူကုန်ကူးမှု တိုက်ဖျက်ရေးအတွက် ဆောင်ရွက်နေသည့် အစိုးရမဟုတ်သော အဖွဲ့အစည်း (အန်ဂျီအို) တို့က ပြောကြားသည်။

“လူကုန်ကူးမှု လျော့နည်းအောင် ဆောင်ရွက်ရတဲ့ Process (ဖြစ်စဉ်) တွေ အများကြီး ရှိတဲ့အထဲက အဓိကကျတဲ့ တိုက်ဖျက်ရေးအပိုင်းထဲက ဒီအာဏာပိုင်တွေ လာဘ်စားကြတာ ရှိနေတော့ ဘယ်လိုမှ အောင်မြင်မှာ မဟုတ်ဘူး။ အခု ဗမာပြည်ထဲမှာ လူကုန်ကူးခံရတဲ့သူတွေနဲ့ လူကုန်ကူးသူ ပွဲစားတွေအကြားက လာဘ်ပေးလို့ရတဲ့ အာဏာပိုင်တွေ ရှိနေတာကြောင့် အနေအထားတခုအထိ အောင်မြင်မှု မရတာဖြစ်တယ်” ဟု လူကုန်ကူးမှု တိုက်ဖျက်ရေး လုပ်နေသည့် ပြည်တွင်း အန်ဂျီအိုအဖွဲ့တဖွဲ့မှ တာဝန်ရှိသူတဦးက ပြောကြားသည်။

လူကုန်ကူးသူများအား ဖော်ထုတ်နိုင်ရန် လူကုန်ကူးခံရသူများ၏ ပူးပေါင်းပါဝင်မှုကို ယခုနောက်ပိုင်းကာလများတွင် ရရှိလာသော်လည်း သက်ဆိုင်ရာ အာဏာပိုင်တို့၏ လာဘ်စားမှုကြောင့် မအောင်မြင်ရခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

ဆက်လက်၍ “အဲဒီလူကုန်ကူးသူတွေကို ဖမ်းဖို့၊ အရေးယူဖို့ကျတော့ သက်ဆိုင်ရာအာဏာပိုင်တွေရဲ့ အလုပ်လေ။ အဲဒီအလုပ် ချွတ်ယွင်းသွားတာနဲ့ တိုက်ဖျက်ရေးအပိုင်းက အရာမရောက်တော့ဘူး။ အခု ဗမာပြည်ထဲမှာ၊ နယ်စပ်မှာ အာဏာပိုင်တွေရဲ့ မသမာမှုကြောင့် ဖမ်းပြီး လွှတ်ပေးလိုက်တာတို့၊ အရေးမယူပေးတာတို့ အများကြီး ဖြစ်နေတယ်” ဟု ဆိုသည်။

သို့သော် လူကုန်ကူးသူများနှင့် ပတ်သက်၍ အာဏာပိုင်တို့ လာဘ်စားမှု ဖြစ်ရပ်များကို ထုတ်ဖော်ပြောကြားခွင့်မရှိကြောင်း အဆိုပါ တာဝန်ရှိသူက ဆိုသည်။

၂၀၁၀ ခုနှစ် ပထမ (၆) လအတွင်း နိုင်ငံဖြတ်ကျော်မှုခင်းဌာန၏ တရားဝင်ထုတ်ပြန်သော စာရင်းအရ အိမ်နီးချင်းနိုင်ငံများသို့ လူကုန်ကူးခြင်းခံရသူ (၈၇) ဦးကို ကယ်တင်နိုင်ခဲ့သော်လည်း လူကုန်ကူးသူများကိုမူ ထိရောက်စွာ ဖမ်းဆီးအရေးယူနိုင်ခြင်း မရှိခဲ့ကြောင်း ပြည်တွင်းမှ လူကုန်ကူးမှု အသိပညာပေးရေးအဖွဲ့ဝင်တဦးက ထောက်ပြသည်။

မြန်မာနိုင်ငံသည် နိုင်ငံတကာ လူကုန်ကူးမှု တိုက်ဖျက်ရေး အဆိုးဝါးဆုံး အဆင့် (၃) တွင် ရှိနေကြောင်း ပြီးခဲ့သည့် ဇွန်လ (၁၄) ရက်နေ့က ထုတ်ပြန်ခဲ့သည့် အမေရိကန် နိုင်ငံခြားရေးဌာန၏ လူကုန်ကူးမှု တိုက်ဖျက်ရေးဆိုင်ရာ အစီရင်ခံစာတွင် ရေးသားထားသည်။

နိုင်ငံရေး၊ စီးပွားရေး ပြဿနာရပ်များကြောင့် အိမ်နီးချင်းနိုင်ငံများသို့ နည်းလမ်းပေါင်းစုံမှ ဝင်ရောက်အလုပ်လုပ်ကိုင်ရင်း လူကုန်ကူးသူများ၏ လက်ထဲသို့ ရောက်မှန်းမသိသည့် အခြေအနေမှ အချို့မှာ ငယ်ရွယ်စဉ်၌ပင် ပြည့်တန်ဆာဘဝသို့ ရောက်ရှိသွားသည့် ဖြစ်ရပ်များလည်း ရှိကြောင်း ထိုအစီရင်ခံစာတွင် ဖော်ပြထားသည်။

ယင်းသို့ လူကုန်ကူးမှု တိုက်ဖျက်ရေးလုပ်ငန်းများ အောင်မြင်ရေးအတွက် လူကုန်ကူးသူများကို ဖော်ထုတ်ဖမ်းဆီးပြီး တရားဥပဒေအရ အရေးယူနိုင်ရန် ဥပဒေရေးရာ အတိုင်ပင်ခံအဖွဲ့တရပ် ပြည်တွင်း၌ ဖွဲ့စည်းသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ လူကုန်ကူးမှု အသိပညာပေးရေးအဖွဲ့ဝင်က “လူကုန်ကူးတဲ့သူတွေက လူကုန်ကူးခံရသူတွေထက် ငွေကြေးအရရော၊ အဆက်အသွယ်အရပါ သာလွန်မြဲဆိုတော့ ဒီဥပဒေရေးရာ အဖွဲ့ ဖွဲ့ခြင်းအားဖြင့် ခံရတဲ့သူတွေဘက်က တိုင်ကြားတာ ပိုပြီး ရဲလာမယ်ပေါ့။ ကြောက်စရာလည်း မလိုတော့ဘူး။ ပြီးတော့ အရေးယူမှုအပိုင်းမှာ ပိုပြီး ထိရောက်လာနိုင်တယ်။ ဥပမာ ကျူးလွန်ကြောင်း ထင်ရှားရင် အပြစ်ဒဏ်အတွက် အပြည့်အဝ ခံရနိုင်တယ်။ လာဘ်ပေးလာဘ်ယူမှုတွေလည်း လျော့လာနိုင်တယ်” ဟု ပြောကြားသည်။

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် လူကုန်ကူးမှုများသည် သမီးရည်းစားဘဝမှ လိမ်လည်ရောင်းစားခြင်း၊ လက်ထပ်ပေါင်းသင်းပြီး ရောင်းစားခြင်း အပါအဝင် ဝင်ငွေ ပိုမိုရရှိသည့်အလုပ်အကိုင်များဖြင့် ဖြားယောင်း၍ ရောင်းစားခြင်း၊ လူမှောင်ခိုကူးမှုမှ လူကုန်ကူးခံရခြင်း စသည့် ပုံသဏ္ဌာန်အမျိုးမျိုး ရှိသော်လည်း လူကုန်ကူးမှုတွင် ဦးဆောင်သူမှာ အမျိုးသမီးအများစု ဖြစ်နေကြောင်း ကူကုန်ကူးမှု တိုက်ဖျက်ရေး အစီရင်ခံစာများက ဖော်ပြထားကြသည်။

မြန်မာနိုင်ငံသည် ကုလသမဂ္ဂ လူကုန်ကူးမှု၊ လူမှောင်ခိုမှု တိုက်ဖျက်ရေးဆိုင်ရာ နောက်ဆက်တွဲ စာချုပ် အဖွဲ့ဝင်နိုင်ငံအဖြစ် ၂၀၀၄ ခုနှစ် မတ်လ (၃၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့သည်။

ထိုအချိန်မှစ၍ (၆) နှစ်တာကာလအတွင်း လူကုန်ကူးခံရသူ (၁၀၀၀) ကျော်တို့၏ အမှုပေါင်း (၃၃၅) မှုနှင့် သက်ဆိုင်သော တရားခံ (၁,၀၀၀) ကျော်ကို ဖမ်းဆီးအရေးယူနိုင်ခဲ့သည်ဟု နိုင်ငံဖြတ်ကျော် မှုခင်းဌာန၏ စာရင်းအရ သိရသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP