September 16, 2009

မြင်းခြံမြို့မှ နိုင်ငံရေးလှုပ်ရှားတက်ကြွသူ ၅ ဦး ဖမ်းဆီးခံရ

(ရိုးမ ၃ )၁၆ စက်တင်ဘာလ ၂၀၀၉ခုနှစ်။

မန္တလေးတိုင်း၊ မြင်းခြံမြို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ် ၅ ဦးကို အာဏာပိုင်တွေက ယနေ့ မနက်အစောပိုင်းတွင် နေအိမ်များကို ရဲကားများဖြင့် ဝိုင်း၍ ဖမ်းဆီးခဲ့သည်။

အာဏာပိုင်များ၏ ဖမ်းဆီးခြင်းခံရသူ ၅ ဦးမှာ မြင်းခြံမြို့၊ စွန်းလွန်းရပ်ကွက်နေ ဒေါက်တာ ၀င်းသူ၊ ကိုမျိုးဟန်၊ ကိုအောင်မျိုးလတ်၊ ဗိုလ်ရာ (ခ) ကိုစိုးရာဇာဖြူ၊ အီးတီ (ခ) ကိုလှမျိုးကျော် တို့ဖြစ်သည်။

အဆိုပါ ဖမ်းဆီးခံရမှုတွင် ဖမ်းဆီးသူ အာဏာပိုင်များဘက်မှ အကြောင်းပြချက် တစုံတရာ ပြောဆိုခြင်းမရှိဘဲ ယနေ့ မနက် (၂) နာရီခွဲခန့်တွင် နေအိမ်များကို ရဲကားများဖြင့် ၀ိုင်းပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

“မနက် (၂) နာရီခွဲလောက်မှာ အိမ်ကို ရဲကား ၆ စီး ၀ိုင်းတယ်။ ရဲက မြင်းခြံကမဟုတ်ဘူး၊ မန္တလေးရဲ။ အိမ်မှာက ဒေါက်တာ ၀င်းသူက မရှိဘူး။ မရှိတော့ မအေဖြစ်သူကို ၀ိုင်းစစ်တာပေါ့။ ပြီးတော့ ဒေါက်တာ ၀င်းသူရဲ့ ယောက်ဖကို ခေါ်သွားတာ။ နောက်မှ ဒေါက်တာ ဝင်းသူက သူ့မိတ်ဆွေတွေ ပါသွားတယ်ကြားလို့ လိုက်သွားတာ။ အားလုံး ၅ ယောက် အဖမ်းခံရတယ်။ တယောက်က ရှောင်နေတယ်လို့ ကြားတယ်။ ဘယ်တယောက်လဲတော့ မသိဘူး” ဟု ဒေါက်တာ ၀င်းသူ မိသားစုဝင်တယောက်က ပြောသည်။

အဆိုပါ ဖမ်းခံရသူ ၅ ဦးသည် ပြီးခဲ့သည့် သြဂုတ်လအတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ဘုရားတက်ဆုတောင်းသည့် လှုပ်ရှားမှုများတွင် တက်ကြွစွာ ပါဝင်ခဲ့သူများဖြစ်သည်ဟု မြင်းခြံမြို့ခံများက ပြောသည်။

ဖမ်းဆီးခဲ့ရသူ ၅ ဦးအား ယနေ့၊ မနက် (၄) နာရီနှင့် (၈)နာရီ နှစ်ကြိမ်ခွဲ၍ မန္တလေးသို့ ပို့ဆောင်ခဲ့သည်ကို မြင်တွေ့လိုက်ရကြောင်း ဒေသခံများက ပြောသည်။

 

copyrights by lovelamp88@gmail.com updated by 26-08-2011

Back to TOP