သြဂုတ် ၂၁ ၂၀၁၁ ခုနှစ် ဗီအိုအေ တိုက်ရိုက်လေလှိုင်း
ဒီအပတ် ဆွေးနွေးမယ့် အကြောင်းအရာကတော့ အခုနကပြောခဲ့သလိုပါဘဲ့။ အသွင်ကူးပြောင်းရေးနဲ့ ဆိုင်တဲ့ အကြောင်း အရာ ဖြစ်ပါတယ်။ အခုဆိုရင် နိုင်ငံရေးအခြေအနေတွေကလည်း အားလုံးမြင်တဲ့အတိုင်း ပါဘဲ။ နေရောင်ပျပျမြင်ရတဲ့အခြေအနေလို့ ပြောရမှာပါ။
ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးသိန်းစိန်တို့ လူချင်းတနာရီ ဝန်းကျင် လောက် တွေ့ဆုံတာတွေ ရှိသလိုပါဘဲ့။ မတူတာတွေ ဖယ်ထားပြီး တူတာတွေကို ပေါင်းလုပ်မယ်ဆိုပြီးတော့ သမ္မတဦးသိန်းစိန်ကလည်း ပြောကြားလာတဲ့အချိန်မှာ ဒီပူးပေါင်းပြီးတော့ ရှေ့ဆက်လျှောက်ဖို့ဆိုတဲ့လုပ်ရပ်ဟာ ဝမ်းသာစရာသတင်းဖြစ်ပါတယ်။
ဒါပေမယ့်လည်း အသွင်ကူးပြောင်းရေးချောမွေ့ဖို့၊ နောက်ရေရှည်ခိုင်ခံ့တဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေ ဖြစ်ဖို့ဆို ရင်တော့ ရှေ့ကို ကြည့်ရုံနဲ့တော့ မလုံလောက်ပါဘူး။ ဒီပြီးခဲ့တဲ့ ကိစ္စတွေကို ပြန်ကြည့်ပြီးတော့ သင်ခန်းစာထုတ် ဖို့တော့ လိုပါတယ်။ မတူတာတွေ ဖယ်ထား၊ တူတာတွေ ပေါင်းလုပ်ဆိုတဲ့စကားမှာကိုက ပြဿနာတစုံတရာ ရှိနေတယ် ဆိုတာကို ပြနေပါတယ်။
ဒါကြောင့်မို့လို့ အသွင်ကူးပြောင်းရေးတွေကို ဆွေးနွေးတဲ့အခါမှာ ပြီးခဲ့တဲ့မြန်မာနိုင်ငံရဲ့ ဝမ်းနည်းစရာ အဖြစ်အပျက်တွေ၊ ထိခိုက်နာကျင်မှုတွေ ထပ်မဖြစ်အောင် ဘာတွေလုပ်ကြမလဲ။ နောက်ပြီးခဲ့တဲ့ အခြေအနေမျိုး တွေကိုကော တဖက်က ခံစားခဲ့ရသူတွေဖက်က သူတို့ရဲ့ခံစားချက်တွေ၊ သူတို့ရဲ့အခြေအနေတွေကို အသွင်ကူး ပြောင်းရေး အာဏာပိုင်တွေအနေနဲ့ ဘယ်လိုမျိုး ကိုင်တွယ်ပေးကြမလဲ။ ဒီကိစ္စတွေကို ဆွေးနွေးပေးကြမှာ ဖြစ်ပါတယ်။ အဓိကပါဝင် ဆွေးနွေးပေးမယ့်သူတွေကတော့ လူ့အခွင့် အရေးပညာပေးဌာန (မြန်မာနိုင်ငံ)က ညွှန်ကြားရေးမှုးကိုအောင်မျိုးမင်း ရှိပါတယ်ခင်ဗျား။ နောက်တဦးကတော့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က တွဲဖက်အတွင်းရေးမှုး ကိုဘိုကြည်ရှိပါ တယ်။ နောက်တဦးကတော့ မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ကပါ။ သူကတော့ လူ့အခွင့်အရေးအမှုတွေနဲ့ ပတ်သက်ပြီး တော့ ရှေ့နေတောက်လျှောက်လိုက်ပေးခဲ့တဲ့ ဥပဒေဆိုင်ရာကျွမ်းကျင်သူ ရှေ့နေဦးအောင်သိန်းဖြစ်ပါတယ်။ သူ တို့သုံးဦး လိုင်းပေါ်ရောက်နေပါပြီ။ အရင်ဦးဆုံး ကျနော် ကိုအောင်မျိုးမင်းကို မေးချင်တယ်ခင်ဗျား။ ကိုအောင်မျိုး မင်း ကြားရပြီထင်ပါတယ်။
အခု တွေ့ဆုံဆွေးနွေးရေးကိစ္စတွေလည်း ဖြစ်နေတယ်။ အစိုးရကလည်း ဘာဘဲ့ပြောပြော မိန့်ခွန်းတွေ ဘာတွေကို ပြောပြီးတော့ တစုံတရာပြုပြင်ပြောင်းလဲမှုတွေကို လုပ်လိုတယ်ဆိုတဲ့ သဘောထားတွေကို ပြနေ တာ တွေ့ရပါတယ်ခင်ဗျား။ လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ အစိုးရသစ်ရဲ့သဘောထား အရင်ကနဲ့ မတူတာ၊ ပြောင်းလဲလာတာမျိုးတွေကိုကော သတိထားမိတာ ရှိပါရဲ့လားခင်ဗျား။
“လူ့အခွင့်အရေးနဲ့ ပတ်သက်လို့ သူတို့အနေနဲ့ လူ့အခွင့်အရေးကော်မရှင်ဖွဲ့ဖို့ လုပ်ဆောင်နေတယ်ဆိုတဲ့ သတင်းတွေကို ကျနော်တို့ ကြားရတယ်။ နောက်တခါမှာ ဒီလိုမျိုးဖွဲ့ဖို့အတွက် လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တဖွဲ့ ကို ဖွဲ့ပြီးတော့ လုပ်ဆောင်နေတယ်ဆိုတဲ့ဟာတွေကို ကျနော်တို့ သိရတယ်။ ဒါပေမယ့် ဒီဟာတွေက ရှေ့ဆက် သွားပြီးတော့ ဘယ်လိုမျိုးလုပ်ဆောင်မလဲဆိုတဲ့ ပုံစံမျိုးကို ဦးတည်နေတာကို တွေ့ရတယ်။ ဒါပေမယ့် အခုနက ကိုသားညိုဦးပြောထားတဲ့ အချက်တွေထဲမှာ ပြီးခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမျိုး ကိုင်တွယ်ဖြေရှင်းမလဲ။ ခံစားရတဲ့သူတွေအတွက် တရားမျှတမှု Justice ဆိုတဲ့အကြောင်းအရာကို ဘယ်လိုမျိုး လုပ်ဆောင်မလဲဆိုတဲ့ဟာ ဒီဟာကို လုံးဝဆွေးနွေးတာကို မတွေ့ရသေးဘူး။ အဲတော့ အခုအချိန်မှာ ကျနော်တို့ ပြန်လည်ပြီးတော့ အမျိုးသားရင်ကြားစေ့ရေးအတွက် လုပ်ဆောင်နေတယ်ဆိုတဲ့ နေရောင်လေးပျပျ ကို တွေ့ရပေမယ့် တကယ်တမ်းကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုကိစ္စတွေကို ဘယ်လိုမျိုး လုပ်မ လဲ။ နောက်တခါ အခုလက်ရှိဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စတွေကို ကော အမြန်ဆုံးဘယ်လိုရပ်ဆိုင်းမလဲ။ ဒီအချက်တွေကတော့ အခုအချိန်အထိ ဘယ်မှ သေသေချာချာ မတွေ့ရ သေးပါဘူး။”
ဟုတ်ကဲ့။ ကိုအောင်မျိုးမင်းရေ။ ကျေးဇူးတင်ပါတယ်ခင်ဗျား။ ကိုဘိုကြည်ရေ။ အခုနက ကိုအောင်မျိုး မင်းပြောသွားစကားထဲမှာ ပါပါတယ်။ ပြီးခဲ့တဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်လိုကိုင်တွယ်ကြမလဲပေါ့နော်။ ဒါက မေးခွန်းထုတ်စရာပါ။ ဒါပေမယ့် ကုလသမဂ္ဂကနေပြီးတော့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်စ်အိုဟေးကင်တားနားက ဒီနိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့ဖို့ဆိုတဲ့ကိစ္စကို တင်ပြ ထားတာ ရှိပါတယ်ခင်ဗျား။ အစိုးရဖက်ကတော့ အခုထက်ထိ တူးတူးခါးခါးကို ဖြစ်နေတယ်ခင်ဗျား။ ဆိုတော့ အဲဒီအခြေအနေက ကိုဘိုကြည့်အမြင်ပေါ့နော်။ အခုလက်ရှိပြောနေတဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်လို့ နည်းနည်းလေး ထိပ်တိုက်ဖြစ်မနေဘူးလား။ အဲတော့ ဒီစုံစမ်းရေးကော်မရှင်ဖွဲ့ဖို့ဆိုတဲ့ကိစ္စ အလားအလာအခြေ အနေကကော မြန်မာနိုင်ငံထဲမှာ အခုအသွင်ကူးပြောင်းရေး အခြေအနေနဲ့ကော ဘယ်လိုမျိုးစပ်ဟပ်နိုင်လဲ ခင်ဗျား။
“ဟုတ်ကဲ့။ ပထမအနေနဲ့ ပြောချင်တာကတော့ မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေဟာ ပြီး ခဲ့တဲ့ကိစ္စမဟုတ်ပါဘူး။ ပြီးခဲ့တဲ့အတိတ်ကလည်း ဖြစ်နေတာတွေ ရှိတယ်။ အခုလက်ရှိမှာလည်း ဖြစ်နေတာ ရှိပါတယ်။ အနာဂတ်မှာလည်း ဆက်ဖြစ်နေအုံးမယ့်ပုံသဏ္ဍာန်ရှိတယ်။ ကျနော့်အမြင်အရကတော့ ဒီမြန်မာနိုင်ငံ ထဲမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက အစိုးရကနေပြီးတော့ ချိုးဖောက်နေတာ ဖြစ်နေတယ်။ အဲဒီအတွက်လည်း ကျနော်တို့က ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းရတာ ပိုပြီးတော့ ခက်ခဲနေတဲ့သဘောတွေ ရှိတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတဲ့အခါမှာ ဥပမာ- ပုဂ္ဂလိက တယောက်ယောက်ကနေပြီးတော့ ချိုးဖောက် တယ်ဆိုလို့ရှိရင် အဲဒါတွေကို အရေးယူပြီးတော့ ကာကွယ်လို့ရတယ်။ လုပ်ဆောင်လို့ရတယ်ဆိုတာမျိုးတွေ ရှိ တယ်။ အခုဟာက အစိုးရကမူဝါဒချပြီး လုပ်ဆောင်နေတယ်လို့ ကျနော်ပြောရတဲ့ အဓိကအကြောင်းရင်းက လည်း ကျနော်တို့က ၁၉၈၈ အရှေ့ပိုင်းကနေပြီးတော့ အခုချိန်အထိကို ကျနော်တို့က နိုင်ငံရေးအကျဉ်းသား တွေနဲ့ ထိတွေ့ဆက်ဆံနေခဲ့ရတယ်။ နိုင်ငံအကျဉ်းသားဟောင်းတွေနဲ့ ထိတွေ့ဆက်ဆံလာခဲ့ရတယ်။ အဲလိုထိ တွေ့ဆက်ဆံတဲ့အခါမှာ ဘာကိုတွေ့ရလဲ ဆိုလို့ရှိရင်တော့ ဒီနှိပ်စက်ခဲ့တဲ့သူတွေပေါ့။ အဲဒီနှိပ်စက်ခဲ့တဲ့သူတွေကို မိသားစုတွေက တိုင်ပင်တိုင်ခဲ့သော်ငြားလည်း အခုချိန်အထိ အရေးယူခဲ့တာ မတွေ့ရဘူး။ အဲတော့ ဒီနှိပ်စက် တဲ့အခါမှာ အစိုးရက နှိပ်စက်တဲ့သူကို အရေးယူတာမရှိခဲ့ဘူးဆိုရင် အဲဒီဟာက အစိုးရရဲ့ပေါ်လစီတရပ် ဖြစ် တယ်။ အစိုးရရဲ့မူဝါဒတရပ် ဖြစ်တယ်။ ဆိုတဲ့အခါကျတော့ အစိုးရရဲ့ မူဝါဒတရပ်ဖြစ်နေတာကို အခုလက်ရှိရှိ နေတဲ့ ဦးသိန်းစိန်အစိုးရလက်ထဲမှာလည်း ဒါကို ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းတာမျိုး၊ နောက် ဖြေရှင်း မယ်ဆိုတဲ့စကားမျိုးကို ကျနော်တို့ အခုထိ မကြားရသေးပါဘူး။ အဲတော့ နောက်တခု မြန်မာနိုင်ငံမှာ ဖြစ်နေတာ က ဒီအကျဉ်းထောင်တွေထဲမှာ ဖြစ်နေတာတွေ ရှိမယ်။ နောက်တခုက နယ်စပ်ဒေသတွေမှာ ဖြစ်နေတာတွေ ရှိမယ်။ အဲဒီလိုဖြစ်နေတဲ့ကိစ္စတွေက လူ့အခွင့်အရေးချိုးဖောက်မှုတွေသက်သက်လို ပြောလို့မရတော့ဘဲနဲ့ တကယ့်စစ်ရာဇဝတ်မှု၊ ဒါမှမဟုတ်လို့ရှိရင် လူသားဖြစ်တည်မှုကို ဆန့်ကျင်တဲ့ရာဇဝတ်မှုတွေကို ဒီလက်ရှိရှိနေ တဲ့ အစိုးရကော ပြီးခဲ့တဲ့အစိုးရကပါ ကျူးလွန်နေပါတယ်လို့ သုံးသပ်လို့ ရတယ်။ အဲဒီအတွက် ဒီလူ့အခွင့်အရေး အထူးကိုယ်စားလှယ်တင်ပြတဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင် ဖွဲ့ဖို့ဆိုတဲ့ကိစ္စဟာ တကယ်ကို လိုအပ်နေတယ်လို့ ကျနော်တော့ မြင်ပါတယ်။”
ဒါပေမယ့် ဒီကိစ္စက တဖက်မှာ အစိုးရအနေနဲ့ ထိတ်လန့်စရာဖြစ်မနေဘူးလားခင်ဗျား။ သူတို့ကို တစုံ တရာပြန်ပြီး အရေးယူနိုင်မယ့်ဟာမျိုးပေါ့။ အဲတော့ အခုပြောနေတဲ့ အသွင်ကူးပြောင်းရေးတွေနဲ့ ပတ်သက်လို့ ညှိနှိုင်းနေတဲ့ကိစ္စတွေမှာကော ထိခိုက်စရာမရှိဘူးလား။
“အဓိကက လူ့အခွင့်အရေးချိုးဖောက်မှုဆိုတာက အသွင်ကူးပြောင်းရေးကိစ္စ စကားပြောနေတာနဲ့ မ ဆိုင်ဘူးဗျာ့။ လူ့အခွင့်အရေးချိုးဖောက်မှုကိစ္စက မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ လုံခြုံရေး Human Security ပေါ့။ လူတဦးချင်းရဲ့ လုံခြုံမှုနဲ့ဆိုင်တယ်။ အဲဒီလူတဦးချင်းရဲ့ လုံခြုံမှုရှိအောင် လုပ်ကိုလုပ်ဆောင်ရမှာဖြစ်တယ်။ အဲဒီလိုလုပ်ဆောင်ဖို့အတွက်ကို ကျနော်တို့က သူတို့ကို ဖိအားပေးနေတာတွေ၊ အကြံပေးနေတာတွေ၊ တိုက် တွန်းနေတာတွေ ရှိတယ်။ အဲလိုဘဲ့ နိုင်ငံတကာကနေ ဖိအားပေးနေတာ၊ အကြံပေးနေတာတွေ ရှိတယ်။ အဲလို မျိုး နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင်ကို လက်မခံချင်ဘူးဆိုလို့ရှိရင် သူတို့ကိုယ်တိုင် လုံးဝစုံစမ်းစစ်ဆေး ဖို့ နိုင်ငံတကာက တိုက်တွန်းနေတာတွေ ရှိတယ်။ ဆိုတဲ့အခါကျတော့ သူတို့အစိုးရကိုယ်တိုင်ကနေပြီးတော့ စုံစမ်းစစ်ဆေးမှုမရှိဘူးဆိုလို့ရှိရင် လူ့အခွင့်အရေးချိုးဖောက်ခံနေရသူတွေရဲ့ကိုယ်စား ကျနော်တို့က နိုင်ငံတကာ ကို ဒီလိုမျိုးစုံစမ်းစစ်ဆေးမှုတွေ ပြုပါဆိုတာကို ဆက်ပြီးတော့ ပြောနေရမှာဘဲ့။ ဆိုတဲ့အခါကျတော့ အဲတော့မှဘဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရပ်မှာ။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရပ်တဲ့အခါကျမှ အမျိုးသားပြန်လည် သင့်မြတ်ရေးဆိုတဲ့ဟာတွေက ပိုပြီးချောမွေ့လာတဲ့ဟာ ဖြစ်မှာပါ။”
ဟုတ်ကဲ့။ ကိုဘိုကြည် ကျေးဇူးပါ။ ဦးအောင်သိန်းကို မေးချင်ပါတယ်ခင်ဗျား။ အခုနက ကိုဘိုကြည် လည်း ပြောသွားပါတယ်။ လူ့အခွင့်အရေး (ချိုးဖောက်မှု) အခြေအနေတွေ ရပ်မှ အမျိုးသားပြန်လည်သင့်မြတ် ရေး ဖြစ်ပါမယ်တဲ့။ အဲတော့ တကယ်ဘဲ အခုလက်ရှိမြန်မာနိုင်ငံမှာ တွေ့ဆုံမှုတွေ လုပ်နေတယ်။ ပြုပြင်ပြောင်း လဲမှုတွေ လုပ်နေတယ်။ ပြုပြင်ပြောင်းလဲမှုတွေ လုပ်ပါမယ်လို့ ကတိတွေ ပေးနေတယ်။ အဲတော့ လူ့အခွင့် အရေး (ချိုးဖောက်မှု)အခြေအနေတွေက တကယ်ကော ရပ်ပြီလား။ ဦးအောင်သိန်းရဲ့အမြင်ကို သိချင်ပါတယ် ခင်ဗျား။
“လူ့အခွင့်အရေးချိုးဖောက်မှုတွေက ရပ်တယ်၊ မရပ်ဘူးဆိုတာကို ကျနော်တို့ ဒီနေ့ ပြည်တွင်းငြိမ်းချမ်း ရေး မရနိုင်သေးတဲ့ ပြဿနာအပေါ်မှာလည်း အများကြီး အခြေခံတာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့် အရေး ချိုးဖောက်တယ်ဆိုတာကလည်း တရားဥပဒေစိုးမိုးမှုကင်းမဲ့တဲ့ ဒေသတွေမှာပေါ့နော်။ အာဏာရှိတဲ့သူ တွေက လက်လွတ်စပယ် အနိုင်ကျင့်မှုတွေ၊ အာဏာကို အလွဲသုံးစားပြုလုပ်ပြီးတော့ အလွန်အကျွံသုံးတာတွေ၊ အုပ်ချုပ်ရေးအာဏာကနေ တရားစီရင်ရေးအာဏာကို ခုတုံးလုပ်ပြီးတော့ မတရားထောင်ချမှုတွေက ကျနော်တို့ ဒီလူသားချင်းစာနာထောက်ထားမှုမဲ့တဲ့လူတွေရဲ့ လုပ်ရပ်တွေ၊ အာဏာပိုင်တွေရဲ့ လုပ်ရပ်တွေကြောင့် ဖြစ်ပေါ် လာတဲ့ ကိစ္စရပ်တွေဘဲ့။ အဲဒါတွေကို ကျနော်တို့က ဘယ်လိုအခြေအနေမျိုးနဲ့ ကျနော်တို့ ထောက်ပြကြမလဲ။ ဘယ်လိုအခြေအနေမျိုးနဲ့ ဒီဟာကို ပပျောက်အောင် လုပ်မလဲဆိုတာကို ကျနော်တို့ အတော်လေး အချိန်ယူပြီး စဉ်းစားပြီး လုပ်ရမယ့်ကိစ္စတွေ ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်တယ်ဆို တာ အာဏာပိုင်နဲ့ အချိုးဖောက်ခံရသူပြည်သူတွေအကြား ဖြစ်တဲ့ကိစ္စရပ်တွေ ဖြစ်တာကိုး။ ပြည်သူအချင်းချင်း ချိုးဖောက်တာနဲ့ အာဏာပိုင်တွေကနေ တရားဥပဒေစိုးမိုးရေးကို အဓိကထားပြီးတော့ မှန်မှန်ကန်ကန် မလုပ်တဲ့ အတွက်ကြောင့် ဖြစ်ပေါ်လာတဲ့ကိစ္စရပ်တွေကိုး။ အဲဒါတွေကို ကျနော်တို့ကနေပြီးတော့ ကြည့်ရှု့နေရမယ်။ လေ့လာနေရမယ်။ ဒါတွေကို ဖော်ထုတ်ပြီးတော့ ပြောဆိုနေဖို့ လိုတယ်။ အဲဒါတွေကို ပြုပြင်သွားမှသာလျှင် လူ့အခွင့်အရေးချိုးဖောက်ခံရသူနဲ့ လူ့အခွင့်အရေးချိုးဖောက်တဲ့သူကို ကျနော်တို့ ဘယ်လိုစီစဉ်ဆောင်ရွက်မလဲ။ ဘယ်လိုစီမံအုပ်ချုပ်မှုနဲ့ ပြုလုပ်မလဲ။ ဘယ်လိုအရေးယူမလဲဆိုတဲ့ဥစ္စာကို ကျနော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။ အဲတော့ ကျနော်တို့ အခုပြောပြောနေကျတဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုတဲ့ ကျနော်တို့ဟုတ်လား။ အဲဒါ က တိုင်းပြည်တပြည်ရဲ့ အလွန်အရေးကြီးတဲ့ကိစ္စရပ်တခုလည်း ဖြစ်တယ်ဗျာ့။ အစိုးရတခုရဲ့ ဒီအုပ်ချုပ်ရေး လမ်းစဉ်နဲ့ မူဝါဒပိုင်းဆိုင်ရာတွေကို မကျေနပ်ကြလို့ ဖိနှိပ်ခံရမှုတွေ၊ ခွဲခြားဆက်ဆံခံရမှုတွေ၊ တန်းတူညီမျှမှု မရှိတာတွေ၊ လုံခြုံမှုမရတာတွေကြောင့် ဒီလက်နက်ကိုင်တော်လှန်ပုန်ကန်မှုတွေ ဖြစ်ပေါ်လာတာဘဲ့ပေါ့နော့်။ အဲတော့ အဲဒီလိုဖြစ်တဲ့ဟာ ဘယ်အပေါ်မှာ ဖြစ်သလဲ။ တည်ဆဲအစိုးရနဲ့ တိုင်းရင်းသားတွေနဲ့ တိုက်ခိုက်ကြတဲ့ ပြည်တွင်းစစ်တွေပေါ့နော်။ အဲဒီလို တိုင်းပြည်မှာ ပြည်တွင်းစစ်တွေ ရပ်စဲဖို့၊ ငြိမ်းချမ်းရေးရရှိဖို့ဆိုတာကလည်း အင်မတန်အဓိပ္ပါယ်ပြည့်ဝတဲ့၊ စစ်မှန်တဲ့ကျနော်တို့ ဒီနိုင်ငံရေးဆွေးနွေးမှုတွေ ပြုလုပ်နိုင်မှသာလျှင် အမျိုးသား ပြန်လည်သင့်မြတ်ရေး ရရှိရမှာ ဖြစ်တယ်လို့ ကျနော်ယုံကြည်ပါတယ်။”
ဟုတ်ကဲ့ပါခင်ဗျား။ ဦးအောင်သိန်းကို ကျေးဇူးတင်ပါတယ်။ ကျနော်တို့ လေလှိုင်းပေါ်မှာ သောတရှင် အချို့လည်း ရောက်နေပါတယ်။ အရင်ဦးဆုံး ကျနော်တို့ ဒီဆွေးနွေးပွဲအတွက် သူ့သဘောထားကို အသံဖိုင်နဲ့ ပေးပို့လာတဲ့သူကတော့ ဂျပန်နိုင်ငံကပါ။ ဦးစိန်ဖြစ်ပါတယ်။ မအေးသန္တာကျော် တချက်လောက်ဖွင့်ပေးပါအုံး။ ဦးစိန်ရဲ့အသံကို နားဆင်ကြည့်ရအောင်။
“ကျနော်ဂျပန်က ဦးစိန်ပါ။ အသွင်ကူးပြောင်းရေးဆိုင်ရာ အမှန်တရားနဲ့ အသွင်ကူးပြောင်းမှု Truth and Justice နဲ့ ပတ်သက်လာရင်တော့ ၁၉၈၀ ပြည့်လွန်နှစ်များက တောင်အာဖရိကနိုင်ငံမှာ ဆောင်ရွက်ခဲ့ကြတဲ့ နမူနာကောင်းများကတော့ လေးစားအတုယူစရာအကောင်းဆုံးပါဘဲ့။ ယခင့်ယခင် လူဖြူလူမဲခွဲခြားမှုကြောင့် လူဖြူတွေရဲ့သတ်ဖြတ်စော်ကားမှုပေါင်းများစွာကို ဒေသခံလူမဲပေါင်းများစွာက ခံခဲ့ကြရပါတယ်။ ကျနော်တို့ မြန်မာနိုင်ငံမှာတော့ တိုင်းပြည်ကို သူတို့ဘဲ့ ချစ်တယ်။ သူတို့ဘဲ တိုင်းပြည်ကို ဦးဆောင်လုပ်ပိုင်ခွင့်ရှိတယ်လို့ လွဲမှားစွာဦးဆောင်ခဲ့ကြတဲ့ မြန်မာစစ်ခေါင်းဆောင်တွေက တိုင်းပြည်ကို ဒီမိုကရေစီလမ်းမှန်ပေါ်ကို တွန်းတင် ပေးလို့တဲ့ မြန်မာအရပ်သား နိုင်ငံရေးလှုပ်ရှားသူများကို မြန်မာနိုင်ငံသားအချင်းချင်း သတ်ဖြတ်နှိပ်စက်ခံခဲ့ရပုံက လည်း ယခင်တောင်အာဖရိကလူမဲတွေ အနှိပ်စက်ခံခဲ့ရသလိုပါဘဲ့။ အနှစ် (၂၀)ကျော်ကြာ တဦးတဖွဲ့ကောင်းနဲ့ ထင်ရာစိုင်း လုပ်ကိုင်ခဲ့ပြီးလို့ ပရမ်းပတာအခြေအနေတွေကို ရောက်ကုန်ပြီလို သဘောပေါက်လာရာက ယခုမှ အရပ်သားတွေကိုပါ တိုင်းပြည်ကိုချစ်ခွင့်၊ တိုင်းပြည်ကြီးကို ပါဝင်လုပ်ပိုင်ခွင့် ပေးသင့်တယ်လို့ ယူဆလာရာက မဝံ့မရဲနဲ့ အမျိုးသားရင်ကြားစေ့ရေးကို စတင်ချင်သလိုလို ရှိလာတယ်လို့ ယူဆပါတယ်။ ဒီနေရာမှာ ခံစားရသူ တွေရဲ့နေရာကလည်း ဝင်ကြည့်ပေးသင့်ပါတယ်။ ငါသာ၊ ငါ့မိဘ၊ ငါ့သားသမီးသာ ဒီလိုခံခဲ့ရရင် ငါဘယ်လိုနေမ လဲဆိုတာ ဒီနေ့ကြားခဲ့ရသမျှအသံတွေမှာ ကလဲ့စားချေဖို့ဆိုတာ တခုမှမပါဘဲ နောက်နောင်မှာ ဒီလိုမျိုး ကျူး ကျော်သတ်ဖြတ်နှိပ်စက်မှုမျိုးတွေကို ထပ်ခါထပ်ခါ ဒီနိုင်ငံမှာ မဖြစ်အောင် ပြစ်မှုကျူးလွန်တဲ့ တာဝန်ရှိသူတွေ ဖက်က ကိုယ့်အမှားကို ကိုယ်ဝန်ခံနိုင်ဖို့သာ အဓိကဆောင်ရွက်နေကြခြင်း ဖြစ်ပါတယ်။ မြန်မာလူမျိုးဆိုတာက အလွန့်ကို ခွင့်လွှတ်လွယ်၊ မေ့လွယ်၊ ပျောက်လွယ်ဆိုတဲ့လူစားမျိုးပါ။ စစ်အတွင်း ဂျပန်ဖက်ဆစ်တွေရဲ့ ကျူး ကျော်မှုအောက်၊ လိင်ကျေးကျွန်တွေအဖြစ် ခံခဲ့ကြရတဲ့ အာရှနိုင်ငံက အမျိုးသမီးတွေ ဂျပန်အစိုးရကို တရားစွဲ ဆိုခဲ့သော်လည်းဘဲ မြန်မာလူမျိုးတွေက ခံခဲ့ရတာချင်းအတူတူ ဘယ်တုန်းကမှ ဂျပန်ကို တရားမစွဲခဲ့ဖူးပါဘူး။ ယခုနိုင်ငံတကာတရားရုံးကို ကြားနာဖို့တင်တဲ့ကိစ္စဆိုတဲ့ကိစ္စကလည်း အရေးယူဖို့မဟုတ်ဘဲ ပြစ်မှုကို ထင်ရှား အောင် မှတ်တမ်းတင်ဖို့နဲ့ နောက်နောင် ဒီလိုဖြစ်ရပ်မျိုး ဒီနိုင်ငံမှာ ဒီလူမျိုးတွေအပေါ် ထပ်မံမဖြစ်ပွားရအောင် ဆောင်ရွက်ခြင်းမျှသာ ဖြစ်ပါတယ်။ စစ်သားဆိုတာ လုပ်ရဲရင် ခံရဲရတယ်ဆိုတဲ့စကားရှိသလို ဗိုလ်ချုပ်ကြီးတွေ ဆိုတာကလည်း လုပ်ရဲရင် ခံရဲရပါမယ်။ စစ်သားကျတော့ ခံခိုင်းပြီး ဗိုလ်ချုပ်ကြီးတွေအလှည့်ကျမှ မေးခွန်း တောင် အမေးမခံရဲတာမျိုးတော့ မဖြစ်သင့်ဘူးလို့ တင်ပြလိုပါတယ်။”
ဒါကတော့ ဂျပန်နိုင်ငံက ဦးစိန်။ သူ့ရဲ့အမြင်ဖြစ်ပါတယ်။ ကျနော်တို့ တဆက်တည်းမှာ နှစ်ရှည်နိုင်ငံရေး အကျဉ်းသား ကိုပဏ္ဍိတ်ထွန်း။ ကိုပဏ္ဍိတ်ထွန်းဟာလည်း ထောင်ဒဏ် (၆၅)နှစ် ကျခံထားရတဲ့ ၈၈ မျိုးဆက် ကျောင်းသားတဦး ဖြစ်ပါတယ်။ သူ့ရဲ့ဒေါ်ညွှန့်ညွှန့်ဦး လေလှိုင်းပေါ်ကို ရောက်နေပါတယ်။ အန်တီရေ ဒေါ်ညွှန့် ညွှန့်ဦး ကြားရမယ်ထင်ပါတယ်ခင်ဗျား။ ဒေါ်ညွှန့်ညွှန့်ဦးရေ။ အခုအနေအထားမှာ တစုံတရာ ပြုပြင်ပြောင်းလဲမှု တွေ လုပ်မယ်ဆိုပြီးတော့ သမ္မတဦးသိန်းစိန်ကလည်း မိန့်ခွန်းတွေ၊ ဘာတွေ ပြောနေတာတွေ ရှိပါတယ်။ တဖက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း မနေ့ကဆိုလို့ရှိရင် တနာရီလောက် တွေ့ပါတယ်ခင်ဗျား။ သမ္မတ ဦးသိန်းစိန်ကလည်း ပြည်ပကိုရောက်နေတဲ့သူတွေကို ပြန်လာဖို့ဖိတ်ခေါ်တာတွေ၊ ဘာတွေလည်း အခုရှိနေပါပြီ။ အဲတော့ အခြေအနေတွေမှာ ဒေါ်ညွှန့်ညွန့်ဦးအနေနဲ့ နိုင်ငံရေးအကျဉ်းသားမိသားစုဝင်တဦး၊ မိခင်တဦးအနေနဲ့ ခံစားမှုကို သိချင်ပါတယ်။
“ကျွန်မအနေနဲ့ကတော့လေ။ သားတွေပြန်လာဖို့ အလွန်နီးစပ်နေတဲ့အနေအထားဆိုတာကို မျှော်လင့် ချက်တခုအနေနဲ့ အလွန်စိတ်လှုပ်ရှားလွန်းလို့ အိပ်လို့တောင် မရပါဘူး။ ဟုတ်လား။ ဒီမိုကရေစီအတွက်ကို တဘဝလုံးကို ပေးဆပ်ပြီးတော့ အနစ်နာခံနေတဲ့သားသမီးတွေ ဖြစ်တယ်လေ။ အထူးသဖြင့် ၈၈ မျိုးဆက် ခေါင်းဆောင်တွေဘဲ့ဖြစ်ဖြစ် အန်အယ်ဒီပါတီဝင်တွေဘဲ့ဖြစ်ဖြစ်၊ အရှင်ဂမ္ဘီရတို့၊ ကိုဇာဂနာတို့ဖြစ်ဖြစ်ပါ။ ကောင်း ကျိုးရလဒ်တွေအတွက်ကို တဘဝလုံး ပေးဆပ်အနစ်နာခံထားတဲ့သူတွေ ဖြစ်ပါတယ်။ အဲတော့ သူတို့အနေနဲ့ ကျမတွေးမိသလောက် ပြောရရင် ဒီမိုကရေစီနိုင်ငံကို ချီတက်မယ်ဆိုလို့ရှိရင် ဒီမိုကရေစီအတွက် ဘဝကို ပေး ဆပ်ရဲတဲ့လူတွေနဲ့ လက်တွဲလိုက်ရင် ခရီးသွက်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ဒီမိုကရေစီကို လိုလားသော် လည်းပဲ မိမိကိုယ်မိမိ မိုးစိုမှာစိုး၊ နေပူမှာစိုးနေတဲ့လူတွေနဲ့ သွားလို့ရှိရင် ကြန့်ကြာလိမ့်မယ်လို့ ကျမထင်ပါတယ်။ ဒါရိုးရိုးသားသားပြောတာပါ။ ကျွန်မအတွေးဟာ အရည်အချင်းမရှိတဲ့ အတွေးမျိုးလည်း ဖြစ်ကောင်းဖြစ်ပါလိမ့် မယ်။ သို့သော် ကျွန်မဟာ မိခင်တယောက်၊ နိုင်ငံသားတယောက်အနေနဲ့ ခံစားချက်ပါ။ ဒီနိုင်ငံတကာကို ရောက် နေတဲ့လူတွေကို ဖိတ်ခေါ်ပြီးတော့ တိုင်းပြည်ကို ပြုပြင်ကြပါဆိုရင် နည်းနည်းဝေးမနေဘူးလား။ ကျမတို့ အင်း စိန်မှာရှိတဲ့လူ၊ ပြည်မှာရှိတဲ့လူ၊ သာယာဝတီမှာရှိတဲ့လူ၊ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ဒီမိုကရေစီကို အလွန်လိုလား လွန်းအားကြီးလို့မှ တဘဝလုံးကို ပေးအပ်နေတဲ့လူငယ်တွေကို လက်တွဲလိုက်မယ်ဆိုရင်ကော ခရီးမြန်မြန် မရောက်ဘူးလား။ အခုနက အာဃာတတွေ၊ သင်ပုန်းချေမှုတွေ၊ နောက်မတရားမှုတွေကို ဖော်ထုတ်မှုတွေ၊ နောက်လူ့အခွင့်အရေးတို့ဆိုတာတွေက တစ်ကဏ္ဍသွားကြရမယ်လို့ ထင်ပါတယ်။ ဒါဟာလည်းဘဲ ကျွန်မအနေ နဲ့ သင်ပုန်းချေခြင်း၊ မချေခြင်း၊ ဒီအတွေးတွေထက် ကျွန်မအနေနဲ့ကတော့ ကျွန်မတို့တိုင်းပြည်ကို မြန်မြန်ထက် ထက် သာယာဝပြောဖို့၊ တချိန်တုန်းက အရှေ့တောင်အာရှရဲ့ ဆန်အိုးကြီးလို့ နာမည်ကြီးခဲ့တဲ့ ကျွန်မတို့ ရဲ့တိုင်းပြည်ဟာ သူများထက်နောက်ကျနေတာကို ကျွန်မအနေနဲ့ အရမ်းကြီးဘဲ့ မချင့်မရဲဖြစ်မိပါတယ်။ အဲဒါ ကြောင့်မို့လို့ ကျွန်မတို့တိုင်းပြည်ကြီး မြန်မြန်ဆန်ဆန် တိုးတက်ဖို့၊ လျှင်လျှင်မြန်မြန်နဲ့ ဒီမိုကရေစီပန်းတိုင်ဆီကို ရောက်ဖို့ဆိုလို့ရှိရင် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ၊ မင်းကိုနိုင်၊ ကိုကိုကြီး၊ ကိုမင်းဇေယျာစသဖြင့် ပေါ့။ နောက် တိုင်းပြည်နဲ့လူမျိုးအတွက် ကောင်းကျိုးရလဒ်ရဖို့အတွက် လုပ်မိလို့ ထောင်ကျခံနေရတဲ့လူတွေ ပေါ့။ အဲဒါတွေကို ကျွန်မတို့ပြန်ခေါ်ပြီးတော့ နိုင်ငံတကာကို ရောက်နေတဲ့ အင်အားတွေကိုလည်း ပြန်ခေါ်ပြီး တော့ လက်တွဲကျမယ်၊ ဖြေရှင်းကြမယ်ဆိုလို့ရှိရင် ကျွန်မတို့အနေနဲ့ ဒီမိုကရေစီနိုင်ငံကို မြန်မြန်ရောက်လိမ့် မယ်လို့ ကျွန်မထင်ပါတယ်ရှင့်။”
ဟုတ်ကဲ့ပါခင်ဗျား။ ဒါကတော့ နိုင်ငံသားတဦးလည်း ပြောရမယ်။ နောက်နိုင်ငံရေးအကျဉ်းသားတဦးရဲ့ မိခင်ရဲ့တဦးရဲ့အသံပါ။ ဒေါ်ညွန့်ညွန့်ဦးဖြစ်ပါတယ်။ ကျနော် ကိုအောင်မျိုးမင်းကို တခုလောက် မေးချင်ပါတယ် ခင်ဗျား။ အခုနက ဒေါ်ညွန့်ညွန့်ဦးလည်း ပြောသွားတာ ကြားမိမှာပါ။ သူကတော့ ဘာဘဲ့ပြောပြော ပြီးခဲ့တာတွေ ပြီးပါစေ။ အရှေ့ကိုဘဲ့ မြန်မြန်သွားကြပါစို့ဆိုပြီးတော့ ပြောနေပါတယ်ခင်ဗျား။ ဒီပုံစံမျိုးနဲ့ လူ့အခွင့်အရေး အခြေ အနေတွေကိုကော ဖြတ်လို့မရဘူးလား။ ကိုအောင်မျိုးမင်းရဲ့အမြင်ကို သိချင်ပါတယ်။
ဒီနေရာမှာ လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့သူတွေရဲ့ စိတ်ဆန္ဒက အရေးကြီးပါ တယ်။ လူ့အခွင့်အရေးချိုးဖောက်ခံရတဲ့သူတွေအနေနဲ့ သူတို့အပေါ်မှာ ကျူးလွန်ခဲ့တဲ့သူတွေအပေါ် ဘယ်လိုမျိုး တုန့်ပြန်ချင်ပါသလဲ။ ဒါမှမဟုတ်လို့ရှိရင် ဒီလိုမျိုးချိုးဖောက်ခံရတဲ့သူတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ဘယ်လိုမျိုး အသိအမှတ်စေချင်လဲ။ ဒီလိုမျိုး ဆန္ဒတွေကို ကျနော်တို့က ဒီအသွင်ကူးပြောင်းရေးကာလရဲ့ တရား မျှတမှုမှာ အမြဲတမ်းထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲတော့ ပထမဦးဆုံး ကျနော်တို့ပြောနေတာက ဒီလိုမျိုး ပြစ်မှုကျူးလွန်သူတွေကို အပြစ်ဒဏ်ပေးရမယ်ဆိုတာ ကျူးလွန်တဲ့သူတိုင်းကို အကုန်လုံးကို အပြစ်ဒဏ်ပေးရမယ်ဆိုတာ မဟုတ်ဘဲနဲ့ ဒီလိုမျိုး ကျူးလွန်ခဲ့တဲ့သူတွေက လူ့အခွင့်အရေးချိုးဖောက်မှုကို အမှန်တကယ်ကျူးလွန်ပါတယ်ဆိုတဲ့ ဝန်ခံချက်ကို ကျနော်တို့ ပထမဦးဆုံး လိုချင်တာပါ။ ဒါမှသာလျှင် ၆၂ ခုနှစ်ကစပြီးတော့ လမ်းပေါ်မှာ သေဆုံးခဲ့ရတဲ့ အာဇာနည်တွေရဲ့ သေဆုံးမှုဟာ အလဟဿမဟုတ်ဘဲနဲ့ သူရဲကောင်း တွေအနေနဲ့ ကျဆုံးးမှုတွေဖြစ်တာကို ကျနော်တို့ လိုချင်ပါတယ်။ နောက်တခုကတော့ ဒီလိုမျိုး အသိအမှတ်ပြုရုံ တင်မကဘဲနဲ့ ဒီလိုသေဆုံးသွားတဲ့သူတွေအပေါ်မှာ နစ်နာမှုတွေ၊ ထိခိုက်မှုတွေ ရှိပါတယ်။ အဲဒါကို တန်ရာတန် ကြေး ပြန်ပေးရတာပါ။ ကျနော်ဆိုလိုတာက ငွေကြေးအရမဟုတ်ပါဘူး။ ဒီအမှန်တရားအတိုင်း လုပ်ဆောင်ခဲ့တဲ့ သူတွေအတွက် အသိအမှတ်ပြုပြီးတော့ သူတို့ကို အသိအမှတ်ပြု၊ ဂုဏ်ပြုတဲ့ ဒီလိုမျိုးမှတ်တမ်းတင်တဲ့အချက် တွေ၊ သူရဲကောင်းဗိမာန်ဒါမျိုးတွေကို လုပ်ဆောင်သင့်ပါတယ်။ တခြားနိုင်ငံတွေမှာလည်း ဒီလိုမျိုး လုပ်ဆောင်ခဲ့ တာတွေ ရှိပါတယ်။ အဲတော့ နောက်တဆင့်ကတော့ တကယ်တမ်း ဆိုးဆိုးဝါးဝါးကျူးလွန်ခဲ့တဲ့သူတွေကိုတော့ ဒီနိုင်ငံတကာဥပဒေတွေအရ အပြစ်ပေးအရေးယူဖို့ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လူ့အခွင့်အရေး ချိုး ဖောက်မှုတွေမကဘဲနဲ့ နိုင်ငံတကာက သတ်မှတ်ထားတဲ့ရာဇဝတ်မှုတွေကို ကျူးလွန်တဲ့အဆင့်ရောက်ရင်တော့ တရားဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိဘူးလို့ အစိုးရရဲ့ ပြောနေတဲ့ပုံစံအတိုင်းဘဲ ကျူးလွန်တဲ့သူ တွေကို ကျူးလွန်တဲ့အပြစ်ဒဏ်အလိုက် အပြစ်ပေးတာတွေ ရှိပါတယ်။ အဲတော့ ကျနော်ဆိုလိုချင်တဲ့အချက် ကတော့ အားလုံးကို တသမတ်တည်းမဟုတ်ဘဲနဲ့ ခံစားရတဲ့သူတွေရဲ့ဆန္ဒတွေ၊ အသိအမှတ်ပြုမှုတွေ၊ နောက် တခါမှာ တကယ်အရေးယူသင့်တဲ့သူတွေကို အရေးယူရမယ်ဆိုတဲ့လုပ်ငန်းစဉ်အဆင့်ဆင့် ဒါတွေကို ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ်။ အဲဒီနေရာမှာဆိုလို့ရှိရင်လည်း တကယ်ထိခိုက်ခံစားခဲ့ရတဲ့သူတွေရဲ့ အသံ တွေ၊ ဆန္ဒတွေက အရမ်းကို အရေးကြီးပါတယ်။”
ဟုတ်ကဲ့။ ကိုအောင်မျိုးမင်း အခုနက ပြောသွားတဲ့အထဲမှာ ကျနော်သတိထားမိတာက Serious Crime ပေါ့နော်။ ဆိုးရွားတဲ့ရာဇဝတ်မှုတွေ ဖြစ်သွားတဲ့ကိစ္စတွေ၊ ဥပမာ- ဒါတွေက လူသတ်မှုဖြစ်ချင်ဖြစ်မယ်။ အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုတွေ ဖြစ်ကောင်းဖြစ်မယ်။ အဲဒီနေရာမှာ ကျူးလွန်ခံရတဲ့သူနဲ့ အမိန့်ပေးတဲ့သူဆိုတာ လည်း ရှိပါတယ်။ အမိန့်ပေးခဲ့တာက အခုလက်ရှိအစိုးရအဖွဲ့ထဲမှာပါတဲ့ ခေါင်းဆောင်ပိုင်းတွေတောင်မှ ဖြစ်ချင် ဖြစ်လာနိုင်တယ်။ အဲတော့ အဲဒီအခြေအနေမျိုးအထိ ဖြစ်လာရင်ရော ကျူးလွန်တဲ့သူတွေမှာ ပိုပြီးအပြစ်ကြီး လား။ အမိန့်ပေးတဲ့သူမှာ ပိုပြီးအပြစ်ကြီးလား။ အဲဒါနဲ့ ပတ်သက်လို့ အယူအဆလေး သိချင်ပါတယ်။
“ဟုတ်ကဲ့။ ပြစ်မှုကျူးလွန်တဲ့နေရာမှာ သာမန်အခြေအနေမှာ လုပ်ပိုင်ခွင့်ရှိတဲ့သူတယောက်က သူ့ရဲ့ လုပ်ပိုင်ခွင့်ကို အသုံးချပြီးတော့ ပြစ်မှုကျူးလွန်တယ်ဆိုလို့ရှိရင် ကျူးလွန်တဲ့သူအပေါ်မှာ အများကြီး မူတည်ပါ တယ်။ ဒါပေမယ့် ကျူးလွန်မှုတွေက ကျနော်တို့ပြောနေသလို တကယ့်ကို နေရာအနှံ့အပြားမှာ ဖြစ်ပြီးတော့ တကယ့်ကို Systematic ကျူးလွန်ဖို့အတွက် အမိန့်သဘောမျိုး၊ ဒါမှမဟုတ်လို့ရှိရင် အဲလိုမျိုး ကျူးလွန်ဖို့ အတွက် အားပေးအားမြှောက်ပြုတဲ့ပုံစံမျိုး၊ နောက်တခုက အဲလိုကျူးလွန်တဲ့သူကို အရေးယူဖို့မရှိဘူးဆိုရင် အဲဒီ တာဝန်ပိုင်းတာဝန်ရှိတဲ့သူတွေက အများကြီး သက်ရောက်မှုရှိလာပါတယ်။ ဒီဟာတွေက ကျနော်တို့ အခုလော လောဆယ်ဖြစ်နေတဲ့ War Crime လို့ခေါ်တဲ့ ဒီစစ်ပွဲဆိုင်ရာ ရာဇဝတ်မှုဥပဒေတွေကို ကျူးလွန်တဲ့သူတွေကို ခုံရုံးတင်စစ်ဆေးတဲ့ ICC အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုဆိုင်ရာတရားရုံးရဲ့ ကျင့်ထုံးတွေမှာ အများကြီး ပါပါ တယ်။ အဲတော အမိန့်စီးဆင်းမှု ဘယ်လောက်ထိ ရှိလဲ။ နောက်တခါ ဒီလိုကျူးလွန်ဖို့အတွက် ဘယ်လောက် အထိ တာဝန်ယူမှုရှိလဲ။ ကျူးလွန်တဲ့သူတွေအများကြီးကို အပြစ်ပေးအရေးယူမှုမပြုဘဲနဲ့ မျက်မှောက်ပြုခြင်း ဟာလည်း ဒီအပေါ်ပိုင်းသူတွေအပေါ်မှာ တာဝန်ရှိတယ်ဆိုတဲ့သတ်မှတ်ချက်တွေ၊ စီရင်ထုံးတွေ ရှိပါတယ် ခင်ဗျား။”
ကိုအောင်မျိုးမင်းရေ။ ကျေးဇူးပါ။ ကိုဘိုကြည်ကိုလည်း တဆက်တည်း မေးသွားချင်ပါတယ်။ ကိုဘို ကြည်တို့အနေနဲ့ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ Issue တွေကို လုပ်နေတဲ့အခါကတော့ ဗမာပြည်မှာ ပြောရရင် နိုင်ငံရေးအကျဉ်းသားတွေရဲ့ အင်အားကလည်း မနည်းပါဘူး။ အဲတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ လွတ်မြောက်ရေးတင်မကဘဲနဲ့ အသွင်ကူးပြောင်းရေးကာလမှာ ဒီကိစ္စနဲ့ ပတ်သက်လို့ ဒီနိုင်ငံရေးအကျဉ်းသား တွေထဲမှာလည်း ထောင်ထဲမှာ သေသွားတဲ့၊ ကျဆုံးသွားတဲ့၊ အသတ်ခံရတဲ့ နိုင်ငံရေးအကျဉ်းသားတွေလည်း ရှိတယ်လို့ ကျနော်တို့ သိရပါတယ်။ နောက်ညှင်းပမ်းနှိပ်စက်ခံရတဲ့ကိစ္စတွေလည်း ရှိပါတယ်။ အဲတော့ ဒီကိစ္စ တွေနဲ့ပတ်သက်လို့ အသွင်ကူးပြောင်းရေးပိုင်းနဲ့ ပတ်သက်လို့ ဘာများစဉ်းစားထားသလဲ။
“အသွင်ကူးပြောင်းရေးကာလမှာတော့ သင်ပုန်းချေရေးဆိုတာမျိုးတွေကိုတော့ နိုင်ငံရေးခေါင်းဆောင် တွေက ပြောကြမှာပါ။ အဲတော့ သင်ပုန်းချေရေးပြောလိုက်ရုံနဲ့ ကျနော်တို့က အနှိပ်စက်ခံရတဲ့သူတွေအတွက် ဘာမှမပြောဘဲနဲ့ ရေငုံနှုတ်ပိတ်နေလို့တော့ မဖြစ်ပါဘူး။ ကျနော်တို့ အနှိပ်စက်ခံရတဲ့လူတွေရဲ့ပုံစံကို ပြောရမယ် ဆိုလို့ရှိရင်တော့ ကိုအောင်မျိုးမင်းပြောခဲ့သလိုဘဲ့။ ကျနော်တို့အတိတ်မှာ ဒီဟာတွေ ဖြစ်ခဲ့တယ်။ ဒီဟာတွေ ဖြစ်ခဲ့တဲ့အတွက် ဒီလူတွေဟာ ပေးဆပ်ခဲ့ရတယ်။ အဲဒီလူတွေအတွက် ထိုက်တန်တဲ့ဂုဏ်ပြုမှုတွေကို ကျနော်တို့ လုပ်ပေးဖို့ လိုတယ်။ နောက်တခုက Rehabilitation ပေါ့။ သူတို့ကို တကယ်လူမှုဘဝတွေထဲကို၊ ပုံမှန်ဘဝတွေ ထဲကို ပြန်ရောက်လာဖို့အတွက် ကျနော်တို့ Rehabilitation တွေကို သေချာပြန်လုပ်ဖို့ လိုအပ်ပါတယ်။ ပြန် လည်ပြုစုပျိုးထောင်ရေးတွေ။ အဲလိုပြန်လည်ပြုစုပျိုးထောင်ရေးတွေကို လုပ်တဲ့အခါမှာ သက်ဆိုင်ရာ အသွင်ကူးပြောင်းရေး အစိုးရကနေပြီးတော့ အရင်တုန်းက ဖြစ်ပျက်ခဲ့တာတွေက ဖြစ်ပျက်ခဲ့တယ်ဆိုတာကို ဝန်ခံဖို့လိုတယ်။ ဝန်ခံပြီးလို့ရှိရင် ဒီလိုမျိုး ငွေကြေးအကုန်အကျ အမြောက်အများခံပြီးတော့ကို ပြန်လည် ပြုစုပျိုးထောင်ရေးကဏ္ဍတွေကို သေသေချာချာ လုပ်သင့်တယ်။ အဲဒီလို သေသေချာချာလုပ်တဲ့အခါကျတော့ မှဘဲ့ ခံစားခဲ့ရတဲ့သူတွေကလည်း အတိတ်ကို သင်ပုန်းချေနိုင်မှာဖြစ်သလို သူတို့ရဲ့ပုံမှန်ဘဝထဲကို ပြန်ရောက် ဖို့အတွက် သူတို့က ပြန်လည်ကြိုးစားလာကြမှာ ဖြစ်ပါတယ်။ အဲလိုမဟုတ်ဘူးဆိုလို့ရှိရင် ဒီလူတွေကို မသိချင် ယောင်ဆောင်ပြီး ထားမယ်ဆိုလို့ရှိရင်တော့ ဒါက သိပ်ပြီးတော့ မတရားရာကျပါတယ်။ ဆိုတဲ့အခါကျတော့ ကျနော်တို့ကလည်း အသွင်ကူးပြောင်းရေးကာလမှာဆိုလို့ရှိရင် ပြန်လည်ပြုစုပျိုးထောင်ရေးဆိုတဲ့ဟာကို ကျနော်တို့ တစိုက်မတ်မတ်နဲ့ ဆက်ပြီး လုပ်သွားရမယ်။ အဲဒီလိုလုပ်တဲ့အခါမှာ အသွင်ကူးပြောင်းရေးကာလ အစိုးရကော၊ အထဲမှာရှိနေတဲ့ ပြည်သူလူထုကော တခြားအန်ဂျီအိုတွေကိုကော ပူးပေါင်းလုပ်ဆောင်သွားမှ ဒီလို ကိစ္စတွေက ကျယ်ကျယ်ပြန့်ပြန့် ပိုပြီးတော့ လုပ်သွားနိုင်မှာ ဖြစ်ပါတယ်။”
ဦးအောင်သိန်းကို တဆက်တည်း မေးချင်ပါတယ်။ ဦးအောင်သိန်းက လူ့အခွင့်အရေးအမှုတွေပေါ့၊ ကလေးစစ်သားလည်း ပါတယ်၊ နိုင်ငံရေးအကျဉ်းသားလည်း ပါတယ်၊ တခြားလူ့အခွင့်အရေးချိုးဖောက်ခံရတဲ့၊ အမှုတွေ၊ ကိစ္စတွေလည်းပါတယ်။ အဲဒါတွေကို လိုက်လံဆောင်ရွက်ပေးနေတော့ သူတို့ဖက်က အမြင်သဘော ထားလား သိချင်ပါတယ်။ တကယ်တမ်း တွေ့ဆုံဆွေးနွေးရေးကို လုပ်ကြပြီ။ ညှိနှိုင်းကြပြီ။ အမျိုးသားပြန်လည် သင့်မြတ်ရေးကို လုပ်ကြပြီ။ အနစ်နာ ခံစားခဲ့ရတဲ့သူတွေဖက်က တကယ်ဘဲ့ သင်ပုန်းချေနိုင်ရဲ့လား။ အာဃာတ တရားတွေကို ဖျောက်နိုင်ရဲ့လား။ သူတို့ရဲ့အမြင်ကို ဦးအောင်သိန်းက ကိုယ်စားပြုပြီးတော့ နည်းနည်းလေး အမြင်သဘောထားလေးကို ပြောကြည့်ပေးပါအုံး။
“နစ်နာခံရသူကတော့ဗျာ။ ဘယ်အလွယ်တကူနဲ့ ဘယ်ကျေနပ်နိုင်မလဲနော်။ ဒါပေမယ့် သူတို့ကို ပြန် လည်ဖြေဖျောက်မှုရအောင်၊ သူတို့ရဲ့နစ်နာမှုတွေကို တနည်းတဖုံနဲ့ ကုစားမှုပေးနိုင်မယ့်၊ သူတို့ယုံကြည်တဲ့ အစိုးရမျိုး၊ သူတို့ယုံကြည်တဲ့ တရားဥပဒေစိုးမိုးမှုတွေ၊ အခြေအမြစ်ရှိရှိနဲ့ ပြုလုပ်ပေးသွားမယ်ဆိုလို့ရှိရင် ဒီပြစ်မှု ကျူးလွန်တဲ့သူတွေအပေါ်မှာ သူတို့ရဲ့ ဖြေဖျောက်မှုတွေက တစုံတရာသက်သာမှုလေးတွေတော့ ရှိမှာပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ မတရားခံရတဲ့သူတယောက်က သူဟာ မတရားခံရတယ်လို့ ယုံကြည်နေသရွေ့ သူ့ရဲ့ တန်ပြန်ထိုးနှက်မှုကို မပြုလုပ်နိုင်ဘူးဆိုရင်တောင်မှ သူဟာ အဲဒီလိုချည်းဘဲ့ ကြိတ်မှိတ်ပြီး ငြိမ်ခံနေမယ်လို့တော့ ကျနော်တို့ မယူဆဘူး။ သို့ပေမယ်လို့ ကျနော်တို့ လူမျိုးတွေရဲ့ စိတ်ဓါတ်ကလည်း ပြီးပြီးလွယ်လွယ် ပြေပြေ ပျောက်ပျောက် နေတတ်တဲ့လူမျိုးဖြစ်လို့လည်း တပိုင်းဖြစ်တာပေါ့နော်။ ခွင့်လွှတ်တတ်တဲ့ စိတ်ဓါတ်ကလည်း အင်မတန်ရှိတတ်ပါတယ်။ သို့ပေမယ့် ဒီဟာကိုလည်း အခွင့်ကောင်းတရပ်အနေနဲ့ တာဝန်ရှိသူတွေက မယူသင့် ဘူးဗျာ့။ အခုကျနော်တို့ ဖွဲ့စည်းပုံမှာကို ကြည့်။ ပြီးခဲ့တဲ့ ပြုလုပ်ခဲ့တဲ့ဟာတွေကို နောက်ကြောင်းပြန်ပြီး အရေးယူ မှုမရှိရဆိုပြီး အဲဒီလိုက အခြေခံဥပဒေမှာကို အကာအကွယ်ယူထားတာတွေ ရှိနေတယ်။ အဲဒီလို ထည့်သွင်း ဖော်ပြထားတဲ့ အခြေခံဥပဒေကြီးက ဘယ်လောက်များ ခိုင်မာမှုရှိလာမလဲ။ ဘယ်လိုအခြေခံမျိုးတွေမှာ ဘယ်သူ တွေက ပြုပြင်ဖို့ကြိုးစားကြမလဲဆိုတာကို ကျနော်တို့ စဉ်းစားရမှာပါ။ ကျူးလွန်တဲ့သူနဲ့ ကျူးလွန်ခံရတဲ့သူက တော့ ပြေပျောက်အောင် ဘယ်လောက်ဘဲ့ နှစ်သိမ့်နှစ်သိမ့်။ အနာပျောက်သွားမယ်။ ဒဏ်ရာဒဏ်ချက်တွေက တော့ ကျန်ခဲ့အုံးမှာဘဲ့။ ဒါတွေဟာ အများနဲ့သက်ဆိုင်ပြီးတော့ ဝိုင်းဝန်းပြီးတော့ စဉ်းစားပေးရမယ့်တာဝန်တွေ ဟာ ကျနော်တို့ အုပ်ချုပ်မယ့်အစိုးရတွေမှာ တာဝန်ရှိတယ်။ အထူးသဖြင့် ကျနော်တို့နိုင်ငံတွေမှာက လယ်ယာ စိုက်ပျိုးတဲ့နိုင်ငံ။ လယ်ယာစိုက်ပျိုးစားသောက်တဲ့လူတွေကို လယ်မြေတွေ သိမ်းပိုက်လိုက်တယ်ဗျာ။ စစ်တပ်က လည်း သိမ်းတယ်။ ကုမ္ပဏီတွေကလည်း သိမ်းတယ်။ မတန်တဆလျော်ကြေးလေးတွေ ပေးတယ်။ ပြီးတော့ အဲဒီလယ်ယာမြေကို သိမ်းပြီးတော့ လူထုကိုအကျိုးပြုတဲ့အတွက်ကို လုပ်တာလားဆိုတော့ မဟုတ်ဘူး။ အကွက်ရိုက်ပြီး ရောင်းစားပြီးတော့ လုပ်ပစ်တယ်။ အဲဒီလိုမြေကြီးတွေကို မြင်နေရတဲ့လယ်သမားတွေရဲ့ ဘဝ တွေမှာ ဘယ်လိုစိတ်ခံစားမှုတွေ ရှိနေမလဲ။ သူတို့ကျတော့ သိန်းပေါင်း ထောင်နဲ့သိန်းနဲ့ချီပြီး ရောင်းစားကြ တယ်။ ဒီလယ်သမားကျတော့ အဲဒီမြေတကွက်လေးကို ပြန်ပြီးတော့ ပေးဖို့တောင် မစဉ်းစားကြဘူး။ လယ်မဲ့ ယာမဲ့ဘဝတွေ ဖြစ်လာတယ်။ အဲဒီလယ်သမားတွေက ဆိုက်ကားထွက်နင်းရတယ်။ ကုန်ထမ်းသမားတွေဖြစ်ပြီး သူတို့ရဲ့ဘဝတွေဟာ ပျက်လာတယ်။ ဒီလိုလူတွေရဲ့ဘဝတွေကို ဘယ်လိုကုစားကြမလဲ။ ဒါကျနော်တို့ လယ် ယာစိုက်ပျိုးတဲ့နိုင်ငံအနေနဲ့ ကျနော်တို့ ဒါအဓိကထားပြီး စဉ်းစားပေးရမယ်။ အဲတော့ ကျနော်တို့က လွယ်လွယ် ကူကူလေးနဲ့ ကျနော်တို့က ဥပဒေရဲ့ရှေ့မှောက်မှာ လူတိုင်းတန်းတူညီမျှမှုရှိရမယ်ဆိုတဲ့ အခြေခံ အပြည်ပြည် ဆိုင်ရာ လူအခွင့်အရေးကြေငြာစာတမ်းကြီးကို ပြောနေပေမယ့် အဲဒီလို ရှေ့မှောက်မှာ တန်းတူညီတူရှိအောင် ဘယ်လိုလုပ်ကြမလဲဆိုတဲ့ဥစ္စာ အခြေခံအားဖြင့်စပြီး ပြုပြင်လာမှ ဖြစ်တယ်လို့ ကျနော့်ဘက်က အဲလိုမြင်ပါ တယ်။”
ဟုတ်ကဲ့။ ဦးအောင်သိန်းကျေးဇူးပါ။ နောက်ထပ်ဆွေးနွေးချင်တဲ့ သောတရှင်တဦးလည်း လေလှိုင်းပေါ် ကို ရောက်နေပါတယ်။ ကိုစစ်အောင်နိုင်၊ ထိုင်းနိုင်ငံက ထင်ပါတယ်။ ကိုစစ်အောင်နိုင် ကြားရပါသလားခင်ဗျား။ ဟုတ်ကဲ့။ ဆွေးနွေးလို့ရပါတယ်ခင်ဗျား။ တိုတိုတုတ်တုတ်ပေါ့။
“ပထမဦးဆုံး ကျနော်ပြောချင်တာကတော့ အစီအစဉ်တင်ဆက်ပေးတဲ့ ကိုသားညိုဦးနဲ့အတူ ဗွီအိုအေ ဝိုင်းတော်သားအားလုံးကို တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာ ပါဝင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျနော်ဆွေးနွေးချင်တာကတော့ အသွင်ကူးပြောင်းရေးကာလနှင့် လူ့အခွင့်အရေးအခြေအနေ အကြောင်းကို အသွင်ကူးပြောင်းရေးကာလနှင့် လူ့အခွင့်အရေးအခြေအနေကို ဖြစ်ပေါ်လာစေဖို့ ပြောရမယ်ဆိုလို့ရှိရင် အသွင် ကူးပြောင်းထားတဲ့ လက်ရှိအာဏာပိုင်အစိုးရအပေါ်မှာ တာဝန်ရှိပြီးတော့ အဓိကလုပ်ဆောင်နိုင်တယ်ဆိုတာကို ကျနော်မြင်မိပါတယ်ခင်ဗျား။ ဘာဖြစ်လို့လဲဆိုတော့ သမ္မတဦးသိန်းစိန်ဟာ သူ့မှာ စစ်မှန်တဲ့စေတနာအမှန်သာ နိုင်ငံအကျိုးအတွက် တကယ်လိုလားပြီးတော့ ရှိမယ်ဆိုရင် အသွင်ကူးပြောင်းရေးကို လုပ်ဆောင်ဖို့ အချက် (၃) ချက်ရှိပါတယ်ခင်ဗျား။ ပထမတချက်အနေနဲ့ ပြောရမယ်ဆိုရင်တော့ မြန်မာပြည်သူတရပ်လုံးက နိုင်ငံရေး အကျဉ်းသား ၂၀၀၀ ကျော်ကို လုံးဝကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးဖို့ လိုအပ်ပါတယ်ခင်ဗျား။ ဒုတိယ တချက်အနေနဲ့ကတော့ အတိုက်အခံအဖွဲ့အစည်းအားလုံးနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုကို အများဆုံးခံခဲ့ရတဲ့ တိုင်းရင်းသားဒေသတွေရဲ့ ခေါင်းဆောင်တွေပါဝင်တဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပွဲကို မဖြစ်မနေ ချက်ချင်းအကောင် အထည်ဖော်ပေးဖို့ လိုအပ်နေပါတယ်ခင်ဗျား။ နံပါတ် (၃)ချက်အနေနဲ့ကတော့ မြန်မာပြည်တပြည်လုံးကို ဖျက် ဆီးမယ့် ဧရာဝတီမြစ်ဆုံးစီမံကိန်းနဲ့ ပတ်သက်ပြီးတော့ လုပ်ဆောင်နေမှုများကို ချက်ချင်းကို ရပ်တန့်ပစ်ပေးဖို့ အရေးတကြီးကို လိုအပ်နေတယ်ဆိုတာကို တွေ့ရပါတယ်ခင်ဗျား။”
ဟုတ်ကဲ့။ ကိုစစ်အောင်နိုင်ရေ။ ကျေးဇူးပါခင်ဗျား။ ဒါနဲ့ ပတ်သက်လို့ နောက်ဆုံး ကိုအောင်မျိုးမင်းကို မေးချင်ပါတယ်ခင်ဗျား။ ကိုအောင်မျိုးမင်းရေ။ အချိန်လည်း သိပ်မရလို့ပါ။ တမီနစ်ဖြစ်ဖြစ်ပေါ့နော်။ ကိုအောင်မျိုး မင်းအခုနက ပြောသွားတဲ့အချက်တွေထဲမှာ တော်တော်လေး ပြည့်ပြည့်စုံစုံ ပါဝင်နေတာကို တွေ့ရပါတယ်။ အဲ တော့ ရင်ကြားစေ့ရေးကို အခုလုပ်နေတဲ့အချိန်မှာ လူ့အခွင့်အရေးကိစ္စတွေကို ပြောလို့ရှိရင် ဘယ်ကနေပြီးတော့ အစပြုသင့်လဲဆိုရင် ကိုအောင်မျိုးမင်းဘယ်လိုများ အကြံပြုချင်ပါသလဲခင်ဗျား။
“ပထမဦးဆုံး ဒီရင်ကြားစေ့ရေးဆွေးနွေးနေတဲ့ဟာက အနာဂတ်အတွက် ဖြစ်ပါတယ်။ ဒါပေမယ့် အနာ ဂတ်မှာ ကျနော်တို့ ဆက်ပြီးတော့ ဆွေးနွေးနေတဲ့အချိန်မှာဘဲ့ ဖြစ်ခဲ့တဲ့လူ့အခွင့်အရေးကိစ္စတွေကို ဘယ်လိုမျိုး ကျနော်တို့ ဖော်ထုတ်မလဲ။ ဒီလိုဖော်ထုတ်မှ အနာဂတ်မှာ ဒီလိုမျိုး လူ့အခွင့်အရေးကျူးလွန်မှုတွေ ဆက်ပြီးမဖြစ် နိုင်အောင် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ အဲတော့ သမိုင်းမှာဖြစ်ခဲ့တဲ့ဟာတွေကို တကယ့်ကို မှတ်တမ်းတင်ပြီး တော့ နောက်တခါမှာ ဒီလိုမျိုး အမှားမျိုးမဖြစ်ဖို့အတွက် အရေးယူဆောင်ရွက်မှုတွေ၊ ဒါတွေကို ကာကွယ်နိုင် မည့်နည်းလမ်းတွေကို ထည့်သွင်းစဉ်းစားမှသာ ကောင်းမွန်ခိုင်မာတဲ့ အသွင်ကူးပြောင်းရေးကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။”
ဟုတ်ကဲ့။ ကိုအောင်မျိုးမင်းရေ။ ကျေးဇူးတင်ပါတယ်။ အဓိကပါဝင်ဆွေးနွေးပေးကြတဲ့ ကိုအောင်မျိုး မင်း၊ ကိုဘိုကြည်၊ ဦးအောင်သိန်းနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျား။
August 24, 2011
အသွင်ကူးပြောင်းရေးတရားမျှတမှုနှင့် မြန်မာနိုင်ငံ
Labels:
အသွင်ကူးပြောင်းရေးဆိုင်ရာ