July 22, 2009

ရထားလမ်းဖောက်ရန် ရွာသားများ လယ်မြေသိမ်းခံရ

Tuesday, 21 July 2009 19:03 ဖြိုးကြီး
မကွေး-နက်မောက်ရထားလမ်း ဖောက်လုပ်နေမှုကြောင့် ဒေသခံ ရွာသားလယ်မြေများကို သိမ်းယူနေခြင်းများ ပြုလုပ်နေလျှက်ရှိသည်။
နအဖဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားဖြစ်သူ ပိုင်ဆိုင်သည့် ဧရာရွှေဝါကုမ္ပဏီက ပြီးခဲ့သည့်လအတွင်းက စတင်ကာ တာဝန်ယူလုပ်ဆောင်နေခြင်းဖြစ်ပြီး တစုံတရာ လျော်ကြေးပေးခြင်း မရှိသည့်အတွက် ဒေသခံများ မကျေမနပ်ဖြစ်နေသည်။
“အခုလောလောဆယ် တောင်သူတွေ စိုက်ပျိုးထားတဲ့ဟာတွေကို စက်ကြီးတွေနဲ့ ထိုးနေတာ၊ အထက်က လျော်ကြေးပေးတယ်လို့ ကြားတယ်၊ ဒါပေမဲ့ ရွာသားတွေလက်ထဲကို တပြားမှ မရောက်ဘူး” ဟု ဒေသခံရွာသားတဦးက ပြောသည်။

မကွေးနှင့် နက်မောက်မြို့ အကွာအဝေး မိုင် ၄၀ ရှိပြီး မကျည်းကန်၊ ပတိန်ဉာဏ်၊ နဘူးရွာ အစရှိသည့် ကျေးရွာများမှ လယ်မြေများကို မြေတူးစက်ကြီးများဖြင့် ဖျက်ဆီးသိမ်းယူနေကာ စုစုပေါင်း လယ်ဧက ၂၀၀ ကျော် ရှိသည်။
“တချို့လူတွေက စက်မောင်းတဲ့သူတွေ၊ ရထားလမ်းဖောက်တဲ့ အာဏာပိုင်တွေကို ကျွေးလိုက်မွေးလိုက်ရင် ရထားလမ်းက ကွေ့ပြီး မောင်းသွားတယ်၊ မကျွေးမမွေးရင် အပျက်အစီး ပိုများတယ်” ဟု ဒေသခံရွာသားက ဆက်ပြောသည်။
ထို့အပြင် ပြီးခဲ့သည့် သုံးနှစ်ခန့်ကလည်း မကွေးလေယာဉ်ကွင်းနှင့် ဆေးတက္ကသိုလ်အနီးမှ လယ်မြေဧက ၁,၀၀၀ ကျော် သိမ်းဆည်းခံခဲ့ရပြီး အာဏာပိုင်များဘက်မှ တဧကလျှင် ငွေ ၃,၀၀၀ ကျပ်သာ လျော်ကြေးပေးခဲ့သည်ဟု ပြောသည်။
“အဲဒီနေရာတွေမှာ သူတို့က ဘာမှမလုပ်ဘဲ လေယာဉ်ကွင်းက လူကြီးတွေ၊ ဆေးကျောင်းက ပါမောက္ခတွေက တောင်သူတွေကို ပဲတို့၊ နှမ်းတို့ ပြန်စိုက်မယ်ဆိုရင် တဧကကို ၁၀,၀၀၀ တောင်းနေတာ၊ သုံးနှစ်လောက်ရှိနေပြီ” ဟု ဒေသခံရွာသားက ဆက်ပြောသည်။
နအဖစစ်အစိုးရလက်ထပ်တွင် မြန်မာပြည်အနှံ့အပြားရှိ တောင်သူလယ်သမားပိုင် လယ်မြေ၊ ဥယျာဉ်များကို စစ်တပ်အဆောက်အဦးများနှင့် ၎င်းတို့စီမံကိန်းများ ဆောက်လုပ်ရန် သိမ်းယူနေလျှက်ရှိသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP