October 08, 2011

ကချင်စစ်ပြေးဒုက္ခသည် ထောင်ပေါင်းများစွာ အိုးအိမ်မဲ့ဖြစ်

ကေအိုင် အေ(ကချင်လွတ်မြောက်ရေးတပ်မတော်) နဲ့ အစိုးရတပ်တွေအကြား လေးလကြာ တိုက်ပွဲကာလအတွင်း ဒေသခံ နှစ်သောင်းခွဲကျော် အိုးမဲ့အိမ်မဲ့ဖြစ်သွား တယ်လို့ ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီးအစည်းအရုံးက ပြောပါတယ်။

October 7, 2011 နော်နိုရင်း (DVB)
ကေအိုင်အေနဲ့ အစိုးရအကြား ၁၇ နှစ်ကြာ အပစ်ခတ်ရပ်စဲမှုဟာ ပြီးခဲ့တဲ့ဇွန်လ ၉ ရက်နေ့မှာ အစိုးရတပ်ဘက်က ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တဲ့အတွက် ပျက်ပြယ်သွားပါတယ်။

တိုက်ပွဲကာလ လေးလအတွင်း ကချင်ပြည်နယ် ဗန်းမော်ခ ရိုင် မိုင်ဂျာယံအနီးတဝိုက်က ဒေသခံ ၂၀,၀၀၀ လောက် တရုတ်နယ်စပ်ဘက် ထွက်ပြေးတိမ်းရှောင်သွားကြပြီး အိုးအိမ်မဲ့နေကြရတာလို့ ကချင်အမျိုးသမီးအစည်း အရုံး (KWAT) တာဝန်ခံ မွန်းနေလီက ပြောပါတယ်။

ခုလိုထွက် ပြေးတိမ်းရှောင်နေရသူတွေဟာ နေရေးစားရေး အခက်ကြုံနေကြပြီး လက်ရှိကူညီနေတဲ့ ကချင်လူမျိုးအသိုင်းအဝိုင်း ကလည်း ရေရှည်မကူညီနိုင်ဘူးလို့ လည်း မွန်းနေလီက ပြောပါတယ်။
“နိုင်ငံတကာက နေ ကြည့်ရှုကူညီတယ်ဆိုတာလည်း မရှိတဲ့အခါကျတော့ သူတို့ရဲ့ စားဝတ်နေရေးက တော်တော်လေးကို ပြဿနာဖြစ်နေတယ်။ အခုဆိုရင် မိုးရာသီဆိုတော့ မိုးကလည်းရွာတယ်၊ ဆောင်းတွင်းလည်း ဝင်ခါနီးပြီဆိုတော့ အေး တဲ့ဒဏ်တွေလည်း ခံနေရပြီပေါ့နော်။ စောင်တွေ မလုံလောက်တာတွေ၊ မိုးရွာပြီးတော့ နာမကျန်းတဲ့လူတွေ ပိုများတယ်။ လူကြီးတွေ၊ ကလေးတွေဆို ပိုပြီးတော့ မခံနိုင်ဘူး။ ဖျားနာတဲ့ဟာတွေ၊ ကလေးတွေဆိုရင် အာဟာရ ချို့တဲ့ပြီး ရောဂါတွေ ဖြစ်နေတယ်။”

တရုတ်နယ်စပ်ကိုမသွား တဲ့ လူဦးရေ ၅,၀၀၀ လောက်က မြစ်ကြီးနား၊ ဗန်းမော်နဲ့ ဝိုင်းမော်မြို့တို့ဘက်ကို ထွက်ပြေးခိုလှုံနေကြပြီး အကူအညီမဲ့နေကြတယ် လို့ဆိုပါတယ်။

အစိုးရကလည်း ပြည်တွင်း အန်ဂျီအိုအဖွဲ့တွေကို ကူညီခွင့် ပိတ်ပင် ထားတာကြောင့် အစားအသောက်၊ ရာသီဥတုဒဏ်ကြောင့် သက်ကြီးရွယ်အိုတွေနဲ့ ကလေးငယ်တွေ ဖျားနာသေဆုံးတာတွေရှိတယ်လို့လည်း ပြောပါတယ်။

“သူတို့ကို တကယ့် ကြီးကြီးမားမား အန်ဂျီအိုကနေ ထောက်ပံ့တဲ့ဟာက အခု အချိန်ထိ ဘာမှမရှိသေးပါဘူး။ UNHCR ဆိုလို့ရှိရင်လည်း ရန်ကုန်မှာ အခြေစိုက် တာပေါ့နော်၊ ဒါပေမဲ့ သူတို့ကလည်း အစိုးရရဲ့အောက်ကဆိုတော့ ခွင့်မပြုတဲ့ဟာဆို သူတို့ ဘာမှလုပ်လို့မရတဲ့အပိုင်းမှာ ရှိတယ်။ ကလေးတွေဆိုရင် ဝမ်းလျှောရောဂါ တွေနဲ့ သေဆုံးတာရှိတယ်။ လူကြီးတွေဆိုရင် ရာသီဥတုဒဏ်မခံနိုင်ဘူး။ နေရတဲ့ နေရာကလည်း လေအေးကာကွယ်နိုင်တဲ့ဟာ မဟုတ်ဘူးဆိုတော့ များသောအားဖြင့် အသက်ကြီးပိုင်းတွေ သေဆုံးတာများတယ်။”

ခုချိန်ထိ စစ်ပြေးဒုက္ခသည် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အို ၂၀ လောက် သေဆုံးခဲ့ရပြီလို့ ပြောပါတယ်။
ဒါ့အပြင် စစ်ပွဲကာလအတွင်း ကချင်အမျိုးသမီး ၃၇ ဦး အဓမ္မပြုကျင့်ခံရပြီး ၁၅ ဦး အသတ်ခံခဲ့ရတယ်လို့လည်း ဒီနေ့ထုတ်ပြန်တဲ့ ကချင်အမျိုးသမီးအစည်းအရုံး အစီရင်ခံစာမှာ ဖော်ပြပါတယ်။

အစိုးရစစ်တပ် တွေဟာ ရှမ်းပြည်နယ်မြောက်ပိုင်းက ကေအိုင်အေ တပ်မဟာ ၄ အခြေပြု တပ်ရင်းတွေကို ပြီးခဲ့တဲ့သီတင်းပတ်က ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲတွေ ဖြစ်နေပြီး ထောင်နဲ့ချီတဲ့ရွာသားတွေ ထွက်ပြေးကုန်ကြပါတယ်။ ဒီစစ်ပြေးဒုက္ခသည် တွေဟာ နယ်စပ်ဘက်ကိုလည်းမရောက် မြို့ဘက်ကိုလည်းမသွားနိုင်ဘဲ တောတွင်း မှာ ထွက်ပြေးတိမ်းရှောင် အသက်ဆက်နေကြရတယ်လို့လည်း ကချင်အမျိုးသမီးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP