ဒို့အရေး လုပ်တန်းကစားခဲ့သည့် ကလေးငယ်များ ခေါ်ယူစစ်ဆေးခံရ
9/11/2009 (နိရဉ္စရာ သတင်း)
စစ်တွေမြို့တွင် ဒို့အရေး လုပ်တန်း ကစားသည့် ကလေးငယ် ၁၀ ဦးခန့်ကို ရဲအဖွဲ့က ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့သည်ဟု ကလေးငယ်၏ ဆွေမျိုးတော်သူ တစ်ဦးက ပြောသည်။
"ကလေးတွေကို စစ်တွေ အမှတ် ၁ ရဲစခန်းက ခေါ်ယူပြီးတော့ စစ်ဆေးမေးမြန်းတာတွေ ပြုလုပ်ခဲ့ပါတယ်။ ခလေးတွေက ဒို့အရေး ဒို့အရေးဆိုပြီး ဒို့အရေး လုပ်တန်းကစားတဲ့အတွက် ခေါ်ယူ စစ်ဆေးမေးမြန်းခဲ့တာ ဖြစ်ပါတယ်။"
အသက်အရွယ် ၁၀ နှစ်ခန့် ကလေးငယ် တဒါဇင်ခန့်က စစ်တွေမြို့ မီးစက်ခွဆုံတွင် ယမန်နေ့က ဒို့အရေး ဒို့အရေးဟု အော်ဟစ်ပြီး ကစားခဲ့ကြသည်ဟု သိရသည်။
"အဓိက သူတို့မေးတဲ့ မေးခွန်းတွေက သူတို့ကို ဘယ်သူတွေက ခုလို အော်ခိုင်းသလဲ၊ သူတို့ကို လူကြီးတွေက ခိုင်းတာလား၊ ဘာကြောင့်ခုလို ကစားတာလဲ စသဖြင့် မေးမြန်း ခဲ့တယ်လို့ သိရပါတယ်" ဟု သူက ပြောသည်။ သို့သော်လည်း နောက်ပိုင်းတွင် ကလေးငယ်များကို ပြန်လည် လွတ်ပေးခဲ့သည်ဟု သိရသည်။
စစ်တွေမြို့တွင် လုံခြုံရေး အထူးတင်းကျပ်ထားပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များ ကားများဖြင့် လှည့်လည်နေစဉ် ထိုကဲ့သို့ ကလေးငယ်များက ဒို့အရေး ဒို့အရေး ဟု အော်ဟစ်ခဲ့သဖြင့် ရဲသားများ ချက်ချင်းရောက်ရှိလာပြီး ကလေးငယ်များကို ဖမ်းဆီးခေါ်ဆောင်ကာ စစ်ဆေး မေးမြန်းခဲ့ခြင်း ဖြစ်သည်။
၎င်းပြင် သက်ဆိုင်ရာ မိဘများအားလည်း နောက်နောင် ကလေးငယ်များ အနေဖြင့် ယခုကဲ့သို့ ဒို့အရေး၊ ဒို့အရေး အော်ဟစ်ကစားလျှင် မိဘများကို အရေးယူမူ လုပ်ဆောင်သွားမည်ဟု ရဲအရာရှိက ခြိမ်းခြောက် ပြောကြားခဲ့ပြီး စာရွက် တရွက်တွင်လည်း အတင်းခံဝန် လက်မှတ် ရေးထိုး ခိုင်းခဲ့သည်ဟု သိရသည်။
September 12, 2009
ကစားချင်သလိုကစား ဒို့ အရေးတော့ မအော်ရ
Labels:
သတင်း