August 25, 2009

နာဂစ်ဒေသခံများအား ရာအိမ်မှူးက ခေါင်းပုံဖြတ်

ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ်၊ ကဒုံကနိကျေးရွာအုပ်စု ဓနိချောင်းကျေးရွာမှ ရာအိမ်မှူး ဦးဌေးတင်အောင် ဆိုသူက ဒေသခံ နာဂစ်ဒုက္ခသည်များနှင့် လယ်သမားများထံမှ မတရားခေါင်းပုံဖြတ် စီးပွားရှာနေကြောင်း သိရသည်။
မုန်တိုင်းသင့်ပြည်သူများအတွက် နိုင်ငံတကာ အင်ဂျီအိုများနှင့် ပြည်တွင်းပြည်ပတို့မှ လှူဒါန်းသော အလှူပစ္စည်းများကို တစ်ကိုယ်ကောင်းဆန် အလွဲသုံးစားပြုလုပ်လျှက် စီးပွားရှာနေကြောင်း လယ်သမားတစ်ဦးက အခုလို ပြောသည်။
“ကျနော်တို့က ကျွဲတွေ၊ နွားတွေလည်း သေသွားတော့ လယ်ယာ မလုပ်နိုင်တော့ဘူး။ အလှူရှင်တွေက ကျနော်တို့ရွာကို လယ်ထွန်စက် သုံးလုံးပေးတယ်။ သူပဲယူထားတယ်။ ရွာသားတွေ ဘာမှမရဘူး။ အဝတ်အထည်၊ အသုံးအဆောင်တွေ ဆိုရင်လည်း သူနဲ့နီးစပ်တဲ့ လူတွေကိုဘဲ ပေးတာ။ ကျနော်လယ်လည်း မလုပ်နိုင်တော့ဘူး။ ကွန်ပစ်ချင်လို့ အလှူရှင်တွေ ပေးတဲ့အထဲမှာပါတဲ့ ကွန်တစ်လက် သွားတောင်းတယ်။ ကျပ် (၅ဝဝဝ)ပေးမှ ရလာတယ်။ အဖိုးတန်တဲ့ အသုံးအဆောင် တွေကို ရောင်းစားနေတာဗျ။ ချမ်းသာလောက်အောင် သူရနေတာ။ အလှူရှင်တွေ လာလှူသမျှ သူ့ဆီမှာပဲ အပ်ရတယ်”
အသက် (၅ဝ)ကျော်အရွယ် ရာအိမ်မှူး ဦးဌေးတင်အောင်ဆိုသူသည် ကဒုံကနိကျေးရွာအုပ်စု ရယကဥက္ကဌ ဖြစ်သူ ဦးဇော်မင်း ဆိုသူအား နေ့စဉ် နံနက်တိုင်း ကဒုံကနိရွာသို့ သွားရောက်၍ လဘက်ရည်၊ ကော်ဖီများ တိုက်လေ့ရှိကြောင်း လယ်သမားက ပြောသည်။


နာဂစ်အလှူရှင်များ လာရောက်လှူဒါန်းသော အလှူပစ္စည်းများအပြင် Ayeyar Delta Agri Export Co., Ltd မှ ထုတ်ချေးသော ချေးငွေများအပေါ်တွင်လည်း ရံပုံငွေအဖြစ်ဖြတ်တောက် တောင်းခံသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက် ယူအင်ဒီပီမှ တည်ဆောက်ပေးထားသည့် တစ်ကျောင်းတည်းသော စာသင်ကျောင်းမှာ ပြိုကျ ပျက်စီးခဲ့သည်။
လယ်သမားတစ်ဦးက“အဲဒီစာသင်ကျောင်းကသွပ်တွေ သစ်တွေကို ရွာသားတွေ အကူအညီနဲ့ အမိုးလုံအောင် တဲထိုးပြီး ထားခဲ့ကြတယ်။ နိုင်ငံတကာ အလှူရှင်အဖွဲ့တစ်ခုက ကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းဖို့ လာတဲ့အခါ သွပ်ဟောင်းတွေနဲ့ သစ်ဟောင်းတွေကို ရာအိမ်မှူး ဦးဌေးတင်အောင်က သူ့အိမ်ကို သယ်ယူသွားခဲ့တယ်။ လက်သမားရော ပန်းရံရော သူ့ယောက္ခမတွေပဲ။ သူလူတွေဆိုရင် နိုင်ငံခြားကလှူတဲ့ အကောင်းစားပစ္စည်းတွေ ပြည့်လို့။ ကျနော်တို့ ရွာသားတွေကတော့ သူတို့ မလိုချင်တဲ့ အစုတ်အပဲ့တွေပဲ ပေးတာ။ ဒါတောင် နည်းနည်းကောင်းရင် ပိုက်ဆံပေးမှ ရတယ်ဗျာ”ဟု ပြောသည်။
အီးယူ နိုင်ငံများအဖွဲ့မှ ACF အဖွဲ့မှ အိမ်ထောင်စုတစ်စုအား အမေရိကန်ဒေါ်လာ (၁ဝဝ)စီ ပေးအပ် လှူဒါန်းရာတွင်လည်း ရာအိမ်မှူး ဦးဌေးတင်အောင်က ကျပ်ငွေ (၇၅ဝဝဝ)စီသာပေးကြောင်း ရွာခံအမျိုး သမီးတစ်ဦးကပြောသည်။ ပြည်တွင်း ငွေကြေးပေါက်ဈေးအရ၊ ဒေါ်လာ (၁၀၀)လျှင် မြန်မာကျပ်ငွေ တစ်သိန်းဝန်းကျင်ခန့် ရှိသည်။
“ကျမတို့လည်း ရရင်ပြီးရောဆိုပြီး ယူရတာပေါ့။ သူက ပြောသေးတယ်၊ ငါ့ကိုဘယ်ကောင်မှ ဖြုတ်လို့မရဘူး။ ငါ့ကို ပြုတ်အောင် ဖြုတ်မယ့်သူ မမွေးသေးဘူးတဲ့။ ဘာလဲ ယမမင်းတောင် လာဖြုတ်လို့ မရဘူးလို့ ပြောတယ်တော့” ဟု ၎င်းကပြောသည်။
အဆိုပါ ဓနိချောင်းရွာသည် အိမ်ခြေ (၅ဝဝ)ဝန်းကျင်ခန့်ရှိကာ လယ်သမားပေါင်း(၂ဝဝ)ကျော်ခန့် နေထိုင်သော ရွာကြီးဖြစ်ပြီး ဧရာဝတီတိုင်း၊ ဘိုကလေးမြို့မှ စက်လှေဖြင့် (၅)နာရီခန့် သွားရသော အကွာအဝေးတွင် တည်ရှိသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့ပြီး တစ်နှစ်ကျော်ကြာလာခဲ့သည့်တိုင် ဒေသခံပြည်သူများမှာ အလုပ်အကိုင်၊ စားဝတ်နေရေးနှင့် ကလေးငယ်များ ပညာရေးများမှာ ယခုထိတိုင် အခက်အခဲရှိနေဆဲဖြစ်ကြောင်း ဓနိချောင်း ရွာခံများက ပြောပြကြသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP