September 12, 2009

လွတ်လပ်စွာ သတင်းရယူခွင့်ကို ပိတ်ပင်ခြင်း -- ဌာနဆိုင်ရာသတင်းများ မထုတ်ပြန်ရန် နအဖ တားမြစ်

မျိုးချစ်သူ (ခေတ်ပြိုင်) ၁၁ စက်တင်ဘာ ၂၀၀၉

ပြည်တွင်းသတင်းဂျာနယ်များအား မည်သည့်သတင်းမျှ ထုတ်ပြန်ပြောဆိုခြင်းမပြုရန် ဌာနအသီးသီးသို့ သက်ဆိုင်ရာ ၀န်ကြီးဌာနများက အကြောင်းကြားထားကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနလက်အောက်ခံ ဌာနခွဲတခုမှ အရာထမ်းတဦးက ပြောသည်။

“ဘာကြောင့် သတင်းတွေ မထုတ်ပြန်ပါနဲ့လို့ ညွှန်ကြားတယ်ဆိုတာတော့ တိတိကျကျ မသိရဘူး။ တချို့လူကြီးတွေက ဂျာနယ်သတင်းထောက်တွေလာရင် အားလုံးပြောပြတတ်တယ်။ တယောက်နဲ့တယောက် ယုံကြည်မှုရှိနေတာလည်းပါတယ်။ ဌာနတွင်းဖြစ်နေတာတွေ၊ ၀န်ထမ်းဘ၀ အဆင်မပြေမှုတွေ စတာတွေပေါ့လေ။ ပြည်ပသတင်းတွေထဲမှာ ပြည်တွင်းက ဖြစ်ပျက်တာတွေအားလုံး လျှို့ဝှက်တာကအစ သတင်းတွေတက်နေတာ ပိတ်ဖို့ဖြစ်မယ်ထင်တယ်” ဟု အဆိုပါအရာထမ်းက ပြောသည်။

ဝန်ကြီးဌာနများ နေပြည်တော်သို့ ပြောင်းရွှေ့ပြီးနောက်ပိုင်း ရန်ကုန်တွင်ကျန်ရှိသော အစိုးရဌာန၀န်ထမ်းများက နေပြည်တော် ၀န်ကြီးဌာနများသို့ ဆက်သွယ်မေးမြန်း စုံစမ်းပေးမှုများလည်းရှိကြောင်း သိရသည်။

“ကျနော်တို့ သတင်းရယူဖို့အတွက် တချို့အရာရှိတွေက နေပြည်တော်ကို မေးပေးတာမျိုးတွေ ရှိတယ်ခင်ဗျ။ အရာရှိတချို့က အတော်လေးကို သတင်းဂျာနယ်တွေအပေါ် သဘောထားကြီးတာတွေ ရှိပါတယ်” ဟု ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။
ဘဏ္ဍာရေးနှင့် အခွန်ဦးစီးဝန်ထမ်းတဦးက “ကျနော်တို့က ပြောချင်ပေမယ့်လည်း အထက်က မပြောရဘူးဆိုတော့ မပြောရဲဘူးဗျ။ ခက်တာက ကျနော်တို့ဌာနက ပြည်သူတွေ သိသင့်တာတွေကို ချပြ၊ ထုတ်ပြန်ပေးရတာလေ။ ဒါကို မပြောရဘူး ဆိုတော့ ဂျာနယ်တွေမှာလည်း ရေးစရာမရှိတော့ဘူး။ စာပေစိစစ်ရေးက ပယ်တာနဲ့၊ ဌာနဆိုင်ရာတွေက မပေးတာနဲ့ ပြည်သူတွေလည်း သတင်းမှန်တွေ မသိရတော့ဘူး။ ကြာလာတော့ မြန်မာနိုင်ငံက ဂျာနယ်တွေမှာ အနုပညာရှင်တွေ အကြောင်းနဲ့ ထမင်းစားရေသောက် သတင်းတွေပဲ ပါတော့တယ်” ဟု ပြောသည်။

မှတ်ချက်၊ ၊ အပြည်ပြည်ဆိုင်ရာလူ့ အခွင့်အရေးကြေညာစာတမ်း၏ အပိုဒ် (၁၉) တွင် ---နယ်မြေပိုင်းခြားမှုမရှိဘဲ သတင်းစာနယ်ဇင်းများမှတဆင့် သတင်းများ။ အယူအဆများကို ရှာဖွေ ဆည်းပူးပိုင်ခွင့်။ လက်ခံပိုင်ခွင့်နှင့် ဖြန့်ဖြူးပိုင်ခွင့်တို့ရှိသည်၊

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP