VOA/ 16 Aug 2010
အင်ဒိုနီးရှားနိုင်ငံရဲ့ အမှားမျိုးကို မြန်မာနိုင်ငံက ရှောင်ဘို့လိုအပ်တယ်လို့ အာဆီယံ လူ့အခွင့်အရေးကော်မရှင် အင်ဒိုနီးရှားကိုယ်စားလှယ်က ပြောပါတယ်။ ဘာတွေကို ရှောင်ရ မှာပါလဲ။ ဦးတင်မောင်သန်းရေ ဆက်ပြောပေးပါအုံးရှင်။
အင်ဒိုနီးရှားနိုင်ငံက ကျူးလွန်ခဲ့တဲ့အမှားမျိုးကို ရှောင်နိုင်ဘို့ မြန်မာနိုင်ငံအနေနဲ့ သင် ခန်းစာယူနိုင်တယ်လို့ အင်ဒိုနီးရှား လူ့အခွင့်အရေး လှုပ်ရှားသူတဦးက Jakarta globe ကို ပြော ကြားပါတယ်။
အဲဒီအမှားကတော့ အတိတ်က လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် စစ်အရာရှိ ကြီးတွေကို တရားသဖြင့် ဖြစ်အောင် မစစ်ဆေးနိုင်ခဲ့တဲ့အမှားပဲ ဖြစ်ပါတယ်။ လူ့အခွင့်အရေး ချိုးဖောက်သူတွေက အစိုးရအရာရှိကြီးတွေအဖြစ် ရာထူး ကြီးတွေမှာ ဆက်လက် တာဝန်ထမ်း ဆောင်နေကြဆဲ ဖြစ်တယ်လို့ အင်ဒိုနီးရှား လူ့အခွင့်အရေး စောင့်ကြည့်ရေးအုပ်စုရဲ့ ညွှန်ကြား ရေးမှုး Rafendi Djamin က ပြောပါတယ်။ သူဟာ အာဆီယံရဲ့ အစိုးရအချင်းချင်း ဆက်ဆံရေး၊ လူ့အခွင့်အရေးကော်မရှင်မှာ အင်ဒိုနီးရှားကိုယ်စားလှယ်လည်း ဖြစ်ပါတယ်။
အင်ဒိုနီးရှားနိုင်ငံဟာ အာဏာရှင်စနစ်ကနေ ဒီမိုကရေစီစနစ်ဆီကို ကူးပြောင်းနေတာ (၁၂)နှစ် ရှိလာပြီဖြစ်ပေမယ့် လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးမယူနိုင်သေးပါဘူး။ ၁၉၉၉ ခုနှစ်က ပြဌာန်းခဲ့တဲ့ အမှန်တရားဖော်ထုတ်ရေးကော်မရှင်ကိုလည်း အခုထိ မဖွဲ့စည်း နိုင်သေးပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံက ဒီမိုကရေစီကို ကူးပြောင်းဘို့ ကြိုးစားရာမှာ အင်ဒိုနီး ရှားနိုင်ငံကနေ သင်ခန်းစားယူသင့်တယ်လို့ မစ္စတာဂျားမန်းက ပြောတာပါ။ အင်ဒိုနီးရှားနိုင်ငံ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို မစ္စတာဂျာမန်းက အခုလို ပြောပါတယ်။
အရင်နိုင်ငံရေးပုံစံအဟောင်းက အခုထိ ဩဇာကြီးမြဲ ကြီးနေသေးတယ်ဗျာ့။ လူ့အခွင့် အရေးချိုးဖောက်သူတွေကို အရေးယူဘို့က တကယ့်ကို ခက်နေပါတယ်။ ဘာကြောင့်လဲဆို တော့ သူတို့ကို စနစ်ဟောင်းက အကာအကွယ်ပေးထားလို့ပါ။ ယေဘုယျအားဖြင့် အဲလို ပြော လို့ရပါတယ်။
မစ္စတာရာဘန်ဒီဂျားမန်းဟာ မစ္စတာကင်တာနားနဲ့ မကြာခင် တွေ့ဆုံခဲ့ပါသေးတယ်။ မြန်မာစစ်အစိုးရက စစ်ရာဇဝတ်မှုနဲ့ လူသားမျိုးနွယ်အပေါ် စော်ကားတဲ့ရာဇဝတ်မှုတွေကို ကျူး လွန်ခဲ့သလား စုံစမ်းဘို့ ကုလသမဂ္ဂအနေနဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တရပ် ဖွဲ့သင့်ကြောင်း မစ္စတာကင်တားနားက မတ်လတုန်းက အဆိုပြုတင်ပြခဲ့ပါတယ်။
တချို့ကတော့ အခုလို လုပ်တာဟာ ကိုယ်မျှော်လင့်တဲ့ ရလဒ်နဲ့ ပြောင်းပြန် သက် ရောက်မှုကိုပဲ ရရှိမယ်လို့ ယူဆကြပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေအတွက် စစ် အရာရှိကြီးတွေကို တရားစွဲဆိုဘို့ မြန်မာနိုင်ငံက အဆင်သင့်ဖြစ်နေပြီလို့ ထင်ပါသလားလို့ မေး ကြည့်တဲ့အခါမှာတော့ မစ္စတာဂျားမန်းက အခုလို ပြောပါတယ်။
“ဒါဟာ လွယ်တဲ့ဖြစ်စဉ်လို့ ကျနော်တော့ မထင်ပါဘူး။ အချိန်တော်တော်လိုမယ့် ဖြစ် စဉ်ပါ။ ခင်ဗျားမေးခွန်းကို ရိုးရိုးလေး ဖြေရမယ်ဆိုရင်တော့ဗျာ။ နောက်ငါးနှစ်အတွင်းမှာ ဖြစ် လာဘို့ မရှိပါဘူး။ တရားမျှတမှုဖြစ်လာအောင် ကြိုးစားမယ့်ဖြစ်စဉ်ပေါ်လာဘို့က အနည်းဆုံး ရွေးကောက်ပွဲနှစ်ကြိမ်လောက် ကြာပါလိမ့်မယ်။ ဒီမိုကရေစီနည်းကျအောင် လုပ်ကြရတဲ့ကိစ္စနဲ့ တရားစွဲဆိုတဲ့ကိစ္စနှစ်ရပ် ဟန်ချက်မျှအောင် လုပ်ဘို့ကိစ္စက အမြဲပဲ ခက်တယ်။ နှစ်ခုစလုံးကို တချိန်တည်း လုပ်လို့မရဘူး။ တခုပြီးတခု လုပ်ရမယ်။ တဖက်မှာလည်း ဒီမိုကရေစီစနစ်ဆီကို ကူးပြောင်းနိုင်ပြီး တရားမျှတအောင် အဆုံးတနေ့မှာ မလုပ်နိုင်ဘူးဆိုပါတော့။ ဒီမိုကရေစီ ရှုထောင့်က ပြောရရင် ရေရှည်တည်ငြိမ်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတရပ် မဖြစ်ပေါ်နိုင်ပြန်ဘူး။”
ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးပညာပေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှုး ဦးအောင်မျိုး မင်းကတော့ အခုလို မြင်ပါတယ်။
“ ဆောင်ရွက်လို့က မရသေးပေမယ့် ပြင်ဆင်မှုတွေကို အများကြီး လုပ်ဘို့ လိုအပ်ပါ တယ်။ အဲတော့ ကျနော်တို့ တိုင်းပြည်မှာ အခုလက်ရှိဖြစ်နေတဲ့အချက်တွေ၊ လူ့အခွင့်အရေး ချိုးဖောက်မှု အကြောင်းတွေကို စနစ်တကျ မှတ်တမ်းတင် မထားဘူး ဆိုရင်တော့ တချိန်မှာ ကျနော်တို့ လူ့အခွင့်အရေးချိုးဖောက်တဲ့သူတွေကို ရာဇဝတ်ရေးအရ အရေးယူတဲ့အခါမှာ ကျနော်တို့က ဘာကိုမှ ကိုင်စွဲမထားနိုင်ဘူးဆိုတဲ့ အခြေအနေမျိုး ဖြစ်သွားနိုင်တယ်။ တကယ် လို့သာ အာဏာရှင်ကို ဖယ်ရှားနိုင်မယ့် အချိန်မှာဆိုရင်တော့ ကျနော်တို့ အချိန်မနှောင်းပေ မယ့် ပြန်လည်လုပ်နိုင်မယ့် အနေအထားမျိုးရှိတယ်။ အဲတော့ မြန်မာနိုင်ငံအခြေအနေက အခု နက ချက်ချင်း အာဏာရှင်ဖယ်ရှားဘို့က တခု၊ နောက်တခါ အခုနတုန်းက ပြောသလိုပါပဲ။
တရားစီရင်ရေးကိစ္စတွေမှာ ပြန်လည်လုပ်ဆောင်ဖို့ က လိုအပ်နေတယ်။ အချိန်ဘယ်လောက် ကြာမလဲ ဆိုတာကတော့ ကျနော်တို့ အာဏာရှင်ကို ဖယ်ရှားပြီးတော့ ပြည်သူလူထုကိုယ်တိုင် က ဘယ်လောက်အထိ ပါဝင်မှု ရရှိနိုင်မလဲ။ အဲဒီအပေါ်မှာလည်း မူတည်နေတာကို တွေ့ရပါ လိမ့်မယ်။”
အင်ဒိုနီးရှားနိုင်ငံကနေ မြန်မာနိုင်ငံက ယူသင့်တယ်လို့ သူထင်တဲ့ သင်ခန်းစာတွေကို လည်း မစ္စတာဂျားမန်းက အခုလို ဆက်ပြောပါသေးတယ်။
“ အင်ဒိုနီးရှားက လှမ်းခဲ့တဲ့ခြေလှမ်းတွေအတိုင်း လုပ်ဘို့ဖြစ်ပါတယ်။ လူထုထူထောင် တဲ့ အဖွဲ့အစည်းတွေအတွက် နေရာပေးပါ။ ဒီအခါမှာ ဒီမိုကရေစီဖြစ်စဉ်အတွက် ပိုပြီးတော့ နေရာဖန်တီးလာနိုင်ပါလိမ့်မယ်။ တချိန်တည်းမှာလည်း Institution လို့ခေါ်တဲ့ လူ့အဖွဲ့အစည်း အတွင်း အခိုင်အမာ ဖြစ်နေပြီးသားကိစ္စတွေ အားလုံးကို ပြုပြင်ပြောင်းလဲတဲ့ဖြစ်စဉ် ရှိရပါမယ်။ အဖွဲ့အစည်းတွေ ပြုပြင်ပြောင်းလဲရမယ်။ စစ်တပ်ကို ပြုပြင်ပြောင်းလဲရမယ်။ ရဲတပ်ဖွဲ့၊ တရား ရေးဌာန၊ ပြည်သူ့ဝန်ထမ်းစနစ် ဒါတွေအားလုံးကို ပြုပြင်ပြောင်းလဲရပါမယ်။ ဒါတွေက အကူး အပြောင်းရဲ့ အစိတ်အပိုင်းတွေ မဟုတ်ဘူးဆိုရင်တော့ မြန်မာနိုင်ငံဟာလည်း အင်ဒိုနီးရှား ကြုံ တွေ့နေရတဲ့ အခက်အခဲတွေကို ကြုံကြရပါလိမ့်မယ်။”
အင်ဒိုနီးရှားနိုင်ငံက လူ့အခွင့်အရေးလှုပ်ရှားသူ Rafendi Djamin ရဲ့ မြန်မာနိုင်ငံနဲ့ ပတ်သက်တဲ့ အမြင်ဖြစ်ပါတယ်ခင်ဗျား။
August 17, 2010
ဗမာပြည်ဆိုင်ရာ အနာဂတ်ကာလ အသွင်ကူးပြောင်းရေး၊ အင်ဒိုနီးရှားနိုင်ငံ အတွေ့အကြုံယူ
Labels:
လူ့အခွင့်အရေးသတင်း