February 01, 2011

မြန်မာနိုင်ငံအတွက် Universal Periodic Review အကြောင်း (၁)

ဇန်နဝါရီ ၂၈၊ ၂၀၁၁ သောကြာနေ့ (BBC interview with U Ag Myo Min)

ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာရှိတဲ့ လူ့အခွင့်အရေးကောင်စီမှာ မနေ့တုန်းက မြန်မာနိုင်ငံရဲ့ လူ့အခွင့် အရေးအခြေအနေတွေကို မနေ့တုန်းက ဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ Universal Periodic Review လို့ခေါ်တဲ့ အဖွဲ့ဝင်နိုင်ငံတိုင်းရဲ့ အခြေအနေတွေကို လေးနှစ်တကြိမ် အလှည့်ကျ သုံးသပ်စစ်ဆေးတဲ့ အစီအစဉ်အရ လုပ် တာဖြစ်ပြီးတော့ အခုအကြိမ်ဟာ မြန်မာနိုင်ငံအခြေအနေတွေကို ပထမဦးဆုံး ဆွေးနွေးကြပါတယ်။ မြန်မာဖက် ကတော့ ဒုတိယရှေ့နေချုပ် ဒေါက်တာထွန်းရှင်ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တက်ရောက်ရှင်းပြခဲ့ပါတယ်။ ဘာတွေကို ရှင်းလင်းသွားပါသလဲလို့ ဂျနီဗာမှာ ရောက်နေတဲ့ ပြည်ပအခြေစိုက် လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)ရဲ့ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်းကို ကိုမင်းထက်က ဆက်သွယ်မေးမြန်းကြည့်ရာမှာတော့-

“ဒီနေ့ကတော့ သူတို့ အဖွဲ့ဝင်ပေါင်း ဆယ့်နှစ်ယောက်ပါတဲ့ Delegation ကို သူတို့ စေလွှတ် တယ်။ သူတို့အထဲမှာပါတာကို ကြည့်မယ် ဆိုလို့ရှိရင် ဒီအမျိုးသမီးရေးရာတို့၊ နောက်တခါ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာန၊ ဒါတွေအပြင် မြန်မာပြည်မှာရှိတဲ့ လူမှုအဖွဲ့ အစည်းတွေကို အကြံဉာဏ်ပေးနေတယ်ဆိုတဲ့ လူမျိုးတွေအကုန်လုံး သူတို့ပါဝင်တာကို တွေ့ရပါတယ်။ သူတို့ပြောချင်တာကတော့ ဒီတိုင်းပြည်မှာ လူ့အခွင့်အရေးတွေက အရမ်းထွန်းကားနေပါပြီ။ နောက် တခါ လူမျိုးမရွေး၊ ဘာသာမရွေး၊ ကျား၊မ မရွေး ဒီကိစ္စတွေမှာ လုပ်ငန်းအကောင်အထည်ဖော်တာကို ပြဖို့ အတွက် အခုလိုမျိုး အမျိုးအစားမတူတဲ့ ကိုယ်စားလှယ်အဖွဲ့ကို သူတို့စေလွှတ်တယ်လို့ စစချင်း အဖွင့်မိန့်ခွန်းမှာ ပြောသွားပါတယ်။”
ဆွေးနွေးကြတဲ့ အထဲမှာကြတော့ကော တခြားနိုင်ငံတွေက ဘယ်လိုအကြောင်းတွေကို အဓိကအနေနဲ့ ထောက်ပြသွားတာကို တွေ့ရလဲဗျာ့။
ဒီနေ့မြန်မာပြည်ရဲ့ကြားနာမှုပေါ့နော်။ ဒီနေ့မနက်ပိုင်း ကိုးနာရီကနေ ဆယ့်နှစ်နာရီအထိ ဒီသုံးနာရီ အတွင်းမှာ စုစုပေါင်းနိုင်ငံပေါင်း ခုနှစ်ဆယ့်လေးနိုင်ငံက တင်ပြဖို့အတွက် သူတို့စာရင်းပေးထားတယ်။ ဒါပေမယ့် သုံးနာရီအချိန်ဖြစ်တဲ့အတွက် နိုင်ငံပေါင်း ခြောက်ဆယ် လောက်ဘဲ့ တင်ပြနိုင်တယ်။ အဲဒီမှာ ကျနော်တို့ အယူ အဆတွေက နည်းနည်းလေး ကွဲပြားနေတာ ရှိတယ်။
ဥပမာ- တရုတ်တို့၊ အီရန်တို့၊ ကျူးဘားတို့၊ ပါကစ္စတန်တို့၊ မြောက်ကိုးရီးယား ဒီနိုင်ငံတွေက မြန်မာပြည်ရဲ့လူ့အခွင့်အရေးဟာ တိုးတက်လာပါပြီ။ သူတို့ လမ်းညွှန်မြေပုံ အတိုင်း သူတို့ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေပါပြီ။ သူတို့ပြောချင်တဲ့အချက်ကတော့ ဒီမြန်မာပြည်မှာ လက်ရှိပိတ်ဆို့ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေအပေါ်မှာ ပယ်ဖျက်ဘို့ လိုအပ်တယ်ဆိုတာကို ပြောသွားတာ ရှိ တယ်။ - တချို့ကတော့ ဒီစီးပွားရေးပိတ်ဆို့မှုကို မပြောဘဲနဲ့ မြန်မာနိုင်ငံက တဖြည်းဖြည်းနဲ့တော့ ပြုပြင်ပြောင်းလဲ မှုရှိလာပြီ။ အာဆီယံဆယ်နိုင်ငံထဲမှာ ကိုးနိုင်ငံစလုံးက ဒီကိစ္စကို သူတို့က မြန်မာပြည်ရဲ့ လူ့အခွင့်အရေးဟာ တိုးတက်လာပြီဆိုပြီး ပြောသွားတဲ့ ပုံစံမျိုးရှိတယ်။ ဒါပေမယ့် တချို့နိုင်ငံ၊ ဥပမာ- ချက်ရီပတ်ဗလစ်တို့၊ အမေရိက တို့၊ ပိုလန်တို့၊ ဟန်ဂေရီနိုင်ငံ၊ ဩစတြီးယားနိုင်ငံ ဒီဟာတွေကတော့ သူတို့ကတော့ တကယ် မြန်မာ ပြည်မှာ လက်တွေ့ဖြစ်နေတဲ့ လူ့အခွင့်အရေးအခြေအနေတွေက ဆိုးဝါးတဲ့ဟာမျိုး ရှိနေတုန်းဘဲ့။ အခုချိန်အထိ နိုင်ငံရေး အကျဉ်းသားတွေ ဆက်ရှိနေတဲ့ဟာတွေ၊ နောက်နှိပ်စက်ညှင်းပမ်းမှုတွေ၊ အထူးသဖြင့် တိုင်းရင်းသားနဲ့ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ ကလေးစစ်သားကိစ္စတွေဟာ ဆက်ရှိနေတုန်းဘဲ့။ ဒါကြောင့် မို့လို့ ဒါတွေကို သူတို့ဆက်ပြီးတော့ မြန်မာနိုင်ငံအပေါ် ဖိအားပေးဖို့ လိုအပ်တယ်ဆိုတာကို ပြောသွားတဲ့ အခြေ အနေသုံးခု ရှိတယ်။
ဟုတ်ကဲ့။ အဲတော့ မြန်မာနိုင်ငံမှာ တနလ်ာနေ့ဆိုရင်ဘဲ့ ပါလီမန်ကို စတော့မယ်။ နိုင်ငံရေးအရ စနစ် အသစ်တခုကို အပြောင်း အလဲကို စပြီးတော့ ခြေလှမ်းလှမ်းနေပြီဆိုတော့ ဒါနဲ့ပတ်သက်လို့ကော လူ့အခွင့်အရေး ကိစ္စကို ဆွေးနွေးတဲ့အခါမှာ အခုနိုင်ငံရေး အပြောင်းအလဲကို အပြုသဘောမြင်ကြသလား။ ဘယ်လိုပြောကြလဲ ခင်ဗျား။
အဲဒါကတော့ တချို့နိုင်ငံတွေ၊ အထူးသဖြင့် ဒီအာဆီယံနိုင်ငံတွေ၊ သူတို့နဲ့ နီးစပ်တဲ့တရုတ်တို့၊ အိန္ဒိယ နိုင်ငံတို့က သူတို့က ဒီမြန်မာပြည်မှာ လွှတ်တော်အသစ်ဖြစ်လာခြင်းဟာ ကောင်းလာတာ ဖြစ်တယ်ဆိုပြီးတော့ ပြောသွားတယ်။ နအဖကိုယ်စားလှယ်ကလည်း နောက်ပိုင်းကိစ္စတွေကို ဒီလိုစုံစမ်းစစ်ဆေးမှုတွေ၊ ဥပဒေပြောင်း ဖို့အတွက်ဆိုတာတွေက နောက်လာမယ့် ပါလီမန်အပေါ်မှာ မူတည်တယ် ဆိုပြီးတော့ သူတို့ပြောသွားတာ ရှိ တယ်။ ဒါပေမယ့် အထူးသဖြင့် ဒီအမေရိကန်နိုင်ငံ ကိုယ်စားလှယ်ကတော့ ဒီသူကတော့ ပွင့်ပွင့် လင်းလင်းဘဲ့ ပြောသွားပါတယ်။ ဒီရွေးကောက်ပွဲနဲ့ ဒီလုပ်ဆောင်မှုတွေက ဘယ်လိုမှ နိုင်ငံတကာအဆင့်အတန်းကို မမှီဘူး။ ဒါကြောင့် ရွေးကောက်ပွဲက တရားမျှတတဲ့ ရွေးကောက်ပွဲမဖြစ်ဘူးလို့ ပြောသွားတယ်။
လူ့အခွင့်အရေးပညာပေးဌာန (မြန်မာနိုင်ငံ)ရဲ့ ညွှန်ကြားရေးမှုး ဦးအောင်မျိုးမင်း ဖြစ်ပါတယ်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP