Commission of Inquiry about the impunity in Burma
၂၀၁၀၊ သြဂုတ်လ ၂၆ ရက်နေ့ မှာ ဘီဘီစီ မြန်မာ့အရေး၊ ကမ္ဘာ့ရေးအစီအစဉ်မှ ထုတ်လွှင့်သွားတဲ့ အင်တာဗျူးဆွေးနွေးခန်း
မြန်မာနိုင်ငံမှာ လူသားတွေအပေါ်မှာ ရက်ရက်စက်စက် ကျူးလွန်တဲ့ Crimes Against Humanity၊ နောက်တခါ စစ်ရာဇဝတ်မှု War Crimes ရှိ၊ မရှိ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဘို့ အသင့်တော်ဆုံးနည်းလမ်းကို အမေရိကန်က လေ့လာနေတယ်ဆိုပြီးတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက အင်္ဂါနေ့တုန်းက ပြောကြားသွားပါတယ်။
နောက်တခါ ပြီးခဲ့တဲ့ မတ်ခ်ျလကလည်းဘဲ့ လူ့အခွင့်အရေးကောင်စီကိုလည်းဘဲ့ ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဘို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်အိုဟေးကင်တားနားက အကြံပြုခဲ့ပါတယ်။ အခုဆိုလို့ရှိရင် Commission of Inquiry ဖွဲ့ဘို့အတွက် အမေရိကန်အပါအဝင် ငါးနိုင်ငံက ထောက်ခံထားသလို ပြောဆို ဆွေးနွေးသံတွေလည်းဘဲ တော်တော်များများ ကျယ်ကျယ်ပြန့်ပြန့် ကြားနေရပါပြီ။
ဒီစုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဘို့ ဘယ်လောက်အထိ နီးစပ်လာပြီလဲ။ လက်တွေ့မှာ ရော ဘယ်လောက်အထိ ဖြစ်နိုင်ချေရှိသလဲဆိုတဲ့အကြောင်းကို မြန်မာ့အရေး၊ ကမ္ဘာ့အရေး အစီအစဉ်မှာ ပြောဆိုဆွေးနွေးကြမှာ ဖြစ်ပါတယ်။
NCGUB မြန်မာနိုင်ငံ ညွှန့်ပေါင်းအစိုးရအဖွဲ့မှ ကုလသမဂ္ဂတာဝန်ခံ ဒေါက်တာသောင်းထွန်း၊ နောက်ပြီးတော့ NDF ပါတီမှ ရှေ့နေဦးသိန်းညွှန့်၊ နောက် HREIB လူ့အခွင့်အရေးပညာပေးဌာနရဲ့ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်း ကျနော်တို့ အဲဒီပုဂ္ဂိုလ်တွေ ကို လေလှိုင်းပေါ်က ဖိတ်ခေါ်ထားပါတယ်။
အဲတော့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသွားသလိုဆိုရင် အသင့်တော် ဆုံးနည်းလမ်းကို ရှာပြီးတော့ ဒီကိစ္စကို သူတို့ကိုင်တွယ်မယ်လို့ ပြောနေတယ်။ အဓိက အဲဒါက ဘာကိုပြောတာလဲခင်ဗျား။ ဒေါက်တာသောင်းထွန်း ပြောပြပေးပါခင်ဗျား။
အသင့်တော်ဆုံးနည်းလမ်းဆိုတာက ကျနော်တို့ ဒီလူသားတရပ်လုံးကို ရက်ရက် စက်စက် ဖိနှိပ်ညှင်းပန်းရာကျတဲ့ Crimes Against Humanity တို့၊ စစ်ဖက်ဆိုင်ရာ ရာဇဝတ်မှု တွေနဲ့ ပတ်သက်လို့က ဒီကုလသမဂ္ဂမှာ ဒီကိစ္စတွေကို စုံစမ်းစစ်ဆေး ဖော်ထုတ်ဘို့ နည်းလမ်း တွေ ရှိပါတယ်။ ပထမနည်းလမ်းကတော့ အထွေထွေအတွင်းရေးမှုးချုပ် ကိုယ်တိုင်က နေပြီးတော့ သူ့ရဲ့လုပ်ပိုင်ခွင့်၊ အခွင့်အာဏာကိုသုံးပြီးတော့ အခုလိုမျိုး ကုလသမဂ္ဂ စုံစမ်း စစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းတာပါဘဲ့။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှုးချုပ်အနေနဲ့ ၂၀၀၉ ခုနှစ်ထဲမှာ အဲဒီလိုမျိုး စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းခဲ့တဲ့ ဖြစ်ရပ်မျိုး နှစ်ခုရှိပါ တယ်။ နောက်လမ်းကြောင်းတခုကတော့ ကျနော်တို့ လူ့အခွင့်အရေးကောင်စီကနေပြီးတော့ ဆုံးဖြတ်ချက် ကျပြီးတော့ လူ့အခွင့်အရေးကောင်စီရဲ့ ဥက္ကဌကနေ ဖွဲ့စည်းတာပါ။ နောက် လမ်း ကြောင်းတခုကတော့ ကျနော်တို့ လုံခြုံရေး ကောင်စီကနေပြီးတော့ ဆုံးဖြတ်ပြီးတော့ ဖွဲ့စည်း တာပါ။ နောက်တခုကတော့ ကျနော်တို့ အထွေထွေ ညီလာခံကတဆင့် အထွေထွေအတွင်းရေးမှုးချုပ်ကို မေတ္တာရပ်ခံပြီးတော့၊ လုပ်ပိုင်ခွင့် အာဏာအပ်နှင်းပြီးတော့ အခုလိုမျိုး စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းတာပါဘဲ့။ ဘယ်လမ်းကြောင်းနဲ့ သင့်တော်မယ်ဆိုတဲ့ ကိစ္စကို အခုက အမေရိကန်နိုင်ငံက ဦးဆောင်ပြီးတော့ တခြားနိုင်ငံတွေနဲ့ ဆွေးနွေးညှိနှိုင်းနေ တဲ့ အနေအထားဘဲ့ ရှိပါတယ်။
ဒါပေမယ့်လို့ အခုနက အနှစ် (၂၀) ကျော် လူ့အခွင့်အရေးကြေငြာချက်တွေ၊ ဆုံးဖြတ် ချက်တွေ ခနခန ထွက်နေ ပေမယ့်လို့ တရုတ်တို့၊ ရုရှားတို့က ဗီတိုနဲ့ ပယ်ချနေတဲ့အတွက် အခုထက်ထိ ဘာမှဖြစ်မလာသေးဘူး။ အဲ့တော့ လူ့အခွင့်အရေးတွေကို စောင့်ကြည့်လေ့လာ နေတဲ့ ဦးအောင်မျိုးမင်းတို့ကကော အခုဒီတခါလုပ်ရပ်က ပိုပြီးတော့ နီးစပ်လာပြီလား။
ဒီတခေါက် ကျနော်တို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ အလေးထားမှုဟာ ပိုမိုပြီးတော့ မြင့်တက်လာတယ်။ ဒီလိုမြင့်တက်လာကလည်း ဘာလဲဆိုလို့ ရှိရင်တော့ ဒီစစ်အစိုးရအနေနဲ့ လူ့အခွင့်အရေးတွေကို ကျနော်တို့ လေးစားမှုမရှိဘဲနဲ့ ဆက်လက် ချိုးဖောက်မှုတွေရဲ့ ရလဒ်ဘဲ့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲ ဆိုလို့ရှိရင်တော့ ကျနော် တို့ အခုလိုမျိုး လူသားမျိုးနွယ်တခုလုံးကို ထိခိုက်စေတဲ့ ရာဇဝတ်မှုမျိုးဆိုတာက ဘယ်အရပ် သားကိုမဆို ဦးတည်ပြီးတော့ စနစ်တကျ တိုက်ခိုက်တဲ့၊ ဒါမှမဟုတ် ကျယ်ကျယ်ပြန့်ပြန် တိုက်ခိုက်တဲ့ ကျူးလွန်မှုလို့ ဆိုထားပါတယ်။ အဲဒီစကားလုံးအရ ဆိုကတည်းကိုက ဒီအချက် တွေကို စနစ်တကျ ကျူးလွန်နေတဲ့ သဘောမျိုး ပေါ်ပေါက်ခဲ့တယ်။ ကျနော်တို့ ပြီးခဲ့တဲ့ သံဃာ့ အရေးတော်ပုံ ၂၀၀၇ ခုနှစ်တုန်းက ဖြစ်ခဲ့တဲ့အဖြစ်အပျက်တွေ၊ အဲဒီနောက်ပိုင်းမှာ ဆက်လက် ပြီးတော့ ကျူးလွန်နေတဲ့ အချက်တွေက လူသားမျိုးနွယ်ကို ထိခိုက်စေတဲ့ ရာဇဝတ်မှု၊ ဒါတွေက ပိုပြီးတော့ များလာတာကို တွေ့ရတယ်။ နောက်တချိန်တည်းမှာဘဲ့ စစ်ရာဇဝတ်မှု ဆိုတဲ့နေရာမှာလည်း ပြည်တွင်းစစ်ပွဲဖြစ်စေ၊ နိုင်ငံခြားစစ်ပွဲဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခ တခုအတွင်းမှာ စီမံကိန်းတခု၊ မူဝါဒတခုရဲ့ အစိတ်အပိုင်းတခုအနေနဲ့ ကျူးလွန်တာ။ နအဖရဲ့ အခု တိုင်းရင်းသားလူနည်းစု ကရင်ဒေသ၊ ရှမ်းဒေသ၊ ကရင်နီဒေသတွေမှာ သူတို့ပေါ်လစီချ ပြီးတော့ လုပ်ဆောင်နေတဲ့ ဖြတ်လေးဖြတ်ကိစ္စတွေကစပြီး ကျနော်တို့ ဒီဟာနဲ့ အကျုံးဝင်နေပါတယ်။
ဒါပေမယ့် အခုပြောနေတာက ပြည်တွင်းပဋိပက္ခဆိုတာက နှစ်ဖက်တိုက်ပွဲဖြစ်တာ၊ လက်နက်ကိုင် အင်အားစုတွေကိုလည်းဘဲ့ သူတို့ရဲ့ ကျူးလွန်မှုတွေရှိရင် ဖော်ထုတ် အရေးယူ ရလိမ့်မယ်။ ဥပဒေကတော့ ဘက်မလိုက်ရဘူးလို့ ပြောတယ်။ အဲဒီလို ပြောသံတွေ ကြားနေ ရတာနဲ့ ပတ်သက်လို့ကော ဦးအောင်မျိုးမင်းက ဘယ်လိုပြောချင်လဲ။
ဟုတ်ပါတယ်။ ကျနော်တို့ လက်နက်ကိုင်ပဋိပက္ခအတွင်းမှာ ဆိုလို့ရှိရင်တော့ ဟိုဘက် ဒီဘက် ပစ်ခတ်မှုတွေ ရှိနိုင်တယ်။ ဒါဟာလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေဘဲ့ ဖြစ်ပါ တယ်။ ဒါပေမယ့် နအဖဘက်ကနေ ဒီလိုပေါ်လစီတရပ်ချမှတ်ပြီး လုပ်ဆောင်မှုကြောင့် ခံရတဲ့ပမာဏနဲ့ ဒီဘက်က တိုင်းရင်းသားတွေဘက်ကနေ ကျူးလွန်လို့ ကျူးလွန်ခံရတဲ့ ပမာဏတွေကို ကြည့်မယ်ဆိုလို့ရှိရင် နှိုင်းယှဉ်လို့မရအောင် များပြားနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် အခုကျနော်တို့ ထိုင်းနိုင်ငံတလျှောက် စခန်း (၁၀)ခုမှာ ဒုက္ခသည်ပေါင်း တသိန်းခြောက်သောင်းကျော်ရှိတယ်။ နောက်တခါ ပြည်တွင်းမှာ လှည့်လည် ပုန်းအောင်းနေထိုင်ရတဲ့ IDP ပေါင်း လေးသိန်းကျော်ရှိတယ်။ တချို့က တသန်းအထိတောင် ခန့်မှန်းထားတာ ရှိနေတဲ့အတွက် ဒီဟာတွေကတော့ ကျနော်တို့ တကယ့်ကို စနစ်တကျနဲ့ ကျူးလွန်မှဖြစ်တဲ့ အဖြစ်အပျက်တွေ ဖြစ်တယ်။ နောက်တခါမှာ ကျယ်ပြန့်တဲ့ပမာဏက တိုင်းတာမယ်ဆိုလို့ရှိရင် ဒီအချက်တွေက ပိုမိုကျယ်ပြန့်တဲ့ ပမာဏဖြစ်တယ်ဆိုတာ ဒါကတော့ ငြင်းလို့မရပါဘူး။
ဟုတ်ကဲ့။ ဒါပေမယ့်လို့ တချို့က ပြောနေကြတာက ဒီနအဖကို စွဲချက်တင်ဘို့ ဆိုလို့ရှိရင် ပထမဦးဆုံး ဒါကို တယောက်က အဆိုတင်သွင်းရမယ်။ နောက်တခါ ဒီ ICC လို့ ခေါ်တဲ့ ဒီနိုင်ငံတကာ ရာဇဝတ်ခုံရုံးကိုလည်းဘဲ့ ၂၀၀၂ ခုနှစ် နောက်ပိုင်းမှာဖြစ်တဲ့ ကိစ္စတွေ ကိုဘဲ့ တင်လို့ရတယ်ဆိုတော့ အဖွဲ့ဝင်မဟုတ်တဲ့ မြန်မာနိုင်ငံကိုကျတော့ကော ဘယ်လို စဉ်းစားကြမှာလဲ။ ဆရာဒေါက်တာသောင်းထွန်း အမြင်ကို ပြောပါအုံးခင်ဗျား။
ဟုတ်ကဲ့။ ဗမာနိုင်ငံအနေနဲ့ ဒီ ICC ကို လက်မှတ်မထိုးထားပေမယ်လို့ ကျနော်တို့ ဒီ အခုနကပြောတဲ့ လုံခြုံရေးကောင်စီ ကပဲဖြစ်စေ၊ အထွေထွေညီလာခံကပဲဖြစ်စေ၊ လူ့အခွင့်အရေးကောင်စီကနေပြီးတော့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့စည်းပြီးတော့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေ စုံစမ်းစစ်ဆေးမယ်။ တွေ့ရှိချက်တွေအရ ကျနော်တို့ တကယ့် လူသားတရပ် လုံးကို ကျူးလွန်တဲ့ တကယ်ပြစ်မှုမြောက်တဲ့ ရာဇဝတ်မှုတွေကို ချိုးဖောက်မှုတွေ၊ စစ်ဖက် ဆိုင်ရာ ရာဇဝတ်မှုတွေကို ကျူးလွန်နေတယ်။ ဒီလိုကျူးလွန်နေတာနဲ့ ပတ်သက်လို့ သက်ဆိုင် ရာ တိုင်းပြည်ရဲ့ တရားစီရင်ရေးစနစ်က တစုံတရာစုံစမ်းဖော်ထုတ်မှုတွေ၊ အရေးယူမှုတွေ မရှိဘူးဆိုတာကို ဒါကို သေသေချာချာ တွေ့ရှိခဲ့မယ်ဆိုရင် အဲဒီအခြေခံပေါ်မှာ လုံခြုံရေး ကောင်စီကနေပြီးတော့ ဒီနိုင်ငံရဲ့ကိစ္စကို နိုင်ငံတကာရာဇဝတ်မှု တရားရုံးကနေပြီးတော့ ကျနော်တို့ စုံစမ်းစစ်ဆေးအရေးယူဖို့ဆိုပြီးတော့ လွှဲပြောင်းပေးနိုင်ပါတယ်။ အဲဒီအနေအထား ကျနော်တို့ ရှိပါတယ်။ ပထမတဆင့်ကတော့ ကနေ့ ဖြစ်ပွားနေတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု တွေဟာ လူသားတရပ်လုံးဆိုင်ရာ လူ့အခွင့်အရေးချိုးဖောက်မှု မြောက်၊ မမြောက်၊ စစ်ဖက် ဆိုင်ရာ ရာဇဝတ်မှုမြောက်၊ မမြောက်၊ ဒါကို နိုင်ငံတကာက လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူတွေ၊ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်ကနေပြီးတော့ စစ်ဆေး ဖော်ထုတ်ရမှာ၊ ဒါက ပထမတဆင့် ဖြစ်ပါတယ့်။ ဒီအဆင့်ကို ကျနော်တို့ စတင်ပြီးတော့ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြည်တွင်းမှာရှိတဲ့ ရှေ့နေတယောက်အနေနဲ့ဘဲ့ ဖြစ်ဖြစ်၊ နိုင်ငံရေးသမားတယောက် အနေနဲ့ဘဲ့ ဖြစ်ဖြစ် ဒီကိစ္စတွေကို ဘယ်လောက်အထိ စိတ်ဝင်တစား ပြောဆိုနေကြသလဲ။ ဦးသိန်းညွန့် ဆွေးနွေးပေးပါခင်ဗျား။
ပြည်တွင်းမှာတော့ ကျယ်ကျယ်လောင်လောင် ပြောဆိုနေတဲ့အသံတော့ မကြားပါဘူး။ နောက်တချက်ကလည်း ဒါဟာလည်း အခုနက နိုင်ငံတကာ ရာဇဝတ်တရားရုံးနဲ့ ပတ်သက်လို့ရှိရင် ဒီရောမစာချုပ်ကို ချုပ်တဲ့အခါမှာ စူပါပါဝါတွေဖြစ်တဲ့ အမေရိကန်တို့တောင်မှ ထိုးခဲ့တာမှ မရှိဘဲ။ ကျနော်တို့ ဥပဒေမှာ ဆိုရိုးစကားတခု ရှိပါတယ်။ တရားဥပဒေရဲ့ အကူအညီကို တောင်းရမယ်ဆိုလို့ရှိရင် ကိုယ့်လက်တွေကလည်း သန့်ရှင်းနေဘို့ လိုတယ်လေ။ အဲဒီတော့ ဗမာပြည်အကြောင်း စုံစမ်းစစ်ဆေးဘို့ အကြံပြုတဲ့နိုင်ငံတွေက သူတို့နိုင်ငံတွေက ဆင်နွဲနေတဲ့ အီရတ်စစ်ပွဲတို့၊ အာဖဂန်စစ်ပွဲတို့မှာ လူသားဆန့်ကျင်တဲ့ ပြစ်မှုတွေနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှုခံရဲ့လား။ နိုင်ငံငယ်လေးတွေနဲ့ ပတ်သက်ရင် တော့ စုံစမ်းစစ်ဆေးမှုပြုဘို့ တောင်းဆိုတဲ့ သူတွေက ကိုယ့်အလှည့်ပေါ့ဗျာ။ နိုင်ငံကြီးတွေ အနေနဲ့လည်း တရားမျှတမှုအရ ပြောရရင် စုံစမ်းစစ်ဆေးမှု ခံသင့်တာပေါ့။
ဒီနေ့ဟာ နိုင်ငံတချို့မှာဆိုရင် လက်ရှိအာဏာရထားတဲ့ အာဏာရှင်တွေ၊ သမ္မတတို့၊ ဝန်ကြီးချုပ်တို့က လူသားဆန့်ကျင်မှု ဒါတွေနဲ့ ပတ်သက်ပြီး ကျူးလွန်ထားတဲ့အခါကျတော့ ကိုယ့်အလှည် ပြန်ရောက်မှာကို ကြောက်ပြီးတော့ တရားဥပဒေတံတိုင်း အကာ အကွယ်တွေကို ယူထားတာ ကျနော်တို့ တွေ့ရတာပါဘဲ့။ ဒီလိုနိုင်ငံတွေမှာက ကျနော်တို့ နိုင်ငံတကာတရားစီရင်ရေးက အဓိကလား။ ဒီနိုင်ငံတွေရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးက အဓိကလားဆိုတာ ကျနော်တို့ ဆန်းစစ်ကြည့်ဘို့တော့ လိုအပ်ပါတယ်။
အခုနက ပြောသလို နိုင်ငံကြီးတွေမှာလည်း ပြစ်ချက်တွေရှိတယ်ဆိုရင် နိုင်ငံငယ် တွေအတွက် နိုင်ငံတကာတရားရုံးမှာ ဖော်ထုတ်ရေးက အဓိကလား။ တိုင်းပြည်တည် ဆောက်ရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးက အဓိကလားဆိုတာကို ဦးသိန်းညွှန့် ဘယ် လိုယူဆပါသလဲ။
ကျနော်တို့ရဲ့ (၂၂)နှစ် အတွေ့အကြုံအရ ပြောရရင်တော့ ကျနော်တို့ နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးက အဓိကဘဲ့။ ကျနော်တို့က နေရာတကာ မှာပေါ့ဗျာ။ ကျနော်တို့က နေရာတကာမှာ ကယ်တင်ရှင်အားကိုးနဲ့ (၂၂)လုံး လုပ်ခဲ့ပြီးပါပြီ။ ရလဒ်ကတော့ ကျနော်တို့နိုင်ငံသာ ထိခိုက်နစ်နာတဲ့ ရလဒ်တွေဘဲ့ ဖြစ်တယ်။ အဲတော့ ကျနော့်ရဲ့သဘောထားအရတော့ ကျနော်တို့ နိုင်ငံကို ထိခိုက်နစ်နာစေတဲ့ နည်းများနဲ့ ဆောင်ရွက်နေကြတဲ့ မိတ်ဆွေများက ပြည်တွင်းအခြေအနေ၊ ပြည်တွင်းအလားအလာ၊ တိုင်းပြည်ရဲ့ တကယ့်ပကတိဘဝ အခြေအနေတွေ၊ အဲဒါတွေကို ပြည်တွင်းမှာနေတဲ့လူထုလို ခံစားသိ နားလည်ဘို့ လိုပါတယ်။
ဦးအောင်မျိုးမင်းရေ။ ဦးသိန်းညွှန်ပြောကြားတဲ့အချက်တွေကို ဘယ်လိုသဘောရလဲ။
ပြည်တွင်းမှာရှိနေတဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေး (National Reconciliation) Process က တကယ်တမ်း ကျနော်တို့ လိုလားနေတဲ့ Process အတိုင်း မဟုတ်ပါဘူး။ ဒီရင်ကြားစေ့ ပြန်လည်သင့်မြတ်မှုဆိုတာ တကယ်ကောင်းမွန်တဲ့ နိုင်ငံရေးပြောင်းလဲမှုကို ငြိမ်းချမ်းတဲ့နည်းနဲ့ ဖြေရှင်းဘို့အတွက် နည်းလမ်းတွေရှာတယ်။ နှစ်ဦးနှစ်ဘက် ဒါကို တိုင်ပင် ညှိနှိုင်း ပြီးတော့ အားလုံးအဆင်ပြေနိုင်တဲ့လမ်းကို သွားတာဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန် မှာ ဖြစ်နေတဲ့ အကြောင်းအရာတွေက ကျနော်တို့ စစ်အာဏာရှင် အသက်ရှည်ဘို့အတွက်ဘဲ့ အသွင်ပုံစံကူးပြောင်းပြီးတော့ လုပ်ဆောင်သွားတာဖြစ်တဲ့အတွက် Reconciliation ပုံစံဆိုတာ ပြလို့မရပါဘူး။
ကျနော်တို့ဘက်က အမြဲတမ်း Reconciliation လုပ်ဘို့ရယ်၊ ငြိမ်းချမ်းစွာနဲ့ ကျနော်တို့ ပြည်တွင်းရေးကို ဖြေရှင်းဘို့ တောင်းပါတယ်။ ဒါပေမယ့် မလိုက်လျောတာက နအဖဘက်က ဖြစ်ပါတယ်။ ကျနော်တို့က အာဃာတတရားနဲ့ လုပ်တာ မဟုတ်ပါဘူး။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျနော်တို့မှာ တကယ့်ကို ခံရတဲ့လူတွေ ရှိတယ်။ အဲဒီလူတွေအတွက် တရားမျှတမှု၊ Justice ဆိုတဲ့ အကြောင်းအရာနဲ့ ကျနော်တို့ လုပ်တာဖြစ်ပါတယ်။
တဖက်ကလည်းဘဲ့ လက်ရှိအစိုးရက သူတို့ ဆက်လက်အုပ်ချုပ်နိုင်ရေးအတွက် အခြေခံဥပဒေမှာ ကင်းလွတ်ခွင့်တွေ ထည့်ထားတယ် ဆိုပြီးတော့ ဝေဖန်စွပ်စွဲတယ်လေ။ အဲဒီတော့ တကယ်ဘဲ့ ဒီလိုကင်းလွတ်ခွင့်တွေပါနေရင် သူတို့ပြစ်ချက်တွေအပေါ်မှာ သူတို့ ဥပဒေအရ ဘယ်လိုပြောမလဲ။ ဦးသိန်းညွှန့် နည်းနည်းဆွေးနွေးပေးပါအုံး။
အခုနိုင်ငံခြားကလူတွေ အများဆုံး ထောက်ပြနေတဲ့အချက်က ဖွဲ့စည်းပုံအခြေခံဥပဒေ မှာပါတဲ့ ပုဒ်မ (၄၄၀)ဆိုတာ အဲဒါက ဘာလဲဆိုရင် အစိုးရအဖွဲ့ဝင်တွေရဲ့ တာဝန်အရ ဆောင်ရွက်တဲ့အပေါ်မှာ အကြောင်းပြုပြီးတော့ တရားစွဲဆိုခြင်း၊ အရေးယူခြင်း မပြုရဘူးလို့ ပြဌာန်းထားတာ။ သို့သော် အဲဒါက ဖွဲ့စည်းပုံအခြေခံဥပဒေကို တကယ်လေ့လာကြည့်လို့ရှိရင် ဒီအပိုဒ်က (၇၅) ရာခိုင်နှုန်းကျော် လွှတ်တော်ကနေ၊ လွှတ်တော်ကိုယ်စားလှယ်တွေကနေ သဘောတူတဲ့အခါမှာ ဒီပြဌာန်းချက်ကို ပြင်နိုင်တဲ့ အခွင့်အာဏာ ရှိပါတယ်။ ဒါဟာ ဆန္ဒခံယူပွဲ တောင် လုပ်ဘို့မလိုပါဘူး။ အဲလို ကျနော်တို့က ပေါ်ပေါက်လာမယ့် လွှတ်တော်ထဲမှာ အထူးသဖြင့် ကျနော်တို့က တပ်မတော်နဲ့ ပတ်သက်ပြီးတော့ နားလည်မှုနဲ့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှုတွေ အားကောင်း လာရင်၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး လမ်းကြောင်း ပီပြင်လာရင်၊ ဒီအပိုဒ်တွေကိုလည်း ဥပဒေကြောင်းအရ အကာအကွယ် ယူထားတယ်လို့ ထင်တဲ့အပိုဒ်တွေကိုလည်း ကျနော်တို့က ပြန်ပြီးတော့ ပြင်ဆင်နိုင်ပါတယ်။ ဖိအားတွေ၊ ကြောက်လန့်မှုတွေ၊ တွန်းအားတွေနဲ့၊ နိုင်ငံတကာသြဇာကို အခြေခံပြီးတော့ (၂၂)နှစ် ကျနော်တို့ လုပ်ခဲ့ပြီးပြီ။ ရလဒ်ကြီးအနေနဲ့ ကျနော်တို့ ဘာပြနိုင်သလဲ။
ဦးသိန်းညွှန့်ကတော့ ပြောတယ်။ ပကတိအခြေအနေတွေကို မလေ့လာဘဲနဲ့ နိုင်ငံကြီးတွေက ဖိအားပေးရင် ပြည်တွင်းမှာ ပြောင်းမှာမဟုတ်သလို၊ တချို့နိုင်ငံကြီးတွေကလည်း အီရတ်တို့၊ အာဖဂန်တို့မှာ ကျူးလွန်နေတာဘဲ့။ ဒီကိစ္စတွေကိုကျတော့ တဖက်သတ် ဘာဖြစ်လို့ လျစ်လျူရှုနေရတာလဲလို့ ပြောတယ်။ ဦးသောင်းထွန်းတို့အနေနဲ့ ဘယ်လိုယူဆပါ သလဲ။
နိုင်ငံကြီးကြီး၊ နိုင်ငံငယ်ငယ်၊ ကျနော်တို့ ICC ကို လက်မှတ်ထိုးထိုး၊ မထိုးထိုး၊ ကုလသမဂ္ဂမှာ နိုင်ငံတိုင်းဟာ မဲတစ်မဲစီ ပေးခွင့် ရှိပါတယ်။ ကျနော်တို့ ဒီလုံခြုံရေးကောင်စီတင် မဟုတ်ပါဘူး။ အထွေထွေညီလာခံမှာ တဦးချင်းမှာ တန်းတူအခွင့်အရေးရှိတယ်။ လူ့အခွင့် အရေးကောင်စီမှာ တန်းတူအခွင့်အရေး ရှိတယ်။ နိုင်ငံတွေအနေနဲ့ ဘယ်နိုင်ငံမဆို နိုင်ငံကြီးက ရာဇဝတ်မှုတွေကို ကျူးလွန်လို့ရှိရင်လည်း ကျနော်တို့က ကုလသမဂ္ဂမှာ တင်ပြတောင်းဆိုတာမျိုး၊ ဆွေးနွေးလို့ရတယ်။ ဒီအပိုင်းတွေ ရှိတယ်ဆိုတာကို ကျနော့်အနေနဲ့ ပထမတဆင့် ပြောချင်တာပေါ့နော်။
နောက်တခု ကျနော်တို့က အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ပတ်သက်လို့ ကျနော်တို့တတွေကလည်းဘဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်း (၂၀)ကျော်မှာ တောက်လျှောက် နည်းလမ်းပေါင်းစုံနဲ့ ချပြဆွေးနွေးခဲ့တာတွေ ရှိပါတယ်။ အထွေထွေအတွင်းရေးမှုးချုပ် အနေနဲ့လည်း ကြိုးပမ်းနေပါတယ်။ ဒီတံခါးကို ကျနော်တို့အနေနဲ့ ဒီကနေ့အထိ မပိတ်ပါဘူး။ ဒါပေမယ့် ကျနော်တို့ အဆင့်နှစ်ဆင့် ရှိပါတယ်။ ပထမတဆင့်က ကျနော်တို့အနေနဲ့ အမှန်တရားကိုတော့ ကျနော်တို့ ဖော်ထုတ်ဘို့ လိုတယ်။ အမှန်တရားကို ကျနော်တို့ မဖော်ထုတ်ခဲ့ဘူး၊ အမှန်တရားကို ကျနော်တို့ လျစ်လျူရှုမယ်ဆိုလို့ရှိရင် ကျနော်တို့ တကယ် တည်ငြိမ်တဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ဖြစ်မှာမဟုတ်ဘူး။
ကျနော်တို့ ခိုင်မြဲတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ အမျိုးသား စည်းလုံးညီညွတ်ရေး ရမှာမဟုတ်ဘူး။ အမှန် တရားကို ဖော်ထုတ်တာ ပထမတဆင့် ဖြစ်ပြီးတော့ တရားမျှတမှုကို ရှာဖွေတာ ဒုတိယတဆင့် ဖြစ်ပါတယ်။ တရားမျှတမှုကို ဘယ်လို ရှာဖွေမလဲဆိုတာ နည်းလမ်းပေါင်းစုံ ရှိတယ်။ အမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုတဲ့ ဒေါင့်ကနေ ရှာဖွေမလား။ တရားဥပဒေ ဒေါင့်ကနေ ရှာဖွေမလား။ ဒါဟာ ကျနော်တို့ ဖြစ်ပေါ်လာတဲ့ နိုင်ငံရေးအခြေအနေတွေအပေါ်မှာ အကဲဖြတ်သုံးသပ် ရမှာပါ။
အစိုးရကပဲဖြစ်စေ၊ ကျန်တဲ့လက်နက်ကိုင် ဘယ်အဖွဲ့အစည်းကပဲဖြစ်ဖြစ်ပေါ့နော်။ တချို့ကပြောတယ်။ လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ပြစ်မှုပေါ့။ ဒါမှမဟုတ်လည်း လူမဆန်စွာ ရက်ရက်စက်စက် ကျူးလွန်တဲ့ Crime Against Humanity တို့၊ War Crimes တို့ ရှိ၊ မရှိ စုံစမ်းစစ်ဆေးရေးကော်မရှင်လွှတ်ပြီး စုံစမ်းစစ်ဆေးဘို့ဆိုတဲ့အကြောင်း၊ ဘယ်လောက် ဖြစ်နိုင်ချေရှိသလဲ၊ ဘာအခက်အခဲတွေ ရှိသလဲဆိုတာကို ကျနော်တို့ ပြန်ပြီးတော့ သုံးသပ်မှာ ဖြစ်ပါတယ်။ အဲတော့ အခုတောင်းဆိုနေတာတွေဟာ ကုလသမဂ္ဂမှာ နိုင်ငံပေါင်း ၁၉၀ နိုင်ငံကျော်ရှိတဲ့နေရာမှာ အခုငါးနိုင်ငံလောက်ဘဲ့ အဓိက ကြားနေရတယ်ပေါ့။ ဦးအောင်မျိုးမင်း အဲဒီဟာ လက်တွေ့ဖြစ်ဘို့ ဘယ်နည်းနဲ့ဘဲ့သွားသွား နီးစပ်ပြီလားခင်ဗျား။
ဟုတ်ကဲ့။ အထွေထွေညီလာခံမှာ အခုနက ဆရာသောင်းထွန်းပြောသွားသလိုဘဲ့။ တနိုင်ငံ တမဲပေးပြီးတော့ ဆုံးဖြတ်တာ ဖြစ်ပါတယ်။ အဲတော့ အရင်တုန်းက ကျနော်တို့ မြန်မာနိုင်ငံနဲ့ပတ်သက်လို့ လူ့အခွင့်အရေးကိစ္စကို လေးစားလိုက်နာဘို့အတွက် တောင်းဆိုတဲ့ နိုင်ငံတွေ အားလုံးကသာ အရင်တုန်းက ကုလသမဂ္ဂမှာ အထွေထွေညီလာခံရဲ့ ဆုံးဖြတ်ချက် အတိုင်း ဆက်လက် ပြီးတော့ လုပ်ဆောင်မယ်ဆိုလို့ ရှိရင်တော့ ကျနော်တို့ ဒီဟာက ဖြစ်နိုင်တယ်။ နောက်တခုက ကျနော်တို့ အခုဖြစ်နေတဲ့ ကိစ္စတွေက အမျိုးသမီးတွေအပေါ်မှာ မုဒိန်း ကျင့်နေတဲ့ကိစ္စတွေ၊ ကလေးစစ်သားအသုံးပြုမှုကိစ္စတွေ၊ အထွေထွေညီလာခံမှာ ဆွေးနွေးခဲ့ တာ ကြာပါပြီ။ အခုအချိန်မှာ ဘယ်အဆင့်ကို ရောက်နေပြီလဲလို့ဆိုလို့ရှိရင်တော့ လုံခြုံရေး ကောင်စီရဲ့ အထူး ဆွေးနွေးရမယ့်ကိစ္စအဖြစ်ကို ရောက်နေပြီ။
အထူးသဖြင့် ကလေးစစ်သား အသုံးပြုမှုကိစ္စပါ။ လုံခြုံရေးကောင်စီမှာ ချမှတ်ထားတဲ့ဆုံးဖြတ်ချက်တွေ၊ အမှတ်တွေအတိုင်း တကယ်တမ်း အလေးထားပြီး ဆောင်ရွက်မယ်ဆိုရင်တော့ အထွေထွေညီလာခံက မသွားရင်တောင်မှ လုံခြုံရေးကောင်စီကတဆင့် သွားနိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။ အဲတော့ တချို့က မေးနိုင်ပါတယ်။ တရုတ်နဲ့ ရုရှားကို ဘယ်မှာ ထားမလဲ။ ဒါပေမယ့် အခုကျူးလွန်မှု ကိစ္စက လူ့အခွင့်အရေး ချိုးဖောက်မှုသက်သက် မဟုတ်ပဲနဲ့ နိုင်ငံတကာရာဇဝတ်မှုကို ကျူးလွန်တာဖြစ်တဲ့အတွက် လူ့အခွင့်အရေးတွေကို တိုးတက်အောင် လုပ်နေပါတယ်။ ခနစောင့်ပါဆိုတဲ့ ဆင်ခြေမျိုးနဲ့ နအဖကို သူတို့ ကာကွယ်နိုင်တဲ့ အခြေအနေမျိုးက အရင်ကထက် နည်းသွားမှာ။ ဒါက ကျနော်တို့အတွက် အားကောင်းချက်တခု ဖြစ်ပါတယ်။
နိုင်ငံတကာရဲ့ အားထုတ်မှုတွေမှာ အစိုးရပိုင်းကရော ဘယ်လိုတုံ့ပြန်မှုတွေကို လုပ်လာနိုင်လဲ။ လက်တွေ့မှာ ဘယ်လောက် ဖြစ်နိုင်လဲ။ ဦးသိန်းညွှန့် နည်းနည်းလောက် ပြောပြပေးပါအုံးခင်ဗျား။
တရုတ်နဲ့ ကျနော်တို့ ဗမာအစိုးရနဲ့ဟာ အခု ရေနံပိုက်လိုင်းကို အကြောင်းပြုပြီးတော့ အထူးဆက်ဆံရေးဟာ ရှိနေတဲ့ဟာပဲ။ တရုတ်ပြည်ရဲ့ ပထဝီနိုင်ငံရေးအရလည်း ဗမာနိုင်ငံမှာ အနောက်လိုလားတဲ့အစိုးရ သို့မဟုတ် အနောက်ဘက်ကို ပါနိုင်မယ့် အလားအလာကို တရုတ် ပြည်သူ့သမ္မတနိုင်ငံအနေနဲ့ကလည်း သူ့ရဲ့အကျိုးစီးပွားအရကိုယ်ကကို သူက ဆောင်ရွက်မယ့် အဆင့်မှာ အဲဒါကြောင့် လုံခြုံရေးကောင်စီမှာ ဗမာ့ပြဿနာတင်တိုင်း တရုတ်က ကန့်ကွက် နေတာကို အခုကျနော်တို့တိုင်းပြည်မှာ သာမန် လူတွေတောင် သိပါတယ်။ အခုဆိုရင် ကျနော်တို့ လူထုထဲမှာ ကုလသမဂ္ဂနဲ့ ပတ်သက်လို့ရှိရင် ကယ်တင်ရှင် မျှော်လင့်ချက်ကို ပစ်ပယ်ထားတာ၊ စွန့်လွှတ်ထားတာ ကြာပါပြီ။ အဲဒီတော့ ကျနော်တို့ကတော့ ပြည်ပ ဖိအားတွေထက်ကို ကိုယ့်နိုင်ငံမှာ ကိုယ့်အမျိုးသားချင်းချင်း ဖြေရှင်းနိုင်ဘို့ အခက်အခဲ ပေါင်းစုံကြားထဲက ကျနော်တို့အခု ဆောင်ရွက်နိုင်ဘို့ ကျနော်တို့ လှမ်းနိုင်တဲ့ခြေလှမ်း၊ ကျနော်တို့ရှိတဲ့ ခွန်အားတွေနဲ့ ကျနော်တို့ ဆောင်ရွက်နေပါတယ်။
ဆရာသောင်းထွန်းက နောက်ဆုံးအနေနဲ့ သုံးသပ်ပေးပါအုံး။
ကျနော်တို့အနေနဲ့က အထွေထွေညီလာခံနဲ့ လူ့အခွင့်အရေးကောင်စီ လမ်းကြောင်း တွေက နေပြီးတော့ ကျနော်တို့ စုံစမ်း စစ်ဆေးရေးကော်မရှင် ဖွဲ့စည်းဘို့ကိစ္စကို ကြိုးပမ်းသွားဘို့ ရှိပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဘို့ဆိုတဲ့ အကြံပြုချက်ဟာ ဗမာနိုင်ငံ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ တောက်လျှောက် စုံစမ်းစစ်ဆေးမှုတွေကို လုပ်နေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ်အိုဂျေးကင်တားနားက အကြံပြုထားတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ နအဖနဲ့လည်း အကြိမ်ပေါင်းများစွာ ဆွေးနွေးခဲ့တယ်။ အကြံတွေလည်း ပြုခဲ့တယ်။ အဲဒီအပိုင်းမှာ နအဖအနေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိလို့ ဒီလိုမျိုး အကြံပြုချက်တွေ ဖြစ်လာတာပါ။ အကြံပြုချက်ဟာ အများကြီး UN အဖွဲ့ဝင်တွေရဲ့ စဉ်းစားမှုတွေအပေါ်မှာ လွှမ်းမိုးသက်ရောက်မှုတွေ ရှိပါတယ်။ UN အဖွဲ့ဝင်နိုင်ငံတွေကိုလည်း ကျနော်တို့ လိုက်လံပြီး တော့ စည်းရုံးမှုတွေကို လုပ်ပါတယ်။
အဲတော့ ကျနော်တို့ အားလုံးကို ချုံပြီးတော့ ကြည့်မယ်ဆိုရင်တော့ လူ့အခွင့်အရေး ချိုးဖောက်မှုရဲ့ အတိုင်းအတာဟာ ပြည်တွင်းဥပဒေတွေကို ကျော်ပြီး နိုင်ငံတကာအဆင့် ရောက်လာရင် ဘယ်အဖွဲ့အစည်း၊ ဘယ်အစိုးရ၊ ဘယ်အင်အားစုမျိုးမဆို ဥပဒေအရ တနေ့ မဟုတ် တချိန်ချိန်မှာ ပြန်ပြီးတော့ ဖော်ထုတ်အရေးယူခံရမယ်ဆိုတာ ဒီလေ့လာတွေ့ ရှိချက်တွေအရ သိရတယ်ဆိုတဲ့အကြောင်း မြန်မာ့အရေး၊ ကမ္ဘာ့အရေးအစီအစဉ်ကနေ တင်ပြ လိုက်ရပါတယ်ခင်ဗျား။
September 01, 2010
ကုလသမဂ္ဂ စုံစမ်းစစ်ဆေးရေး ကော်မရှင်ဖွဲ့ဘို့
Labels:
COI