August 16, 2009

မြန်မာစစ်အစိုးရ ကလေးစစ်သားစုဆောင်းနေဆဲ

2009-08-15 RFA
ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ကျီးကန်းသိုက်ရွာက ဦးတင်ရွှေ ဒေါ်ထွေးကြည်တို့ရဲ့သား မောင်နေလမိုးဟာ ၂ဝဝ၆ ခုနှစ်က ရှစ်တန်းကျောင်းသား အဖြစ် ကျောင်းတက်နေစဉ် စစ်သားအဖြစ် စုဆောင်းခံခဲ့ရပြီး စစ်သင်တန်းဆင်းတဲ့အခါ နေပြည်တော် အဆင့်မြင့်ဆက်သွယ်ရေး ယန္တရားတပ်မှာ တာဝန်ကျခဲ့ပါတယ်။
တာဝန်ထမ်းဆောင်စဉ် တပတ်လောက် ရှိတဲ့အခါမှာ ထွက်ပြေးခဲ့ပြီး နေရာဒေသအစုံမှာ ပုန်းရှောင်ရင်း သူ့မိဘတွေဆီကို မနှစ်က အောက်တိုဘာလမှာ ပြန်ရောက်ခဲ့ပါတယ်။ အိမ်ကို ပြန်ရောက်တဲ့အခါမှာ မိဘတွေက စစ်ပြေးအဖြစ် ပုန်းရှောင်နေရတာကို မနှစ်သက်တဲ့အတွက် လှည်းကူးရဲစခန်းမှာ ပြစ်ဒဏ်အကျခံဖို့ သွားရောက်အပ်နှံခဲ့ပေမယ့် ပြစ်ဒဏ်မချမှတ်ပဲ စစ်သားအဖြစ် ပြန်ပို့ခံခဲ့ရပါတယ်။ ဒီလို ဖြစ်ခဲ့တဲ့အခြေအနေကို မိခင်ဒေါ်ထွေးကြည်က အာအက်ဖ်အေကို ပြောပြပါတယ်။

ဒေါ်ထွေးကြည်။ ။စစ်ပြေးဆိုတော့ တိုင်မှာကြောက်ပြီး ကျမက လှည်းကူးဂတ်ကို ကဲ၊ အဖမ်းသွားခံ အရပ်ထောင်အကျခံရင် အမေ ထောင်ဝင်စာ လာတွေ့လို့ရတယ် ဆိုပြီးတော့ ကျမလွှတ်လိုက်တော့ ရောက်သွားတယ် ဂတ်ထဲကို။ ရောက်သွားပြီး နောက်နေ့ ကျမ ဂတ်ထဲလိုက်တယ်။ လိုက်တော့ ဂတ်တဲက သူတို့နဲ့မဆိုင်ဘူး ဆိုပြီးတော့ အဲဒီအမှတ် ၉ စခန်းကို ပို့လိုက်တယ်ဆိုလို့ ကျမ လိုက်တယ်။ လိုက်တော့ အမှတ် ၉ စခန်းကျတော့ ကလေးနဲ့ မတွေ့ရဘူး။ အဲဒါနဲ့ ကျမ နှစ်ပတ်သွားပို့ပြီး နောက်တပတ် တခါသွားပြန်တော့ မရှိတော့ဘူးတဲ့။ သူ့တပ်ရင်းက ခေါ်သွားတယ်တဲ့။ သူ့တပ်ရင်းက ဘယ်မှာတုန်းဆိုပြီး ကျမမေးကြည့်တော့ နေပြည်တော်ဆိုပြီး သွားလို့လည်း မလိုက်တတ်တာနဲ့ ဘယ်မှလည်း မသွားတတ်မလာတတ်လို့ ဆရာကြီး ဦးအေးမြင့်ဆီ မလာတတ်လာတတ်နဲ့ သူများ လိုက်ပို့ခိုင်းရတာပါ။

ကလေးကိုယ်တိုင်က စစ်တပ်ထဲပြန်ဝင်ချင်လို့ နေပြည်တော် ဆက်သွယ်ရေးတပ်ကို ပြန်ပို့ခံရတာ မဟုတ်နိုင်ဘူးလားလို့ မေးကြည့်တဲ့အခါမှာ ဒေါ်ထွေးကြည်က အခုလို ပြောပါတယ်။

ဒေါ်ထွေးကြည်။ ။အစထဲကလည်း သူက တပ်ထဲသွားတာ မဟုတ်ဘူးလေ။ ရှစ်တန်းကျောင်းကျတော့ ကျမရိုက်လိုက်တော့ မင်္ဂလာဒုံ လေယာဉ်ကွင်းက အဘဆီကိုသွားတာ။ အဲဒါ လမ်းမှာ ဝါယာလက်ကနေ မိုးချုပ်တော့ သူ့ကိုခေါ်သွားတာ။ ကျမမှာ သူနဲ့ပဲ လုပ်ကိုင်စားရတာ။ ကျမမှာ အသက် ၆၄ နှစ်ရှိနေပါပြီ။ ကျမသားလေးကို ကျမ ပြန်ခေါ်ချင်တာပါ
ပဲခူးတိုင်း ဒိုက်ဦးမြို့ အမှတ် ၃ ရပ်ကွက် ၄ လမ်း ဦးအေးဝင်း ဒေါ်ဌေးရီတို့ရဲ့သား ဒိုက်ဦး အထက ၂ အဌမတန်းက ကျောင်းသား မောင်ကျော်ဌေးဝင်းဟာလည်း ဇူလိုင်လ ၁၄ ရက်နေ့က ကျောင်းမတက်ပဲ လျှောက်သွားနေချိန် စစ်သားအဖြစ် စုဆောင်းခံခဲ့ရပါတယ်။ စုဆောင်းခံရတဲ့တပ်ကို လိုက်သွားတဲ့အချိန်မှာ မန္တလေးတိုင်း ရေနီလေ့ကျင့်ရေးတပ်ကို အပို့ခံရတဲ့အတွက် ပြန်ခေါ်မရဖြစ်နေကြောင်း ဖခင်ဖြစ်သူ ဦးအေးဝင်းက ပြောပြပါတယ်။
ဦးအေးဝင်း။ ။ကျော်ဌေးဝင်းက ကျောင်းမတက်ပဲနဲ့ လျှောက်သွားနေတဲ့အချိန်မှာ ခေါ်သွားတယ်လေ။ ၄၄၀ တပ်ရင်းကို ခေါ်သွားတယ်၊ လိုက်ထုတ်တာ ထုတ်လို့မရဘူး။ တပ်ရင်းကို ကျနော် ၁၅ ရက်နေ့က သွားတော့ ခင်များတို့ ရှုပ်ရှုပ်ရှက်ရှက် လာမလုပ်ပါနဲ့တဲ့။ ဝင်ပြီးတဲ့သူ ပြန်ထွက်လို့ မရဘူးတဲ့။ ခင်ဗျားတောင် ဝင်ချင်ရင် ဝင်လို့ရတယ်တဲ့။ ကျနော့်ကို အဲဒီအတိုင်း ပြောလိုက်တယ်။ ၂၄ ရက်နေ့ ကျနော်တို့ မိသားစုနဲ့ ပေးတွေ့မယ်တဲ့။ ၂၄ ရက်နေ့ကျတော့ သူတို့က ကျနော်တို့ တပ်ကိုသွားမယ်ဆိုပြီးတော့ တပ်ကိုခေါ်သွားတော့ အတွေ့မခံပဲနဲ့ စုဆောင်းရေးတပ် ဖွဲ့ဖို့ဆိုပြီး ဘူတာကို ရောက်နေတယ်

ကလေးတွေရဲ့ မိသားစုတွေဟာ လက်လုပ်လက်စားတွေဖြစ်ပြီး တခြားဒေသတွေကို မသွားတတ် မလာတတ်တဲ့အတွက် ကလေးစစ်သားအရေး အကူအညီပေးနေတဲ့ နီးစပ်ရာ လမ်းပြကြယ် အဖွဲ့ဝင်တွေကို အကူအညီတောင်းထားရတယ်လို့ ပြောပါတယ်။ ပဲခူးမြို့က လမ်းပြကြယ် အဖွဲ့ခေါင်းဆောင် ဦးအေးမြင့်ကတော့ သူတို့စပြီး ကူညီကတည်းက ကလေးစစ်သားပေါင်း အယောက် ၅၀ ကျော်ကို မိဘရင်ခွင် ပြန်ရောက်အောင် ကူညီနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ပြန်မရောက်တဲ့ ကလေး ငါးယောက် ခြောက်ယောက်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော်အစိုးရက နိုင်ငံတကာသိအောင် ကလေးစစ်သား မရှိအောင် လုပ်နေပါတယ် ပြောနေတဲ့အတွက် နောက်ထပ် ကလေးစစ်သားတွေကို မစုဆောင်းစေချင်ကြောင်း ဦးအေးမြင့်က မေတ္တာရပ်ခံလိုက်ပါတယ်။
ဦးအေးမြင့်။ ။အဲဒီလို ကြေညာထားတဲ့အတိုင်း လုပ်မယ်ဆိုရင် ကလေးစစ်သားတွေ မအေတွေ ဝမ်းနည်းပက်လက်ဖြစ်နေပြီး ရှေ့အနာဂတ်အတွက် အလားအလာရှိတဲ့ လူငယ်တွေကို ဘ၀ပျက်အောင် မလုပ်ပါနဲ့လို့ တပ်မတော်အရာရှိနဲ့ နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးသန်းရွှေကိုလည်း လမ်းပြကြယ်ကနေ ကလေးတွေ ဘ၀ပျက်အောင် တပ်မတော်ထဲ အတင်းမသွပ်သွင်းပါနဲ့လို့ မေတ္တာရပ်ခံချင်ပါတယ်နောက် နှစ်ရက်ဆိုရင် အိုင်အယ်အိုက တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ပြန်မရောက်သေးတဲ့ ကလေးစစ်သားတွေအရေးကို ဆွေးနွေးမယ်လို့လည်း သိရပါတယ်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP