July 22, 2009

ASEAN Human Rights (AICHR) နှင့်ယနေ့လက်ရှိမြန်မာနိုင်ငံ

ထိုင်းနိုင်ငံမှာ ၁၇-၀၇-၂၀၀၉ နေ့ စတင်ကျင်းပတဲ့ ၄၁ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ အာဆီယံ လူ့အခွင့်အရေးကော်မရှင် သီးသန့်ဖွဲ့စည်းဖို့ ကိစ္စကို အဓိကထား ဆွေးနွေးမယ့်အစီအစဉ်ထဲမှာ ထည့်သွင်းထားပါတယ်။ ဒါပေမယ့် အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ မြန်မာစစ်အစိုးရရဲ့ ဒီလူ့အခွင့်အရေး ပြောင်ပြောင်တင်းတင်း ချိုးဖောက်မှုတွေဟာ ဒေသတွင်း တရားဝင် လူ့အခွင့်အရေးကော်မရှင် ပေါ်ပေါက်မှုအတွက် စိန်ခေါ်မှုဖြစ်နေပြီးတော့ ဒါကို အာဆီယံအနေနဲ့ ထိထိရောက်ရောက် မဖြေရှင်းနိုင်ဘူးဆိုရင် လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်တဲ့ အာဆီယံအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ ကို ထိခိုက်သွားမှာဖြစ်တယ်လို့ ဒေသတွင်း လူမူ့အဖွဲ့အစည်းပေါင်း (၆ဝ) ကျော်က ဒီကနေ့မှာ သတိပေး ပြောဆိုလိုက်ပါတယ်။ အကြောင်းစုံကို ဘန်ကောက်မြို့ကိုရောက်နေတဲ့ မအင်ကြင်းနိုင်က ဆက်လက်တင်ပြပေးမှာပါ။

မအင်ကြင်းနိုင်။ ။ မြန်မာနိုင်ငံမှာ လက်ရှိဖြစ်နေတဲ့ လူ့အခွင့်အရေး အခြေအနေတွေဟာ ၂ဝဝ၈ ခုနှစ်က အတည်ပြု ပြဌာန်းခဲ့တဲ့ အာဆီယံ လူ့အခွင့်အရေး ပဋိညာဉ်စာချုပ်ကို ချိုးဖောက်နေတဲ့အတွက် အခုကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ဆွေးနွေးအဖြေရှာဖို့ လူထုအခြေပြု လူမှုအဖွဲ့အစည်းပေါင်း (၆၉) ဖွဲ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ ပဋိညာဉ်စာချုပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်ဖို့ လုပ်ထုံးလုပ်နည်းတွေ ရှိလာတဲ့အပေါ်မှာ အာဆီယံအနေနဲ့ မြန်မာ့အရေးကို ဝင်ရောက်ဆောင်ရွက်ဖို့ တာဝန်ရှိလာတယ်လို့ အာဆီယံနဲ့ မြန်မာအလုပ်အဖွဲ့ တာဝန်ခံလည်းဖြစ်၊ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ဦးအောင်မျိုးမင်း။ ။ ဒီအာဆီယံ ပဋိညာဉ်ရဲ့ အပိုဒ် (၂) မှာ ပါပါတယ်။ အာဆီယံနိုင်ငံတွေအတွင်းမှာ တရားဥပဒေ စိုးမိုးမှုရယ်၊ ကောင်းမွန်တဲ့ အုပ်ချုပ်မှုပုံစံနဲ့ ဒီမိုကရေစီ ထွန်းကားဖို့ လုပ်ပေးရမယ်။ နောက်တခါမှာ အခြေခံလူ့အခွင့်အရေးနဲ့ လူ့အခွင့်အရေးတွေ၊ လူမှုတရားမျှတမှုတွေကို လေးစားရမယ်။ ဒီဟာတွေ နောက်တခါ ဒေသအတွင်း ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို တိုးတက်အောင် လုပ်ဆောင်ရမယ်လို့ ပါပါတယ်။ အခုလက်ရှိ အခြေအနေကို ကြည့်မယ်ဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့ ပုံစံက တရားဥပဒေစိုးမိုးရေးဆိုတာ လုံးဝမရှိဘူး။ နောက် ဒီမိုကရေစီအရ ကျင့်သုံးမှုတွေ လုံးဝမရှိဘူး။ နောက်တခါမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးဖြစ်နေတယ်။ နောက်ဒေသတွင်းမှာ အခုဆိုလို့ရှိရင် မြန်မာနိုင်ငံရဲ့အရေးဟာ ဒေသအတွင်းမှာ ဖြစ်လာပါတယ်။ ဒုက္ခသည်တွေ၊ ရွှေ့ပြောင်းအလုပ်သမားတွေ၊ နောက်တခါ မူးယစ်ဆေးဝါး ကုန်သွယ်မှုတွေ၊ နောက်ဆုံး ကျနော်တို့ မြန်မာနိုင်ငံအတွင်းမှာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်နေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတော့ ဒေသတွင်းလုံခြုံမှုကို ထိခိုက်တဲ့အတွက် အာဆီယံချာတာအရ မြန်မာနိုင်ငံအရေးကို ဝင်ရောက်ဖြေရှင်းဖို့အတွက် လိုကိုလိုအပ်နေပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ တဖက်မှာက အာဆီယံအနေနဲ့ အဖွဲ့ဝင်နိုင်ငံတွေရဲ့ ပြည်တွင်းရေးကို ဝင်ရောက်မစွက်ဖက်ရေးမူ ချမှတ်ထားတဲ့အခါကျတော့ မြန်မာနိုင်ငံကိစ္စကို သူတို့ ဘယ်လိုနည်းလမ်းနဲ့ ကိုင်တွယ်ဖြေရှင်းလို့ ရမလဲရှင့်။

ဦးအောင်မျိုးမင်း။ ။ ဒီလိုမျိုး အာဆီယံအဖွဲ့ဝင် အဖွဲ့တွေရဲ့ တင်ပြချက်ကို တကယ်တန်း ချိုးဖောက်တယ်၊ ပူးပေါင်းဆောင်ရွက်မှု မရှိဘူးဆိုလို့ရှိရင် အာဆီယံ အထိတင်ပြီးတော့ ဆုံးဖြတ်ချက်ချဖို့အတွက် လုပ်ထုံးလုပ်နည်း တခုပါဘဲ။ ဒါကြောင့်မို့လို့ကျနော်တို့က အာဆီယံစာချုပ်မှာ မြန်မာနိုင်ငံအရေးကို သီးသန့်ဆွေးနွေးပြီးတော့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံကို ပြုပြင်ပြောင်းလဲမှုလုပ်နိုင်မယ့် လမ်းကြောင်းတွေ ပေါ်လာဖို့အတွက် ဆုံးဖြတ်ချက်တွေ ချပါလို့ ကျနော်တို့ တောင်းဆိုခြင်းဖြစ်ပါတယ်။ ဒါက တည်ရှိနေတဲ့ အာဆီယံချာတာရဲ့ လုပ်ထုံးလုပ်နည်း တခုကို ကျနော်တို့ ကိုင်တွယ်ပြီး အသုံးချတဲ့ သဘောမျိုးဖြစ်ပါတယ်။

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့၊ အခုကျင်းပနေတဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာရော မြန်မာနိုင်ငံ ကိစ္စကို ဘယ်လောက်အထိ ဦးစားပေးဆွေးနွေးနိုင်မလဲလို့ သုံးသပ်မိသလဲ။

ဦးအောင်မျိုးမင်း။ ။ ဒီမကြာခင်က ဒေါ်အောင်ဆန်းစုကြည်ကို ဒီလိုမျိုး ဖမ်းဆီးပြီးတော့ ရုံးတင်နေတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ အင်ဒိုနီးရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဒီအာဆီယံကိုယ်စားပြုပြီးတော့ ဒါတွေကို အမြန်ဆုံးရပ်တန့်ဖို့ အတွက် တောင်းဆိုမှုတွေရှိလာတယ်။ နောက် စင်္ကာပူလိုနိုင်ငံကနေ ဒီ ဂိုချောက်တောင် လို တာဝန်ရှိတဲ့သူတယောက်က မြန်မာနိုင်ငံသွားပြီးတော့ ဒီအကြောင်းကို သူတို့ထုတ်ဖော်ပြောဆိုမှု ရှိလာတယ်။ ဒါပေမယ့် တချိန်တည်းမှာဘဲ အာဆီယံရဲ့ တချို့နိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဗောဒီးယားနိုင်ငံတွေက ဒီကိစ္စကို ပြည်တွင်းရေးရာအနေနဲ့ဘဲ သတ်မှတ်ပြီး ဝင်ရောက်ဖြေရှင်း တင်ပြဖို့အတွက် မလိုအပ်ဘူးဆိုတဲ့ ပိတ်ဆို့မှုတွေ၊ ဒါတွေရှိနေတုန်းပါဘဲ။ အဲဒီတော့ မြန်မာနိုင်ငံအရေး ဟာ ကျနော်တို့ အာဆီယံထဲမှာဆိုရင် စိတ်ဝင်စားမှုရှိတယ်။ ဒါပေမယ့် ဘယ်လောက်အထိ အရေးယူဆောင်ရွက်မလဲဆို တာကို ဝိဝါဒ ကွဲတဲ့သဘောမျိုးဖြစ်နေတယ်။

မအင်ကြင်းနိုင်။ ။ နောက်တချက်ကကြတော့ အာဆီယံနိုင်ငံတွေမှာရှိတဲ့ လူမှုအဖွဲ့အစည်းတွေကလည်း အခုဒီ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးပွဲကို တက်ရောက်ပြီးတော့ လူ့အခွင့်အရေးကော်မရှင် ဖွဲ့စည်းဖို့ကိစ္စကို သူတို့ ဆွေးနွေးတင်ပြကြမှာဆိုတော့ အဓိက ဘယ်အချက်တွေကို ထောက်ပြဖို့ ရှိပါသလဲရှင့်။

ဦးအောင်မျိုးမင်း။ ။ အခုအချိန်အထိ လူ့အခွင့်အရေး တိုးတက်မြှင့်တင်ရေးကိုဘဲ သူတို့ လုပ်ပိုင်ခွင့်ပေးထားတယ်။ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်ရေး (ပရိုတက်ခ်ရှင်း) အပိုင်းမှာ အားနည်းနေတာဖြစ်တဲ့အတွက် ဒီလိုမျိုးပေါ်လာတဲ့ ကော်မရှင်တရပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို တိုင်ကြားမှုကို လက်ခံခွင့်၊ နောက် သွားရောက်ပြီး စုံစမ်းခွင့်၊ ပြီးရင် ချိုးဖောက်မှုတွေ ထင်ရှားတယ်ဆိုရင် အရေးယူဆောင်ရွက်ခွင့် ဒီဟာတွေ ပေါ်လာဖို့လိုအပ်တယ်။ ဒီအချက်တွေ မပါလို့ရှိရင်တော့ အင်အားကောင်းတဲ့ လူ့အခွင့်အရေး ဘော်ဒီတရပ် မဖြစ်နိုင်ဘူးဆိုတဲ့ ယုံကြည်ချက်တွေရှိနေတဲ့အတွက် ဒီလိုမျိုးတောင်းဆိုမှုတွေ ရှိနေပါတယ်။ လက်ရှိအခြေအနေမှာ သူတို့ရဲ့ ဆွေးနွေးချက်ထဲမှာ ပါတဲ့အချက်ကတော့ ဒီလိုမျိုး ကော်မရှင်မှာ ပါဝင်မယ့်သူတွေကို အစိုးရက ရွေးချယ်နိုင်တယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်။ အဲဒါကြောင့်မို့လို့ ကျနော်တို့က ဒီလိုမျိုး ပါဝင်တဲ့သူတွေက အစိုးရနဲ့ ပတ်သက်မှုမရှိဘဲ လွတ်လပ်မှုရှိတဲ့သူတွေ ဖြစ်လာဖို့အတွက် ကျနော်တို့ တိုက်တွန်းပြောဆိုမှုတွေ ဖြစ်နေတယ်။ အဲဒီတော့ ကျနော်တို့ အခုအချိန်မှာ ဒီအာဆီယံ ဆိုတဲ့ တချိန်ထဲမှာဘဲ လူမှုအဖွဲ့အစည်းတွေကနေ နိုင်ငံခြားရေးဝန်ကြီးတွေကို တွေ့ဆုံတာတို့၊ နောက်ဒီလိုမျိုး ပေါ်လာတဲ့ အာဆီယံ လူ့အခွင့်အရေးဘော်ဒီမှာ ဘာတွေဖြစ်သင့်သလဲဆိုတဲ့ (စီဗယ် ဆိုဆိုက်တီး) တွေရဲ့ အမြင်တွေကို သူတို့သိအောင်လုပ်ပါတယ်။ ဒါတွေကို ကျနော်တို့ ဆက်လက်လုပ်ဆောင်နေပါတယ်။ အရှိန်အဟုန်ကောင်းကောင်းနဲ့ ကျနော်တို့ လုပ်ဆောင်လျက်ရှိပါတယ်။

မအင်ကြင်းနိုင်။ ။ အာဆီယံနဲ့ မြန်မာ အလုပ်အဖွဲ့တာဝန်ခံလည်းဖြစ်၊ လူ့အခွင့်အရေး ပညာပေးဌာန (မြန်မာနိုင်ငံ) ရဲ့ ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းပြောသွားတာပါရှင်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP