July 22, 2009

နာဂစ်ကယ်ဆယ်ရေး ၀န်ထမ်း ၂၀၀ ကျော် ပြည်ဝင်ခွင့်မရ

Tuesday, 21 July 2009 14:32 ဇာနည်ဝင်း
E-mail Print
နာဂစ်ဒေသ ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်မည့် နိုင်ငံတကာ ကူညီရေးဝန်ထမ်း ၂၀၀ ထက် မနည်း ပြည်ဝင်ခွင့် စောင့်ဆိုင်းနေရဆဲ ဖြစ်ကြောင်း အရှေ့တောင် အာရှ နိုင်ငံများ အသင်း (အာဆီယံ)၏ ကူညီရေးလုပ်ငန်းများဆိုင်ရာ အရာရှိတဦးက ဧရာဝတီကို ပြောသည်။
နိုင်ငံတကာမှ ကျွမ်းကျင်ဝန်ထမ်းများ ၀င်ရောက်ခွင့် မရသေးသဖြင့် လုပ်ငန်းများ အလွန် ထိခိုက်နေကြောင်း အာဆီယံ အထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာပြည် နာဂစ်ဒေသ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆိုင်ရာ အထူးကိုယ်စားလှယ် ဒေါက်တာ ၀ီလျံဆာဘန်ဒါ က ပြောသည်။
“ပြည်ဝင်ခွင့် ဗီဇာ အခက်အခဲကို ပြေလည်အောင် လုပ်နေပါတယ်၊ ပြေလည်သွားရင်တော့ လုပ်ငန်းတွေ အဆင်ပြေသွားမှာပါ” ဟု ဒေါက်တာ ၀ီလျံဆာဘန်ဒါ က ပြောပြသည်။
ဤအတောအတွင်း အာဆီယံအသင်းကလည်း နာဂစ်မုန်တိုင်းလွန်ကာလ လုပ်ငန်းများနှင့် ပတ်သက်သော စာအုပ် ၂ အုပ်ကို ထိုင်းနိုင်ငံ ဖူးကက်ကျွန်း၌ ကျင်းပနေသည့် အာဆီယံဆွေးနွေးပွဲတွင် ဖြန့်ချိလိုက်သည်။

နာဂစ်မုန်တိုင်းအပြီးတွင် အစိုးရက လုပ်သင့်သည့် လုပ်ငန်းများကို ဆောင်ရွက်ရန် ပျက်ကွက်ခဲ့ကြောင်း၊ ယခု လည်း နာဂစ်ဒေသတွင် ပြန်လည်ထူထောင်ရေး လုပ်ငန်း အများအပြား ရှိနေကြောင်း ယမန်နေ့က ထုတ်ဝေသည့် စာအုပ် ၂ အုပ်တွင် ဖော်ပြထားသည်။
“လုပ်ငန်း အောင်မြင်မှုများ ရှိသော်လည်း နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသူများ၏ ဘ၀ ပြန်လည်ထူထောင်နိုင်ရန် အတွက် ကူညီရေး လုပ်ငန်းများ” ဟု “A Bridge to Recovery: ASEAN’s Response to Cyclone Nargis” (နာဂစ် ပြန်လည်နာလန်ထရေး ပေါင်းကူးတံတား၊ အာဆီယံ၏ ဆောင်ရွက်ချက်) အမည်ရှိ စာအုပ်တွင် ရေး ထားသည်။
လူဦးရေ ၅ သိန်းခန့်သည် လုံခြုံမှု အားနည်းသည့် အမိုးအကာအောက်တွင် ခိုလှုံနေရဆဲဖြစ်သောကြောင့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားကြသူများအနေနှင့် လာမည့် နှစ်မိုးရာသီအထိ ဆက်လက် တောင့်ခံနိုင်မည်မဟုတ် ဟု ဆိုသည်။
တခြား စာအုပ်တအုပ်မှာ အာဆီယံအဖွဲ့က စင်္ကာပူနိုင်ငံ အရှေ့တောင်အာရှလေ့လာရေး ဌာန (ISEAS) နှင့် ပူးတွဲ ထုတ်ဝေသည့် “Myanmar life after Nargis” (နာဂစ်အလွန် မြန်မာပြည်အခြေအနေ) ဟု အမည်ရသည့် စာအုပ်ဖြစ်သည်။
မြန်မာအစိုးရက နိုင်ငံတကာအကူအညီပေးရေးအဖွဲ့များ၏ အသုံးဝင် အကျိုးရှိပုံကို သဘောပေါက်ခဲ့ပါက အခြေအနေများ ပိုမို ကောင်းမွန်မည်ဖြစ်သည် ဟု ထိုစာအုပ်တွင် ရေးထားသည်။
“မြန်မာ့အလင်း သတင်းစာသည် မုန်တိုင်း ဒုက္ခသည်များအတွက်ဗိုလ်ချုပ်ကြီးများ၏ ရက်ရက်ရောရော လှူဒါန်းမှုများကို အဆက်မပြတ် ဖော်ပြခဲ့သော်လည်း အကူအညီပေးရေး ၀န်ထမ်းများ၏ အရေးပေါ် ကယ် ဆယ်ရေး လုပ်ငန်းများ အကြောင်းကို ဦးစားပေးဖော်ပြခြင်း မရှိခဲ့ပေ” ဟု စစ်အစိုးရ၏ လျစ်လျူရှုမှုကို ထောက် ပြထားသည်။
မုန်တိုင်းဒဏ်ခံရသူများက စိတ်ပျက် ဒေါသထွက်ကြသည့်အကြောင်း ပြောပြကြပြီး အကူအညီ အလွန်အမင်း လိုအပ်နေချိန်တွင် နိုင်ငံတကာ အထောက်အပံ့များအား မည်သည့်အတွက်ကြောင့် ငြင်းပယ်ခဲ့သည်ကို နားမလည်နိုင်အောင် ဖြစ်နေကြသည်ဟု ဆိုသည်။
ပြီးခဲ့သည့်နှစ် မေလတွင် တိုက်ခတ်ခဲ့သည့် နာဂစ်မုန်တိုင်းအပြီးတွင် စေတနာ့ဝန်ထမ်း ဆရာဝန်များသည် မုန်တိုင်းဒဏ်ခံခဲ့ရသူများကို ကယ်ဆယ် ကုသပေးရန်အတွက်ပင် အစိုးရထံမှ ခွင့်ပြုချက် စောင့်နေရသည့် အချက်ကိုလည်း ထည့်သွင်း ဖော်ပြထားသည်။
မြန်မာအစိုးရ၏ တရားဝင် ထုတ်ပြန်ချက်အရ မုန်တိုင်းအတွင်း သေဆုံးသူ ၈၄၅၃၇ ဦး ရှိပြီး၊ ၅၃၈၃၆ ဦး ပျောက်ဆုံးနေကြောင်း၊ ပျောက်ဆုံးနေသူများမှာ သေဆုံးသွားပြီးဖြစ်သည်ဟု ယူဆရကြောင်း ရေးထားသည်။
နာဂစ်မုန်တိုင်းတိုက်ခိုက်မှုဒဏ်ကို အပြင်းအထန် ခံရသည့် ဒေသမှာ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့ ဖြစ်သည်။
စာအုပ် ၂ အုပ် စလုံး၌ နာဂစ်အလွန် ထူထောင်ရေးစီမံကိန်းများတွင် အာဆီယံအဖွဲ့၏ အရေးပါပုံ၊ အလွန်တရာ အောင်မြင်မှု ရှိပုံတို့ကို ဖော်ပြထားသည်။
နာဂစ်ဒေသ ကူညီရေးအတွက် ကုလသမဂ္ဂ၊ မြန်မာစစ်အစိုးရ၊ အာဆီယံအသင်း တို့ဖြင့် ဖွဲ့စည်းထားသည့် သုံးပွင့်ဆိုင်ဗဟိုအဖွဲ့တွင် အာဆီယံသည် တက်တက်ကြွကြွ လှုပ်ရှားလျက်ရှိသည်။ ထိုအဖွဲ့ကို မုန်တိုင်း တိုက်ပြီး ၁ လ အကြာတွင် ဖွဲစည်းခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းအပြီးတွင် မြန်မာအစိုးရက နိုင်ငံတကာမှ ကယ်ဆယ်ကူညီရေးအဖွဲ့များကို လုပ်ငန်းဆောင်ရွက်ခွင့် ပိတ်ပင်ထားသဖြင့် ကုလသမဂ္ဂ နှင့် အာဆီယံအသင်း တို့က ကြားဝင်ဖြေရှင်းပြီး လုပ်ငန်းများ ဆောင်ရွက် ခဲ့ခြင်းဖြစ်သည်။
မုန်တိုင်းသင့် ဒေသ ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို သုံးနှစ် ကြာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဒေါ်လာ သန်း ၇၀၀ နီးပါး လိုအပ်မည်ဟု သုံးပွင့်ဆိုင်အဖွဲ့က ယခုနှစ်ဆန်းပိုင်းတွင် ကြေညာခဲ့သည်။
ကမ္ဘာ့ စီးပွားရေး အကျပ်အတည်းကြောင့် နိုင်ငံတကာအစိုးရများ ဘဏ္ဍာရေးအခက်အခဲ ဖြစ်နေချိန်တွင် ဤ ၃ နှစ် စီမံကိန်း ပေါ်ထွက်လာခြင်း ဖြစ်သည်။
၂၀၀၉-၂၀၁၁ ခုနှစ်စီမံကိန်းအတွက် လိုအပ်မည့် ဒေါ်လာ သန်း ၇၀၀ အပြည့်အ၀ မရရှိခြင်းမှာ နိုင်ငံတကာ အလှူရှင်များက မြန်မာစစ်အစိုးရအပေါ် ယုံကြည်မှု ကင်းမဲ့နေသောကြောင့် ဖြစ်သည်ဟု အကဲခတ်များက သုံးသပ်နေကြသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP